Latest News

Monday, April 10, 2017

လိုင်စင်မဲ့ကားစီးတဲ့ စခန်းမှူးနဲ့ နယ်ထိန်းအဖမ်းခံရ

လိုင်စင်မဲ့ကားစီးတဲ့ စခန်းမှူးနဲ့ နယ်ထိန်းအဖမ်းခံရ


လိုင်စင်မဲ့မော်တော်ယာဉ်တွေ လက်ဝယ်ထားပြီး စီးနင်းနေတဲ့ ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေ ရဲစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တို့ နှစ်ဦးကို သွင်းကုန်ပို့ကုန် ဥပဒေပုဒ်မ ၈ နဲ့ ဧပြီလ ၈ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ဖမ်းဆီးအရေးယူထားတယ်လို့ တောင်ငူခရိုင် ရဲတပ်ဖွဲ့က သိရပါတယ်။

ညွှန်ကြားချက်အရ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန်းထွန်း ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေ ရဲစခန်းကို ဧပြီ ၈ ရက် မနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ရာ စခန်းစစ်ရေးပြကွင်းဘေးမှာ ရပ်တန့်ထားတဲ့ စခန်းမှူး ရဲအုပ်နိုင်စိုးဦး စီးနင်းနေတဲ့ 2D/4048 ယာဉ်နံပါတ်တပ် Honda Stream အဖြူရောင်ယာဉ်နဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စိုးမြင့်ဦး ဝယ်ယူစီးနင်းနေတဲ့ 5D/1851 နံပါတ်တပ် မတ်တူးအဖြူရောင် ယာဉ်တို့ကိုတွေ့ရှိ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

“အမှုဖွင့်ထားတာက ဟုတ်ပါတယ်။ ကျနော်က ညနေပိုင်းမှ ရောက်လာပြီး စခန်းမှူး တာဝန်ယူရတာပါ။ ပုဒ်မက ဇရပ်ကြီးနယ်မြေရဲစခန်း (ပ)၃၃/၂၀၁၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ နဲ့ အမှုဖွင့်ထားပါတယ်။ သူတို့ကလည်း ဝယ်ယူစီးနင်းတယ်ဆိုတာ ဝန်ခံတယ်လေ၊ အဲ့နေ့ထဲက ဒီမှာအမှုဖွင့်တယ်။ သူတို့ကိုတော့ တောင်ငူမြို့မစခန်းမှာ ချုပ်ထားပါတယ်”လို့ ဇရပ်ကြီးနယ်မြေရဲစခန်းမှူး ရဲအုပ်သောင်းကြည်က ပြောပါတယ်။

အဲဒီကားနှစ်စီးအနက် HONDA STREAM ကားကို ရဲအုပ်နိုင်စိုးဦးက ငွေကျပ်(၁၈)သိန်းနဲ့ ၀ယ်ယူထားတာဖြစ်ပြီး GRADE FOUR MARK –ll ကားကို ဒုရဲအုပ်စိုးမြင့်ဦးက ငွေကျပ်(၁၂)သိန်းနဲ့ ၀ယ်ယူထားတာဖြစ်တယ်လို့သိရပါတယ်။

“ပို့သွင်း ၈ နဲ့ အရေးယူထားတာက တပိုင်းပေါ့နော်။ တပ်ဖွဲ့ဝင်တွေ ဖြစ်နေတာကြောင့် ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူဖို့ရာအတွက် လောလောဆယ် သက်သေခံအကျဉ်းချုပ် ရေးသွင်းတာတွေလုပ်ပြီး စစ်ဆေးနေတယ်”လို့ တောင်ငူမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

Source & Photos : DVB

No comments:

Post a Comment