Latest News

Friday, April 21, 2017

Police INTERPOL ရှေ့မှောက်က ဝရမ်းပြေးအောင်ဝင်းခိုင် လွတ်မြောက်နေဦးမည်လော?

Police INTERPOL ရှေ့မှောက်က ဝရမ်းပြေးအောင်ဝင်းခိုင် လွတ်မြောက်နေဦးမည်လော?


၂၀၁၆ ဇန်နဝါရီ ၂၉ ရက်နေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းရှေ့တွင် ဆရာဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုတွင် ကြီးကြပ်ကြိုးကိုင်ခဲ့သော တရားခံပြေး အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အပူတပြင်း လိုက်လံ စုံစမ်းလျက်ရှိသလို အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ Police INTERPOL ကိုလည်း အကြောင်းကြားထားကြောင်း မကြာသေးမီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအရ သိရှိရသည်။ ထို့ကြောင့် ပြည်တွင်း ပြည်ပ အခုလို ချိတ်ဆက်စုံစမ်းရင်ဖြင့် ထိုတရားခံပြေးအား အမြန်မိနိုင်မည်ဟု တွေးတောမိခဲ့သေးသည်။ သို့ဖြစ်၍ အောက်ဖော်ပြပါ INTERPOL မှ ပုံ၊ အချက်အလက်များအား ဝင်ရောက်လေ့လာမိသည်။

INTERPOL ပြဋ္ဌာန်းချက်-

“ဤ INTERPOL ဝဘ်ဆိုဒ်ရှိ အနီရောင် Notice ပြ တရားခံသည် သက်ဆိုင်ရာ နိုင်ငံအာဏာပိုင် (National Central Bureau) မှ ပေးပို့ အကြောင်းကြား လာသည့် အချက်အလက်များအား ကမ္ဘာ့ပြည်သူများ သိရှိစေဖို့ ဖော်ပြထားခြင်း ဖြစ်သည်” ဟု ထိုဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ထိုပြဋ္ဌာန်းချက်အရဆိုလျှင် ဝဘ်ဆိုဒ်ပါ အောင်ဝင်းခိုင် ပုံ၊ အချက်အလက်သည် မြန်မာ အာဏာပိုင်မျာထံမှ ပေးပို့ထားသည့်အတိုင်း အပြည်ပြည်ဆိုင်ရာ လူထု၊ အာဏာပိုင်များ အတွက် အချက်အလက် မျှဝေထားခြင်းဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဒီနေရာမှာ စာဖတ်ပရိသတ်များ သတိချပ်သင့်သည်က ပုံ(၁) ဝဘ်ဆိုဒ်ပါ အောင်ဝင်းခိုင်ပုံသည် ခန္ဓာကိုယ်တဝက်၊ နောက်ခံအဆောက်အဦပါ၊ ခပ်လှမ်းလှမ်း မျက်နှာ အနည်းငယ်စောင်း အနေအထားမျိုး ဖြစ်နေပြီး တခြားရာဇဝတ်သားပုံများမှာမူ မျက်နှာကို အရှင်းသား မြင်ရခြင်းပင် ဖြစ်သည်။

NTERPOL နှင့် နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှု

ပုံ(၂)တွင် ဖော်ပြထားသည့်အတိုင်း နိုင်ငံအသီသီးရှိ လေယာဉ်ကွင်း၊ နယ်စပ်ဂိတ် လဝကမှ မိမိတို့ကောင်တာရှေ့ရောက် ခရီးသွားအား ဓာတ်ပုံရိုက်၊ ပတ်စ်ပို့ scan ဖတ်ပြီး ထိုအချက်အလက်များကို Facial Recognition Technology Software (FRTS) အသုံးပြု၍ INTERPOL မှ ပုံ အချက်အလက်တို့နှင့် pixel-match လုပ်ကြည့်ခြင်း ဖြစ်သည်။ ပြည်ပသို့ ခရီးသွားဖူးသူတိုင်း ကြုံဖူးပါလိမ့်မည်။ လဝကကောင်တာများတွင် ခပ်နီးနီးရပ်၍ လဝကအရာရှိမှ ခရီးသွား၏မျက်နှာအား clear picture ရိုက်ယူပြီးနောက် ထိုရိုက်ကူးသည့်ပုံ၊ ပတ်စ်ပို့ပါပုံတို့ကို FRTS ပေါ်မှာ run ရင်း ရာဇဝတ်ပြေး ဟုတ်၊ မဟုတ် screen လုပ်ရစမြဲပါ။ ထို့ကြောင့် မိမိတို့ ပတ်စ်ပို့ပါပုံသည် နိုင်ငံတကာစံနှုန်းညီ မရယ်၊ မပြုံး ဆံပင်မဖုံးဘဲ မျက်နှာပုံ ရှင်းလင်းရန် လိုအပ်သည်။

သို့သော် Police INTERPOL website မှာ ဖော်ပြထားတဲ့ အောင်ဝင်းခိုင်ပုံကို ကြည့်လိုက်ရချိန် စိုးရိမ်စရာအချက် ပေါ်လာခဲ့သည်။ အဲဒါက တခြားရာဇဝတ်သားပုံများလို အောင်ဝင်းခိုင်ပုံမှာ မျက်နှာရှင်းရှင်း မြင်ရသည့် အနေအထားမျိုး မဟုတ်သည်ကို သတိထားမိသည်။ ထို့ကြောင့် အကယ်၍များ အောင်ဝင်းခိုင်တယောက် အမှန်တကယ် နိုင်ငံရပ်ခြားမှာဆိုလျှင်ဖြင့် နိုင်ငံခြားလဝကမှာ သူ့အား အနီးကပ်ဓာတ်ပုံရိုက်ပြီး interpol မှ ပုံနှင့် facial match လုပ်ကြည့်မည်ဆိုလျှင် မည်သည့်နည်းနှင့်မျှ match ဖြစ်နိုင်ခြေမရှိဘဲ အလွယ်တကူ လွတ်မြောက်သွားနိုင်သည်။ သူ၏ Biodata (အမည်၊ မွေးသက္ကရာဇ်၊ ပတ်စ်ပို့နံပါတ်) စသည့် INTERPOL ပါ အချက်အလက်များနှင့် match ဖြစ်မှသာ အောင်ဝင်းခိုင်ကို ဖမ်းမိနိုင်ပေမည်။ ဆိုတော့ကာ မိမိအနာဂတ် အေးချမ်းစွာ နေနိုင်ရေး အောင်ဝင်းခိုင်တယောက် ကြံကောင်း ကြံရနိုင်သည်။

အောင်ဝင်းခိုင်၏အနာဂတ်

မိမိကိုလည်း မမိ၊ မိမိ၏ နောက်ဆက်တွဲများလည်း လွတ်မြောက်၊ အနာဂတ်မှာ ပြစ်မှုစုံကို ရှောင်ပြီး ဘဝကို အေးချမ်းစွာ မည်သို့ ဖြတ်သန်းဖို့ အောင်ဝင်းခိုင်တယောက် အကြီးမားဆုံး စဉ်းစားပေလိမ့်မည်။ မြန်မာပြည်တွင်း ဆက်လက်အသက်ရှင်နေထိုင်ဖို့ ဆိုသည်မှာလည်း အနာဂတ်မှာ လွန်စွာခက်ခဲနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သန်း ၅ဝ သော ပြည်သူတို့၏ သန်း ၁ဝဝ သော မျက်လုံးများက သူ့အတွက် ကြီးမားသော အဟန့်အတားပင်။ အချိန်မရွေး မိမိအား ရိပ်မိ၊ ဖမ်းမိနိုင်သည်။ အချိနှ် ရှည်ကြာသွားသော်လည်း မိမိ၏ ရာဇဝတ်မှုကြီး ပျောက်ကွယ်သွားမည် မဟုတ်။ အာဂကိုနေဝင်းလို စိတ်ဓာတ်ရှိ တာဝန်သိ ပြည်သူတယောက်နှင့်သာ လမ်းမှာ မတော်တဆ တွေ့လိုက်ရင်ဖြင့် ကွင်းဆက်အားလုံး မီးခိုးကြွက်လျှောက်မိနိုင်သဖြင့် ပြည်တွင်းမှ လတ်တလော ရှောင်နေရန်သည် အကောင်းဆုံးနည်းလမ်း ဖြစ်ပေမည်ဟု သူ စဉ်းစားခဲ့နိုင်သည်။

နိုင်ငံခြားတွင် Biodat ပြောင်း ခြေရာဖျောက်နိုင်

ဒါဆို နိုင်ငံခြားမှာ ခေတ္တသွားရှောင်တိမ်းမည်လော။ နေပြည်တော်တွင် သူ ခြေရာဖျောက်သွားသည်ဆိုတော့ နေပြည်တော်လေယာဉ်ကွင်းမှ ထွက်လျှင် (၁) မြန်မာပြည် လေယဉ်ကွင်းအာဏာပိုင်များတွင် မှတ်တမ်းရှိရမည်။ သွားနိုင်ခြေရှိသည့် destination များမှာလည်း သိပ်မများလှ (နေပြည်တော်-ကူမင်း၊ ဘန်ကောက်၊ ကွာလာလမ်ပူ….)တို့သာ။

နယ်စပ်မှ ထွက်သွားမည်ဆိုလျှင်လည်း (ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း) တို့သာ ရှိသလို တရားဝင်ထွက်သွားပါက နယ်စပ်အာဏာပိုင်များတွင် မှတ်တမ်းရှိရမည်။ နယ်စပ်မှ ခိုးထွက်ပြီး နိုင်ငံခြားတွင် ပုန်းအောင်းမည်ဆိုပါက လက်ရှိ Biodata နှင့် ရေရှည်ပုန်းအောင်နေရန် မဖြစ်နိုင်။

ဤနေရာတွင် အရေးကြီးဆုံး နှစ်ချက်က INTERPOL မှ (၁) ဓာတ်ပုံနှင့် (၂) အချက်အလက်များသာ။ သို့သော် INTERPOL မှ သူ၏ လက်ရှိဓာတ်ပုံကို သုံးနေသ၍ နိုင်ငံတကာ လဝက၊ ရဲများ ဖမ်းမည့်အခြေအနေက လွတ်မြောက်နိုင်ရန် အလားအလာ ရှိသည်။ အရေးကြီးသည်က သူ၏ Biodata ကိုပါ ပြောင်းနိုင်မှသာ ပြည်တွင်း၊ ပြည်ပမှာ နထိုင်စဉ် အနာဂတ် အေးချမ်းမည်ဟု စဉ်းစားနိုင်ခြေရှိသည်။

ထိုသို့ဆိုလျှင် သူ၏ Biodata (အမည်၊ မွေးသက္ကရာဇ်၊…)ကို မည်သို့ ပြောင်းလဲမည်နည်း။ မိမိအား ခိုလှုံခွင့်ပေးမည့် နိုင်ငံတနိုင်ငံတွင် မိမိ၏ Biodata  အတုဖန်တီး (ဆိုလိုသည်က- အမည်၊ မွေးသက္ကရာဇ်..အကုန်ပြောင်းလဲပြီး) ထိုနိုင်ငံတွင် ခိုလှုံ၊ ဘဝသစ်ကိုစ၊ Residency Status ရ၊ အချိန်အတိုင်းအတာတခုအကြာ ထိုနိုင်ငံ၏ နိုင်ငံသားဖြစ်ပြီး အောင်ဝင်းခိုင်ဆိုသည့် အမည်နှင့် အတိတ်ကို မြေမြှုပ်၊ ထိုနိုင်ငံသား ပတ်စ်ပို့နှင့် ကမ္ဘာပတ်သည်ဖြစ်စေ၊ မြန်မာနိုင်ငံတွင် ပြန်လာနေထိုင်သည်ဖြစ်စေ ပြည်တွင်း ပြည်ပ မည်သည့်နိုင်ငံကမျှ မိမိအား ဖမ်းမိနိုင်တော့မည် မဟုတ်သည့်အပြင်  မိမိ၏ တခြား ကြံရာပါများလည်း အမှုမှ ကွင်းဆက်ပြတ်သွားနိုင်မည်။ တဆက်တည်းမှာပဲ အေးချမ်းသော ဘဝကို သူ ဖန်တီးနိုင်မည်ဟု အောင်ဝင်းခိုင်တယောက် ကြံကောင်းကြံစည်ပေလိမ့်မည်။

ဒီနေရာမှာ စဉ်းစားစရာပဟေဠိ ဖြစ်လာတာက- အထက်က သုံးသပ်ပြခဲ့သလိုမျိုးသာ အောင်ဝင်းခိုင်မှ သူ၏ Biodata တွေဖြုတ်၊ ဘဝကို ဇာတ်မြှုပ်ကာ အမည်သစ် လူသစ်အသွင်နှင့် ပြည်ပနိုင်ငံတခုခုမှာ ခိုလှုံဖို့ ကြိုးစားမည်ဆိုလျှင် မည်သည့်နိုင်ငံမျိုးကို သူ သွားပြီးခိုလှုံရန် ကြိုးစားနိုင်မည်နည်း၊ တပ်မတော်အရာရှိဟောင်းတဦး ဖြစ်ခဲ့ဖူးတဲ့ သူ့အတွက် မည်သည့်နိုင်ငံမျိုးက သူ့ကို ခိုလှုံခွင့် ပေးနိုင်မည်နည်း။ အကယ်၍ ထိုသို့ ခြေရာဖျောက်ရန် ကြံစည်ဆောင်ရွက်ခဲ့ပါမူ အနာဂတ်မှာ ရာဇဝတ်ပြေး အောင်ဝင်းခိုင်ကို တရားဥပဒေ အဆုံးအမခံယူနိုင်ရန် မည်သို့မည်ပုံ ကြိုစားကြမည်နည်း။ တရားခံ ဖမ်းမိနိုင်ရေးတွင် အရေးပါသည့် အောင်ဝင်းခိုင်၏ မျက်နှာ ရှင်းရှင်းလင်းလင်း passport size photo ကို ပြည်တွင်း ပြည်ပ ရဲဌာန၊ အေဂျင်စီများသို့ ထပ်မံပေးပို့ထားခြင်းမျိုး သက်ဆိုင်ရာမှ အလျင်မီ ဆောင်ရွက်သင့်ပါသလော။ စသည်တို့ကို စာဖတ် ပရိသတ်များ ဆက်လက် စဉ်းစားသုံးသပ်သင့်ပါကြောင်း။

ဒေါက်တာ သိန်းမိုးဝင်း(DVB)

No comments:

Post a Comment