Latest News

Wednesday, April 26, 2017

ကျူးကျော်များအတွက် အိမ်ရာစီမံကိန်းတွင် ကျပ် ၆၄ ဘီလီယံ ရင်းနှီးမည်ဟု ဦးဖြိုးမင်းသိန်း ပြောကြား

ကျူးကျော်များအတွက် အိမ်ရာစီမံကိန်းတွင် ကျပ် ၆၄ ဘီလီယံ ရင်းနှီးမည်ဟု ဦးဖြိုးမင်းသိန်း ပြောကြား


ကျူးကျော်များကို နှစ်ရှည်အရစ် ကျစနစ်ဖြင့် ရောင်းချမည့် အိမ်ရာတည်ဆောက်ရေးစီမံကိန်းများတွင် ရန်ကုန်တိုင်းအစိုးရက ကျပ် ၆၄ ဘီလီယံ ထည့်ဝင်ရင်းနှီးမြှုပ်နှံမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

တိုင်းဒေသကြီး အစိုးရက ထည့်ဝင်မည့် ရင်းနှီးမြှုပ်နှံငွေကို ယခင်ဘဏ္ဍာနှစ် ဖြည့်စွက်ဘတ် ဂျက်တွင် ပြည်ထောင်စုအစိုးရထံ မှ ရရှိထားခြင်းဖြစ်သည်ဟု ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင် များငါးကြိမ်မြောက် တွေ့ဆုံပွဲ၌ဝန်ကြီးချုပ်က ပြောကြားသည်။

ကျူးကျော်နေထိုင်သူများသည် အိမ်ရာများကို ငွေအပြည့်ပေးချေ ဝယ်ယူနိုင်ခြေမရှိခြင်းကြောင့် နှစ် ၃၀ အရစ်ကျပေးချေသည့်စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေသည်ဟု ဆိုသည်။

‘‘ဧပြီလကုန်ပိုင်းလောက်ကနေ စတင်ပြီးတော့ တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ပါမယ်’’ ဟု ၀န်ကြီးချုပ်က ပြောသည်။ ရန်ကုန်တိုင်းတွင် အိမ်ရာလိုအပ်ချက် ကြီးမားခြင်းကြောင့် အစိုးရက ကျူးကျော်များအား အိမ်ရာများ စီစဉ်ပေးမည်ဆိုသော်လည်း ပုဂ္ဂလိက တိုက်ခန်းဈေးကွက်ကို ထိခိုက်နိုင်မှုမရှိနိုင်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

ကျူးကျော်များကို အစိုးရက ရောင်းချပေးမည့် အိမ်ရာစီမံကိန်းများသည် ယခင် ကျန်စစ်သား၊ ယုဇနအိမ်ရာများကဲ့သို့ ပြန်လည် ရောင်းချခွင့်၊ ငှားရမ်းခွင့်  မရှိ ခြင်းကြောင့် တိုက်ခန်းဈေးကွက်ကို ထိခိုက်နိုင်ခြေမရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းရှိ ခရိုင်လေးခုတွင်ခန့်မှန်းခြေအားဖြင့် ကျူးကျော်နေထိုင်သူ အိမ်ခြေ ၁၁၇,၇၀၉ လုံး၊ ကျူးကျော်အိမ်ထောင်စု ၁၁၆,၉၀၅ စုနှင့် ကျူးကျော်နေထိုင်သူ ၄၄၁,၆၄၆ ဦးရှိကြောင်း ဧပြီ ၅ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး၌ ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောကြားထားသည်။

7Day News Journal

No comments:

Post a Comment