ငြိမ်းချမ်းရေးဗိသုကာ
(၁)
ကမ္ဘာကြီးတွင် စစ်ခြိမ်းသံများ ထွက်ပေါ်နေသည်။ အဖေကိုဆက်ခံပြီး အာဏာရလာသူက သူလုပ်ချင်ရာကို လာတားလျှင်ခံမှာမဟုတ်၊ တုံ့ပြန်ပစ်မည်တကဲကဲ လက်နက်အားကိုးဖြင့် မာန်စွယ်ပြနေပါသည်။
ဦးလေးတော်သူကို အကြောင်းရှာကွပ်မျက်။ သွေးတစ်ဝက်နောင်တော်ကိုလည်း သူပဲလုပ်ကြံခိုင်းတာဟု ကောလာဟလထွက်တာပဲ၊ အာဏာမာန်တက် ရက်စက်တာဖြစ်နိုင်သည်။
သူ့စစ်တပ်အင်အားပြ ချီတက်မှုက ဘယ်ညာ..ဘယ်ညာ စစ်ဖိနပ်ခြေချသံမှာ မြေပြိုဘနန်း...။ ဘင်ခရာသံက စည်းချက်လိုက်သလိုရှိမည်။ ဧရာမဒုံးကျည်လက်နက် တင်ဆောင်လာသော စစ်ယာဉ်များ...။ ဒုံ ကျည်များ ပစ်ခတ်စမ်းသပ်မှုကလည်း အကြိမ်ကြိမ်ရှိနေပြီ။
သည်အခါ အနောက်ကမ္ဘာခြမ်းမှ ထိပ်သီးအင်အားကြီးနိုင်ငံမှ သမ္မတအသစ်စက်စက်ကလည်း အပြောရမ်းရမ်း ခပ်ကြမ်းကြမ်း တက်လာတော့၊ တစ်နိုင်ငံတည်း နှစ်ပိုင်းကွဲမှ မြောက်သားတို့ကို စိနဆရာကြီးတို့ ထိန်းပေးလျှင်ထိန်း၊ မထိန်းပေးလျှင် ကိုယ်တို့တစ်နိုင်ငံတည်းကပဲ ကိုင်တွယ်ပစ်မှာဟု သူ၏မဟာမိတ်များအတွက် အားတင်းနိုင်အောင် ဆိုနေသည်။ ရက်ပိုင်းတုန်းကပဲ ဓာတုလက်နက်သုံးပြီး တိုက်ခိုက်သည့် နိုင်ငံကို ဧရာမဗုံးကြီး သွားကြဲချခဲ့ပြီးပြီ။
သမုဒ္ဒရာပင်လယ်ပြင်ပေါ် လေယာဉ်တင် သင်္ဘောကြီးနှင့် စစ်သင်္ဘောတွေပေါ်လာသည်။ လေယာဉ်တွေ တစ်စင်းပြီးတစ်စင်း ကောင်းကင်သို့ ထိုးထိုးတက်သွားသည်။ ရုပ်မြင်ကင်မရာ ရှုထောင့်မှာကြည့်၍ ကောင်းသေးတော့သည်။ စိတ်ထဲခံစားချက်ကတော့ မကောင်းမှန်းသိနေပါသည်။
ကုလသမဂ္ဂအဖွဲ့ကြီး ဘာကြောင့်ဖွဲ့စည်းရ ပေါ်ပေါက်ရသည်ကို သတိရကြစရာ ဖြစ်သင့်သည်။ အဖွဲ့ကြီး၏ ရည်ရွယ်ချက် ပဋိညာဉ်ကို ၀န်ခံလက်မှတ်ထိုးခဲ့ကြသည့် နိုင်ငံများ တကယ်ဝန်ခံကြတာ ဟုတ်ရဲ့လား။ ကုလအဖွဲ့ကြီးတွင် ဘာတွေခက်ခဲနက်နဲ ရှုပ်ထွေးနေပါလိမ့်။ ကမ္ဘာ့လူမျိုးပေါင်းစုံ ရိုးသားသည့် လူသားထုက စဉ်းစားမိမည်ထင်ပါသည်။
အဖွဲ့ကြီးနှင့် ပဋိညာဉ်ကို လေးစားလိုက်နာကြမည်ဆိုလျှင်...စစ်မဖြစ်အောင်နေကြမည်။ စစ်လက်နက်တွေ ထုတ်လုပ်ခြင်း ရောင်းချခြင်းမပြုခဲ့ဘဲ နေကြမည်ပေါ့။ စစ်ခြိမ်းသံတွေလည်း ထွက်ပေါ်မှာမဟုတ်။ ယခုတော့ ထိုသို့မဟုတ်မှန်း သေချာနေပါသည်။
ကမ္ဘာကြီးမှာ ငါတို့လူမျိုး၊ ငါတို့ဘာသာ၊ ငါတို့နိုင်ငံထူထောင်မည်ဆိုပြီး အကြမ်းဖက် ရက်စက်မှုကလည်း အနှံ့အပြားနှင့် အတောမသတ်အောင်ပင်။ သေလိုက်ကြသည့်လူတွေ။ ကလေးနှင့် ခွေးတွေလည်းမကျန်။ အနှစ်နှစ်အလလ တည်ဆောက်ခဲ့ရသောမြို့လည်း အုတ်ခဲပုံဖြစ်နေပြီ။ အပစ်ရပ်စဲခိုက် အုတ်ပုံကြားဆော့ကစားရရှာသည့် ကလေးသူငယ်များ။
စစ်လက်နက်အားကိုးဖြင့် မာန်တက်ကာ စစ်ခြိမ်းသူ...၊ တိုက်ပွဲဆင်နွှဲပစ်လိုက်သူ ...၊ နည်းမျိုးစုံဖြင့် သေကြစမ်းပါစေဟု အကြမ်းဖက်သူ...၊ သူတို့သည် ကမ္ဘာကြီးနှင့် ကုလသမဂ္ဂအဖွဲ့ကြီးကို မျက်နှာအိုးမည်း သုတ်နေသူများဟု ပြောရမှာဖြစ်သည်။ ထိုအဖွဲ့ကြီးကလည်း အိုးမည်းအသုတ် ခံနေလေသလားဟု ဆက်ပြောချင်သည်။ တကယ်ပဲ အသုတ်ခံသည်ဆိုလျှင်တော့ မလျော်သြဇာရှိလို့သာဟု ဆိုရတော့မည်။ သည်အဖွဲ့ကြီးမှာလည်း လူတွေနှင့်... လူမျိုးတွေနှင့် ဆိုတော့ကာ မလျော်သြဇာမရှိဘူးဟု အသေအချာပြောနိုင်မည် မဟုတ်ပါ။
ခံစားစိတ်နောက်ကိုယ်ပါ ဤသို့ဆိုမိတော့ ဆရာကြီးဦးသန့်ကို အားနာဖွယ်ဖြစ်ရပါသည်။
သို့သော် ဆိုင်တော့မဆိုင်ပါ။ ခေတ်ကာလနှင့် လူတွေကပြောင်းလဲခဲ့ပါပြီ။ မပြောင်းလဲသောအချက်ကမူ ဆရာကြီးဦးသန့်ကို လေးစားဂုဏ်ယူမြဲသည် မြန်မာတစ်ပြည်လုံးမှာ သာမက ကမ္ဘာမှာလည်း ရှိနေဦးမည် ဖြစ်ပါသည်။ အမျိုးသား ကျောင်းဆရာတစ်ဦးဖြစ်ခဲ့သော ဆရာကြီးဦးသန့်သည် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာတစ်ဦးအဖြစ်သို့ တက်လှမ်းရောက်ရှိခဲ့သူပါ။
(၂)
ဆရာကြီးဦးသန့်သည် ပန်းတနော်မြို့ အမျိုးသားကျောင်း အထက်တန်းပြဆရာ၊ အထက်တန်းကျောင်းအုပ်၊ ပြန်ကြားရေးဌာန သတင်းစာ ဒုတိယညွှန်ကြားရေးဝန်၊ ပြန်ကြားရေးဌာန ဒုတိယအတွင်းဝန်နှင့် အသံလွှင့်ဌာန ညွှန်ကြားရေးဝန်၊ ပြန်ကြားဌာန အတွင်းဝန်၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ အတွင်းဝန်၊ စီးပွားရေးနှင့် လူမှုဖူလုံရေးဘုတ်အဖွဲ့ အတွင်းဝန်၊ ထို့နောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း ကိုယ်စားလှယ် သံအမတ်။ ထို့နောက် အမြင့်ဆုံးရာထူးဖြစ်သော အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရသည်။ ပထမငါးနှစ်သက်တမ်းနှင့် ဒုတိယငါးနှစ်သက်တမ်းမှာပါ ဆက်လက် ရွေးချယ်ခံရပါသည်။
ဆရာကြီး၏ ဘ၀တစ်လျှောက်တွင် ခေတ်အခါအရ အုပ်ချုပ်ရေး၊ ပညာရေးစီမံကိန်းသစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဖူလုံရေးဆိုင်ရာ၊ စာပေအသင်း၊ သုတေသနအသင်း၊ ဒီမိုကရေစီပြန့်ပွားရေး၊ ရုပ်ရှင်အနုပညာ အစရှိသည့် အဖွဲ့အစည်းများတွင် ပါဝင်သယ်ပိုး ဆောင်ရွက်ခဲ့သည်။ ဆောင်ရွက်သမျှ အမျိုးသားကျောင်းဆရာစိတ် အခြေခံကာ ဆောင်ရွက်ခဲ့သည်ဟုသာ မှတ်ယူနေမိပါသည်။
၁၉၄၂ ခုနှစ် အောင်တိုဘာလ နောက်ဆုံးပတ်မှ နိုဝင်ဘာလဆန်းအထိ၊ ရန်ကုန်မြို့ ပြည်တော်စည်ပင်ရေး ရုံးခန်းမကြီး၌ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် ခေတ်သစ်ပညာ သင်တန်းပိုချရာ ဆရာကြီးလည်း ဟောပြောပို့ချခဲ့သည်။
“သင်ကြားမည့်ဆရာသည် ကျောင်းသားများ နမူနာယူနိုင်လောက်အောင် အကျင့်စာရိတ္တကောင်းရမည်။ သန့်ရှင်းစွာနေရမည်။ သာယာချေငံသောစကားကို ဆိုတတ်ရမည်”။
ကျောင်းဆရာသည် စာရိတ္တကောင်းဖို့ အရေးကြီးကြောင်း ထည့်ပြောခဲ့သော စကားတစ်ခွန်းဖြစ်သည်။
“ရိုးသားဖြောင့်မတ်မှုကို စာတွေ့သင်ကြားခြင်းထက် လက်တွေ့ဖြင့် သင်ကြားခြင်းက များစွာပိုမိုထိရောက်၏။ ဆရာသည် မိမိရိုးသားဖြောင့်မတ်ကြောင်းကိုလည်း တပည့်များအား နည်းအမျိုးမျိုးဖြင့် အသိပေးရမည်။” ဆရာကြီးရေးသားခဲ့သော ‘စာသင်ကျောင်းနှင့် စာရိတ္တမဏ္ဍိုင်’ ဆောင်းပါးမှ မှတ်သားရခြင်း ဖြစ်ပါသည်။ ‘ဗမာသစ်နှင့် ပညာသစ်’ ဆောင်းပါးမှ ‘မည်သို့ပင် ပညာရေးစနစ်သည် ကောင်းစေကာမူ ဆရာမကောင်းလျှင် မအောင်မြင်နိုင်’ ဆိုသောစကားမှာ ခေတ်မီနေဆဲ ဖြစ်ပါသည်။
“ဆရာသည် မျိုးချစ်စိတ်ထက်သန်ရမည်။ ပြည်ရေးပြည်ရာ သင်ကြားခြင်း၏ အရေးကြီးသော ရည်ရွယ်ချက်တစ်ခုမှာ မျိုးချစ်စိတ် ထက်သန်စေရန်ဖြစ်၏။ မျိုးချစ်စိတ်ရှိသော ဆရာသည်သာလျှင် သင်ကြားပို့ချက်သော ကလေးများအား မျိုးချစ်စိတ်ဓာတ် သွင်းပေးနိုင်ပေမည်။”
ပြည်ရေးပြည်ရာ ဆိုသည်မှာ ‘ပြည်သူ့နီတိ’ ပင်ဖြစ်ပါသည်။ ပြည်သူ့နီတိဆိုသည်မှာ ဒီမိုကရေစီနိုင်ငံနှင့် နိုင်ငံသားတို့၏ အဆင့်စံမီမီ ကျင့်ဆောင်ရန် လမ်းညွှန်ဖြစ်ပါသည်။
ဆိုခဲ့သော ခေတ်သစ်ပညာသင်တန်းတွင် မူလတန်း၊ အထက်တန်း ကျောင်းသားကျောင်းသူကလေးများနှင့် ပြည်ရေးပြည်ရာ သင်ကြားနည်းသင်ကြားပေးခဲ့ပုံမှာ ယခုကဲ့သို့ဖြစ်ပါသည်။
“မောင်ခွေး မင်းပုလိပ်မြင်ဖူးလား” (ထိုစဉ်က ရဲကိုပုလိပ်ဟု)
“ဟုတ်ကဲ့ ကျွန်တော်မြင်ဖူးတယ် ဆရာ”
“ကိုင်း၊ ပုလိပ်ကို တစ်ခါမျှမမြင်ဖူးတဲ့ သူရှိရင် မတ်တက်ထ”
(မည်သူမျှမထ)
“ဟုတ်ပြီ၊ မင်းတို့အားလုံး ပုလိပ်ကိုမြင်ဖူးတယ်နော်။ မောင်ခွေး၊ ပုလိပ်ဟာဘယ်လို အ၀တ်အစားဝတ်သလဲ။ ဆရာ့လို ခေါင်းပေါင်းနဲ့၊ ပုဆိုးနဲ့၊ ပိန်းတန်းဖိနပ်နဲ့လား”
“မဟုတ်ဘူးဆရာ၊ ဦးထုပ်နဲ့ ဘောင်းဘီကြီးနဲ့ ဘွတ်ဖိနပ်နဲ့”
“ကောင်းပြီ၊ ဘာဖြစ်လို့ ဒီလိုဝတ်ဆင်ထားရသလဲ”
“ပြေးဖို့လွှားဖို့ လွယ်အောင်လို့ဆရာ”
“အေး၊ ဘာဖြစ်လို့ ပုလိပ်ဟာ ပြေးဖို့လွှားဖို့ လွယ်ဖို့လိုသလဲ”
“သူခိုးတွေဘာတွေ ဖမ်းတဲ့အခါ၊ သူခိုးကပြေးရင် ပုလိပ်က အတင်းနောက်ကနေပြီး လိုက်ရမှာပေါ့ဆရာ”
“ဒါဖြင့် ပုလိပ်ဟာ လူကောင်းလား၊ လူဆိုးလား”
“လူကောင်းပါ ဆရာ”
“ပုလိပ်မရှိရင် ဘယ့်နှယ်နေမလဲ”
“ပုလိပ်မရှိရင် လူဆိုးတွေသိပ်များမှာပေါ့ ဆရာ၊ ဘယ်သူမှ ကောင်းကောင်းနေရမှာ မဟုတ်ဘူး”
သင်ကြားပေးမှုသည် မောင်ခွေးတို့လို မူလတန်းကျောင်းသားကလေးများကို သာမက သင်ကြားမှုဖြစ်နေသည်ဟု ခံယူမိပါသည်။
ဆရာကြီးဦးသန့်သည် ၀ဏ္ဏကျော်ထင်ဘွဲ့ (၁၉၄၉)၊ သီရိပျံချီဘွဲ့ (၁၉၅၃)၊ စည်သူဘွဲ့ (၁၉၅၇)၊ မဟာသရေစည်သူ (၁၉၆၀)၊ မာရှယ်တီးတိုး၏ ယူဂိုဇလပ်တံခွန်ဘွဲ့ (၁၉၅၅) တို့ချီးမြှင့်ခံခဲ့ရသည်။
ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်ကြီးများ အသီးသီးကလည်း “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (အယ်လ်အယ်လ်ဒီ) (၃၅) ဘွဲ့ချီးမြှင့်ပေးအပ်ခဲ့သည်။ အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ်ကလည်း အလားတူ Doctor of Laws (L.L.D) honoris Causa ကိုအထူးဘွဲ့နှင်းသဘင်ဖြင့် ချီးမြှင့်ခဲ့သည်။ ထိုတက္ကသိုလ်မှ ဒုတိယအဓိပတိဖြစ်သည့် ပါမောက္ခဘီ၊ အဲန်ဂန်ဂူလီက ဦးသန့်အား ဘွဲ့ကိုချီးမြှင့်သင့်ကြောင်းပါ မောက္ခချုပ်နှင့် သုခမိန်အဖွဲ့သို့တင်ပြရာတွင် အောက်ပါစကားများ ပါဝင်ခဲ့ပါသည်။
“..., a great citizen of the world, a worthy Asian who, in his life and conduct, represents the heritage of the Buddhist way of life, and, above all, a great teacher who has brought a fresh breath of inspiration, illumination and understanding into the closed, tortuous corridors of international diplomacy”
ဆရာကြီးအား တကယ့်ကမ္ဘာသားကြီး၊ အဖိုးတန် အာရှသားကြီးဟုဆိုခဲ့သည်။ ဆရာကြီးသည် မည်ကဲ့သို့ ဘ၀နေနည်းပြုခဲ့ပြီး တကယ့်မဟာဆရာတစ်ယောက်က နိုင်ငံတကာ ကမ္ဘာသို့ သယ်ဆောင်ပေးလာမှုများသည် ပိတ်ဆို့ကွေ့ကောက်နေသည့် သံတမန်စင်္ကြံတွင် အသိပွင့်လင်းနားလည်မှုတို့နှင့် အသက်ကို လန်းဆန်းလတ်ဆတ်စွာ ရှူရှိုက်ခဲ့ကြရသည်ဟု အစချီပါသည်။
‘U Thant belongs the world - he is himself a bridge between the East and the West’
တစ်နေရာတွင် ဤကဲ့သို့ဆိုခဲ့သည်။ ကမ္ဘာကြီးကို ဆရာကြီး ပိုင်ဆိုင်ခြင်းသည် အရှေ့နှင့်အနောက်တို့ကို သူ့ကိုယ်သူတံတားအဖြစ် ထိုးထားလို့ပါဟု ဆိုခြင်းဖြစ်သည်။
ပါမောက္ခဂန်ဂူလီသည် ဆရာကြီးဦးသန့်ကို ကျောင်းအုပ်ဟောင်းတစ်ဦး ရုပ်ပုံလွှာ၊ ဆရာတစ်ယောက်အသွင်နှင့် ကျောင်းဆရာတစ်ဦး ပုံဟန်တို့ဖြင့် ရှုမြင်ဂုဏ်တင်ခဲ့သေးသည်။
‘A former headmaster, he reduces complex issues to simple terms and tries to speak for the ear of the common man’
ဒါက ကျောင်းအုပ်ဟောင်း တစ်ဦးအဖြစ်ဖြစ်သည်။ ဆရာကြီးက ထွေးရောယှက်တင် ရှုပ်ထွေးတာတွေကို ရိုးရှင်းအောင် ဖြေလျှော့ရှင်း၍ သာမန်အရပ်သား နားသို့ဝင်အောင် ပြောဆိုနိုင်သူ။
‘Like a teacher, he utilises the prestige of his high office to improve the moral climate of the world’
ဆရာတစ်ယောက် အသွင်ဖြင့်တော့ အဆင့်မြင့်ပါပြီ။ အတွင်းရေးမှူးချုပ်၏ရုံးကို ကမ္ဘာ့အကျင့်စာရိတ္တဆိုင်ရာ တိုးတက်ကောင်းမွန်ဖို့ အတွက်သာ ဂုဏ်ဒြပ်ရှိစေခဲ့သည်။ ထိုးခဲ့သည်ဟု ဆိုပါသည်။
‘Like a school-master, again, the never tolerates deceit’ ကျောင်းဆရာသည် လိမ်ညာမှုကို သည်းမခံ။
အိန္ဒိယတက္ကသိုလ်သည် ဆရာကြီးဦးသန့်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်သင့်ကြောင်းတွင် ဦးသန့်သည် ဗုဒ္ဓ၀ါဒီပီပီ ကိုယ်ချင်းစာနာ နားလည်မှု၊ စိတ်လှုပ်ရှား ခံစားမှုများကို သိမ်းဆည်းစောင့်စည်းနိုင်မှုများကို အထူးလေးစား တန်ဖိုးထားခဲ့ပါသည်။ ဒုတိယအဓိပတိပါမောက္ခ၏ တင်ပြလွှာနိဂုံးအချုပ်မှ စကားတစ်ခွန်းမှာ နှစ်လိုစရာ အလင်္ကာလည်းမြောက်သည်ဟု ခံစားမိပါသည်။
‘U Thant is a United Nation Soldier with the mission of the world peace’
ဦးသန့်သည် ကမ္ဘာ့ငြိမ်ချမ်းရေးအတွက် ကုလသမဂ္ဂ စစ်သည်တစ်ဦးပါတဲ့။ စစ်ဆင်တိုက်ခိုက် ပစ်ခတ်သတ်ဖြတ်သူဟု ဆိုခြင်းမဟုတ်ပါ။ ဤသို့ အမျိုးသား ကျောင်းဆရာကြီးဟောင်း ဆရာကြီးဦးသန့် (၁၉၀၉-၁၉၇၄) သည်ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာတစ်ဦးအဖြစ် ကမ္ဘာကလေးစားဂုဏ်ယူခဲ့ကြသည်။ မြန်မာကလည်း လေးစားဂုဏ်ယူလျက်ပင် ရှိပါသည်။ ငြိမ်းချမ်းရေး တာဝန်အတွက် စစ်သည်...။
(၃)
ကမ္ဘာကြီးတွင် စစ်ခြိမ်းသံများ ပေါ်ထွက်နေသည်။ ဒုံးကျည်ဖြင့်သာမက နျူကလီးယားနှင့်ပါ နှိပ်လိုက်မည် တကဲကဲဖြစ်နေသည်။
စစ်ခြိမ်းနေကြသည့် နိုင်ငံများသည် လက်နက်ဆန်းများအစုံနှင့် လူများနှင့်ဖြစ်ကြပါသည်။
ကမ္ဘာတွင် စစ်ဘေးရှောင်လူများ၊ ရွှေ့ပြောင်းလူများနှင့် တသောသော ရှိနေပါသည်။ အကြမ်းဖက် ဗုံးဖောက်ခွဲသံများက ညံထွက်နေသလို မီးခိုးလုံးမည်းမည်းများက ကောင်းကင်တိမ်ထုကို ညို့မှိုင်းညစ်နွမ်း စေလျက်ရှိတော့သည်။
ကမ္ဘာတွင် ငြိမ်းချမ်းရေးဗိသုကာ လိုအပ်နေပါပြီ။ ကျွန်တော်တို့ မြန်မာပြည်တွင်လည်း အပစ်အခတ်ရပ်စဲကြပြီး ဖက်ဒရယ်လက်တွဲကြဖို့ ‘ငြိမ်းချမ်းရေးစိန်ခေါ်’ လျက်ရှိပါပြီ။ ထိုစိန်ခေါ်မှုကို အပြေအလည် ဆွေးနွေးဖြေရှင်း လက်တွဲလိုက်ကြပြီဆိုပါလျှင် ယနေ့ကြိုးပမ်း ဆွေးနွေးနေကြသည့် သူများအားလုံးသည် မြန်မာ့ငြိမ်းချမ်းရေး ဗိသုကာများဟု မြန်မာတိုင်းရင်းသား ပြည်သူလူထုအားလုံးက မော်ကွန်းဖိုးကြပါလိမ့်မည်။
ကမ္ဘာမှာရော မြန်မာမှာပါ ငြိမ်းချမ်းရေး ဗိသုကာများအား အလိုရှိနေပါသည်။
စာကိုး-
■ ‘မြတ်ဆရာ’ ပညာရေးစာစုများစာစောင် (ပညာတန်ဆောင်တိုက်)
■ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် (၁၉၀၉-၁၉၇၄) မောင်ဇေယျာစီစဉ်။
ပဉ္စဂံစာအုပ်တိုက်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment