Latest News

Wednesday, April 26, 2017

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ရဲချုပ်ဇော်ဝင်း၏နှုတ်ဆက်အမှာစကား

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ရဲချုပ်ဇော်ဝင်း၏နှုတ်ဆက်အမှာစကား

ချစ်ခင်လေးစားရပါသောမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သ အပ်ပါတယ်။
ကျွန်တော်ဟာမြန်မာနိုင်ငံရဲတပ်ဖွဲ့ကို(၂၀၀၄)ခုနှစ်မှာ တပ်မတော် ကနေပြောင်းရွှေ့လာခဲ့ပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဒုတိယရဲချုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။ (၁၄-၁၀-၂၀၀၄) ရက်နေ့မှ (၂၄-၇-၂၀၁၃) ရက်နေ့အထိ ဒုတိယရဲချုပ်တာဝန်များကိုထမ်းဆောင်ခဲ့ပြီး၊ (၂၅-၇-၂၀၁၃) ရက်နေ့ကစပြီး (၃၀-၄-၂၀၁၇)ရက်နေ့အထိ ရဲချုပ်တာဝန်များကိုထမ်းဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ (၁၃)နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွင်းမှာ တိုင်းပြည်တာဝန်များကို တတ်စွမ်းသမျှ အတူလက်တွဲ ထမ်းဆောင်ပေးခဲ့ကြတဲ့ တပ်ဖွဲ့ဝင်အဆင့်ဆင့်အားလုံးကို အထူးပင်ကျေးဇူးတင်ကြောင်း ဦးစွာပထမ ပြောကြား လိုပါတယ်။

တာဝန်ထမ်းဆောင်တဲ့ကာလအတွင်းမှာ ဆောင်ရွက်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် အတိုင်းအတာ ဘောင်အတွင်းကနေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဂုဏ်သိက္ခာနဲ့အညီရပ်တည်နိုင်တဲ့ တပ်ဖွဲ့တစ်ခု ဖြစ်အောင်၊ ရဲလုပ်ငန်းစွမ်းရည်မြင့်မားတဲ့ တပ်ဖွဲ့ဝင်တွေဖြစ်လာအောင် ကြိုးစားဆောင်ရွက် အကောင်အထည်ဖော်ပေးခဲ့ပါတယ်။

သို့သော် ရဲတပ်ဖွဲ့တစ်ခုပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဆိုတာ ဘယ်တော့မှ ပြီးဆုံးတယ် ဆိုတာမရှိနိုင်ဘူး။ ဒါကြောင့်မိမိတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အားနည်းချက်/ အားသာချက် တွေကို Review လုပ်ပြီးပြန်လည်သုံးသပ်၊ တွေ့ရှိတဲ့အားနည်းချက်တွေကိုပြုပြင်၊ အားသာချက်တွေကို တပ်ဖွဲ့အတွက်အသုံးချပြီးတပ်ဖွဲ့တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာဖြစ်တယ်။

တပ်ဖွဲ့တစ်ခုပြုပြင်ပြောင်းလဲဖို့ဆိုတာ အဓိကကတော့ နိုင်ငံတကာကလာတဲ့ Expert တွေ အပေါ်မှာလည်းမူမတည်ဘူး။ အဓိကမူတည်တာကတော့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ရင်ထဲက ပြောင်းလဲ ချင်စိတ်အပေါ်မှာပဲအခြေခံမူတည်တယ်ဆိုတာကိုသတိပြုပြီးဆောင်ရွက်စေချင်တယ်။

အခု ၂၁ ရာစုမှာဆိုရင် ရဲတပ်ဖွဲ့ဝင်တွေကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေဟာများပြားပြီး နက်ရှိုင်းတယ်၊ ရှုတ်ထွေးတယ်၊ နားလည်ရခက်တယ်။ ယေဘုယျပြောရမယ်ဆိုရင်တော့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေဟာ Globalization နဲ့ Technology အဆင့်မြင့်မားလာမှုတွေကြောင့် ပိုမိုကျယ်ပြန့်စွာ ကျူးလွန်လာတဲ့ Traditional Crime တွေအပြင် ပုံစံမျိုးစုံနဲ့ကျူးလွန်လာတဲ့ CyberCrime တွေ မျှော်မှန်းမထားနိုင်တဲ့မှုခင်းအသစ်အဆန်းတွေ၊ အုပ်စုဖွဲ့ကျူးလွန်တဲ့ Organized Crime တွေ၊ အစွန်းရောက်အကြမ်းဖက်မှုတွေအပြင် အခုဆိုရင် Cyber Space မှာပဲကျူးလွန်နေတဲ့ Cyber Criminal တွေ၊ Virtual CriminalActor တွေရှိလာနေပြီဖြစ်တယ်။

အဲဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကြိုတင်ရှိနေရမယ့် Precondition တွေထဲမှာ ကျင့်ဝတ်နဲ့ စံနှုန်းသတ်မှတ်ချက်ဆိုင်ရာ  မူသဘောတရားတွေ၊  တပ်ဖွဲ့ဝင်များထားရှိရမယ့်  Mindset နဲ့
အဆင့်ဆင့်သောခေါင်းဆောင်မှုဆိုင်ရာ ခံယူချက်သဘောထားတွေ၊ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေအပြင် နိုင်ငံတကာအဆင့်မီရဲတပ်ဖွဲ့တစ်ရပ်အဖြစ် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာရော ပြည်သူကိုဗဟိုပြုတဲ့ ဒီမိုကရေစီရဲလုပ်ငန်းစနစ်ဖော်ဆောင်ရာမှာပါ လိုအပ်တဲ့  Toolတွေနဲ့Effective Risk Management တွေလည်းပါဝင်တယ်။ ဒီလိုအပ်ချက်တွေပြည့်စုံအောင် ပြင်ဆင်ပြီး၊ ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကိုထိထိရောက်ရောက် ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို တပ်ဖွဲ့တွင်းဌာနအသီးသီးနဲ့ရော ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများနဲ့ပါ အတူတကွ တီထွင် ဖန်တီးရေးဆွဲပြီး၊ ပူးပေါင်းညှိနှိုင်းဖော်ဆောင်ကြရမှာဖြစ်တယ်။
ဖော်ပြပါ Precondition တွေအပြင် တပ်ဖွဲ့ဝင်အားလုံးအထူးတန်ဖိုးထားတည်ဆောက်ရမယ့် အရာသုံးခုကတော့တပ်ဖွဲ့ရဲ့ Integrity လို့ခေါ်တဲ့ ဂုဏ်သိက္ခာ၊ ပြည်သူလူထုရဲ့ယုံကြည်မှု - Trust နဲ့ Legitimacy ဆိုတဲ့ ဥပဒေနဲ့ညီညွတ်မှုပဲဖြစ်တယ်။
Trust နဲ့ Legitimacy မတည်ဆောက်ဘဲနဲ့ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကိုမရနိုင်ဘူး။ ပြည်သူလူထုရဲ့ယုံကြည်မှုဆိုတဲ့ Trustကိုရရှိအောင် ရဲတပ်ဖွဲ့ရဲ့ Responsibilityနဲ့ Accountability အပြင် ပြည်သူလူထုရဲ့ Privacy ကိုလေးစားမှုတွေနဲ့တည်ဆောက်ကြရမယ်။ Legitimacy ဆိုတာ ကတော့ အောင်မြင်တဲ့ရဲလုပ်ငန်းအတွက် အသက်သွေးကြောတမျှ အရေးကြီးတယ်။

ယုံကြည်မှု၊ သိက္ခာသမာဓိရှိမှု၊ ဥပဒေစည်းမျဉ်းများနဲ့ ကိုက်ညီစွာဆောင်ရွက်မှုဆိုတဲ့ အရာသုံးခုကို ခိုင်မာမြဲမြံစွာတည်ဆောက်မထားဘူးဆိုရင် ပြည်သူလူထုဘက်က တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ တရားစီရင်ရေးစနစ်ပေါ် ထောက်ခံအားပေးမှုတွေ၊ ပြည်သူတွေကိုယ်တိုင်က ဥပဒေကိုလေးစားလိုက်နာမှုတွေကို ရရှိနိုင်ဖို့ခဲယဉ်းမယ်ဆိုတာကိုလည်း သတိမူပြီးတန်ဖိုးထားတည်ဆောက်အပ်သောအရာတွေကိုအစဉ်မမေ့ကြဖို့ မှာကြားလိုတယ်။

ဒါ့အပြင် ပြည်သူရဲ့လေးစားယုံကြည်မှုပျက်ယွင်းစေမည့် အဂတိတရားများကို အထူးရှောင်ကျဉ်ပြီး တပ်ဖွဲ့ မှချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းများ၊ ဥပဒေများနဲ့အညီပြည်သူကို ကာကွယ်စောင့်ရှောက် ပေးသွားကြဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုမိုးရေး ဆောင်ရွက်ရာမှာပြည်တွင်းဥပဒေများ၊ ကျင့်ဝတ်စည်း ကမ်း များအပြင် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနဲ့အညီ ဒီမိုကရေစီမူဘောင်နဲ့ လျော်ညီပြီးအရည်အချင်းနဲ့ အရည်အသွေးရှိတဲ့ ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်သွားကြဖို့လည်းမှာ ကြား လိုတယ်။

အတူလက်တွဲဆောင်ရွက်ခဲ့ရတဲ့အတွေ့အကြုံများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေမှာ တပ်သားလေး တွေက အစ အရာရှိကြီးများအဆုံး ကိုယ်ပိုင်အရည်အချင်းကောင်းတွေရှိကြတယ်ဆိုတာ သိခဲ့ရပြီးဖြစ်တယ်။ ဒီအရည် အချင်းကောင်းတွေကို မမေ့မလျော့တဲ့ သတိဆင်ခြင်မှုတရားလေးတွေနဲ့  ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် နိုင်ဖို့ လိုအပ်တဲ့အရည်အချင်းတွေကို အားလုံးဝိုင်းဝန်းတည်ဆောက်ပြီး၊ အနာဂတ်မှာ နိုင်ငံတော်အတွက်ရောပြည်သူအတွက်ပါအားကိုးရတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်သွားကြပါလို့ မှာကြား လိုတယ်။
နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ တပ်ဖွဲ့ရဲ့စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းတွေဆောင်ရွက် ကြတဲ့အခါမှာ အချိန်လည်းလိုတယ်၊ ဘဏ္ဏာငွေလည်းလိုတယ်၊ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ စိတ်အား ထက်သန်စွာပူးပေါင်း ပါဝင်မှုလည်းလိုတယ်။ စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ပေးနေတဲ့ တစ်ချိန်တည်းမှာပဲ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ ပြည်သူများကိုဆက်ဆံတဲ့နေရာမှာကိုယ့်အနေနဲ့ နိုင်ငံတကာစံနှုန်းတွေကို မေ့သွားသည်ပဲဖြစ်စေ၊ ကိုယ်ကျင့်သုံး ရမယ့် ကျင့်ထုံးဥပဒေနဲ့ ရာဇဝတ်ဥပဒေတွေကို မေ့သွားသည်ပဲ ဖြစ်စေ အဓိကမမေ့မလျော့ ဖြစ်စေချင်တာ၊ မဖြစ်မနေလက်ကိုင်ထားစေချင်တာကတော့ စာနာစိတ်ကလေးနဲ့ လုပ်ဆောင်ကြဖို့ပဲဖြစ်တယ်။ အဲဒါဆိုရင်အ လိုအလျောက် ပြည်သူလူထုယုံကြည်အားကိုးတဲ့ ရဲတပ်ဖွဲ့အဖြစ် အသိအမှတ်ပြုမှု၊ဥပဒေနဲ့အညီဖြစ်မှု၊ တပ်ဖွဲ့ ဂုဏ်သိက္ခာရှိမှုတွေအတွက် အထောက်အကူရစေမယ်လို့ ယုံကြည်တယ်။

ချစ်ခင်လေးစားရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် တိုင်းပြည်ရဲ့တာဝန်၊ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုဆထက်ထမ်းပိုးတိုးပြီး ကြိုးပမ်းဆောင်ရွက်နိုင်တဲ့၊ ပြည်သူချစ်တဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ရဲချုပ်ဇော်ဝင်း
(ဧပြီ ၃၀၊ ၂၀၁၇)
ရဲဇာနည်
http://myanmarpoliceforce.org/mm/index.php?option=com_content&view=article&id=3006:2017-04-26-09-13-36&catid=109&Itemid=762 တွင်လည်း ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment