Latest News

Monday, April 10, 2017

သင်္ကြန်တွင်းမှာ သင်္ကြန်မလည်ဘဲ လူတွေလုပ်တဲ့ အရာ (၄) ခု

သင်္ကြန်တွင်းမှာ သင်္ကြန်မလည်ဘဲ လူတွေလုပ်တဲ့ အရာ (၄) ခု


သင်္ကြန်ပိုးရှိသူတွေကတော့ သင်္ကြန်ပွဲ ဘယ်လိုနွှဲမလဲဆိုတာကို သင်္ကြန်မတိုင်ခင်တစ်လလောက်ကတည်းက ကြိုတင်ရင်ခုန်နေကြပြီ ဖြစ်ပါတယ်။ သင်္ကြန်တွင်း ဘာလုပ်မလဲဆိုတာကို သူငယ်ချင်းတွေဆီမေးကြ၊ တိုင်ပင်ကြ လုပ်နေကြပါပြီ။ ဒါပေမယ့် တချို့ကတော့ သင်္ကြန်ရေစိုခံမယ့်လူတွေမဟုတ်ပါဘူး။ သင်္ကြန်မလည်ဘူး၊ ရေကြောက်တယ် စသဖြင့် သူတို့က ပြောတတ်ကြပါတယ်။

သင်္ကြန်မလည်တဲ့လူတွေလုပ်လေ့အရှိဆုံး အချက်လေးချက် ရှိပါတယ်။

၁ - ခရီးထွက်

သင်္ကြန်မလည်ချင်ဘူး၊ သင်္ကြန်ပွဲ မနွှဲချင်ဘူးဆိုသူတွေ ပထမဆုံးစဉ်းစားတဲ့အရာ ဖြစ်ပါတယ်။ ပိတ်ရက်ရှည်ရတာကြောင့် ဒီရက်တွေမှာ ခရီးထွက်ဖို့ အဆင်ပြေတာလည်း ဖြစ်ပါတယ်။ ကားလက်မှတ်ခ၊ ဟိုတယ်ကိစ္စ စတဲ ကိစ္စတွေကတော့ တစ်လလောက်ကတည်းက ကြိုတင်စီစဉ်မှ အဆင်ပြေပါတယ်။  သင်္ကြန်ရက်ပိုင်းခရီးထွက်ရတာဟာ ငွေကြေးပိုင်းလည်း သာမန်ထက်တော့ ပိုကုန်ပါတယ်။

၂ - တရားစခန်း

ခရီးမထွက်ဘူး၊ ရေစိုလည်း မခံချင်ဘူးဆိုသူအချို့ကတော့ တရားစခန်းဝင်ဖို့ လုပ်ကြပါတယ်။  တရားစခန်းတွေဟာ သင်္ကြန်နားနီးတဲ့ ဧပြီ ၁၀၊၁၁၊ ၁၂ တွေမှာ စတင် ဖွင့်လှစ်လေ့ရှိပါတယ်။  တချို့ တရားရိပ်သာတွေဟာ လူဦးရေအကန့်အသတ်ရှိတတ်တာကြောင့် ကြိုတင်စာရင်းသွင်းထားဖို့လိုပါတယ်။ ဓမ္မဇောတိက စင်တာ၊ ချမ်းမြေ့ရိပ်သာတရားစင်တာ၊ ဖားအောက်တောရ၊သဘာဝတရားရိပ်သာနဲ့ စတဲ့ တရားစခန်းတွေဟာ သင်္ကြန်တွင်းအတွက် တရားစခန်းတွေ ဖွင့်လှစ်လေ့ရှိပါတယ်။

၃ - စာဖတ်

သင်္ကြန်တွင်းရက်ရှည်ပိတ်ရက်ဟာ  စာသမားတွေအကြိုက်လည်း ဖြစ်ပါတယ်။ နယ်အပြန် စာအုပ်တစ်ပွေ့တစ်ပိုက်ကြီး သယ်သွားသူတွေလည်း အများကြီးပါ။ တချို့ကတော့ ခရီးထွက်သလိုပါပဲ။ သင်္ကြန်တွင်း ဘယ်စာအုပ်တွေ ဖြိုမယ်ဆိုပြီး ကြိုစုထားလေ့ရှိပါတယ်။ တချို့ကျတော့ သင်္ကြန်လည်း မလည်ဘူး၊ စာလည်းဖတ်တာကြောင့် စာအုပ်တွေနဲ့ပဲ အချိန်ကုန်သွားတာ ဖြစ်ပါတယ်။

၎ - ရုပ်ရှင်

သင်္ကြန်တွင်း ရုပ်ရှင်တွေပဲထိုင်ကြည့်နေသူ အင်အားကလည်း မနည်းပါဘူး။ တချို့ကတော့ ဇာတ်လမ်းတွဲ သမားတွေဖြစ်ပါတယ်။ သင်္ကြန်ရက်ရှည်ပိတ်ရက်မှာ ဇာတ်လမ်းတွဲတွေကို ထမင်းမေ့ ဟင်းမေ့ကို ထိုင်ကြည့်ကြတာပါ။ တချို့ကြတော့လည်း အကြိုက်ဆုံးမင်းသားရဲ့ ကားတွေ၊ အကြိုက်ဆုံး ဒါရိုက်တာရဲ့ကားတွေ၊ အကြိုက်ဆုံးကားအမျိုးအစားတွေကို စုပြီး တဝကြီးကြည့်တာပါ။

Photos: Arcadia Travels, Ye Lwin Oo

Duwun

No comments:

Post a Comment