Latest News

Thursday, April 20, 2017

သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ အသတ်ခံရခြင်းမှာ လူမှုရေးကိစ္စတစ်ခုကြောင့်ဖြစ်နိုင်ကြောင်း ပြောဆို

သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ အသတ်ခံရခြင်းမှာ
လူမှုရေးကိစ္စတစ်ခုကြောင့်ဖြစ်နိုင်ကြောင်း ပြောဆို

ရန်ကုန်၊ ဧပြီ-၁၉

သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်) က သံမဏိနှင်းဆီဂျာနယ် ရုံးခန်း၌ သေဆုံးနေကြောင်းသိခဲ့ရသည့် ယင်းဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရခြင်းမှာ လူမှုရေးကိစ္စတစ်ခုကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာ ရှိတစ်ဦးက ဧပြီ ၁၉ ရက်တွင် ရှင်းပြသည်။

မည်သည့် လူမှုရေးကိစ္စကြောင့် ဖြစ်ပွားသည်ကို ရှင်းရှင်းလင်းလင်း ပြောပြ နိုင်ခြင်းမရှိသေးသော်လည်း ၀မ်းဗိုက်ဝန်းကျင်ထိုးသွင်းဒဏ်ရာ ၁၄ ချက်ဖြင့် သေဆုံးခဲ့ကြောင်းဆေးစစ်ချက်များအရ သိရပြီး ကျူးလွန် သူကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှ အစွမ်းကုန် ဆောင်ရွက်လျက်ရှိရာ တွင် တရားခံအစစ်နှင့် ပတ်သက်သည့် အထောက်အထားများကို ၉၀ ရာခိုင်နှုန်း ရရှိထားပြီး ဖြစ်ကြောင်း အဆိုပါရဲအရာရှိက ပြောဆိုသည်။

"ကျူးလွန်သူက အတွေ့အကြုံမရှိရင်တောင် တော်တော်ဗဟုသုတ ရှိမယ့် ပုံပဲ။ အခန်းထဲမှာက CCTV လည်း တပ်မထားဘူး။ ကိုဝေယံဟိန်းရဲ့ လက်ကိုင်ဖုန်းကလည်း ပျောက်နေတော့ ခြေရာခံဖို့ခက်တယ်။

ဒါပေမဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ကြိုးစားဆောင်ရွက် နေတာကြောင့် တရားခံ ဖမ်းမိဖို့ သေချာတဲ့ အထောက်အထား ရာခိုင်နှုန်း ၉၀ လောက် ရထားပြီးပြီ။ ဖမ်းမိတော့မှပဲ တရားခံရဲ့အချက် အလက်တွေကို ရှင်းပြနိုင်မယ်"ဟု အဆိုပါရဲအရာရှိက ပြောဆိုသည်။
ပုဇွန်တောင်မြို့နယ် ၂ ရပ်ကွက် ဗိုလ်တထောင်ဈေးလမ်းအမှတ် (၂၀၈) (ဘီ) ပထမထပ်တွင် ဖွင့်လှစ်ထားသည့် သံမဏိနှင်းဆီဂျာနယ် ရုံးခန်းအတွင်း ထုတ်ဝေသူ ကိုဝေယံဟိန်း (၂၈ နှစ်)အသတ်ခံရမှုကို သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နံနက် ၈ နာရီခွဲ ခန့်က အပုပ်နံ့ ရသဖြင့် ဘေးချင်းကပ်အခန်းနေ အမျိုးသားတစ်ဦးက ကိုဝေယံဟိန်း၏ ဖခင်ထံသို့ ဖုန်းဆက်အကြောင်းကြားချက်အရ မိဘဖြစ်သူတို့ လာရောက်ကြည့်ရှုခဲ့သည်။

ကိုဝေယံဟိန်းသည် ဂျာနယ်တိုက်၏ အလယ်ရုံးခန်းအတွင်းရှိ ထိုင်ခုံအောက်တွင် ထိုင်ခုံအားမှီလျက် ၀မ်းဗိုက်ထိုးသွင်း ဒဏ်ရာ များဖြင့် သွေးအိုင်ထဲလဲလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ ရကြောင်းနှင့် အခင်းမဖြစ်ပွားမီ ဧပြီ ၁၄ ရက် ည ၇ နာရီခန့်အထိ ၎င်းနှင့် ၎င်း၏ အသိုင်းအ၀ိုင်းမှ လူအချို့နှင့် အဆက်အသွယ် ရှိခဲ့ခြင်းကြောင့် ဧပြီ ၁၄ ရက် ညပိုင်းတွင် အသတ်ခံရခြင်းဖြစ်နိုင် ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ရေးသား ဖော်ပြခဲ့ကြသည်။
ကိုဝေယံဟိန်းသည် လူပျိုလူလွတ်တစ်ဦးဖြစ်ကာ မြောက်ဥက္ကလာပ မြို့နယ် ဝေဘာဂီမြို့သစ် အမှတ်(၄)ရပ်ကွက်၌ မိဘများနှင့်အတူ နေထိုင်သော်လည်း ရုံးခန်းသို့ လာရောက်အိပ်လေ့ရှိကြောင်းသိရပြီး အခင်းမဖြစ်ပွားမီ ဧပြီ ၇ ရက်တွင် ကိုဝေယံဟိန်း၏ လူမှုကွန်ရက် စာမျက်နှာ Wai Yan Heinn အကောင့်တွင် "အော် အမေ အမေ
အပေါက်ဝမှာတော့ စာကပ်ထားခိုင်းတယ်။ သားဖြစ်သူကိုကြတော့ ရုံးအိပ်ရုံးစား ၁၂ ရက်နေ့ထိဘယ်မှ မသွားနဲ့တဲ့။ ခရီးကပြန်လာရင် လက်ဆောင်ပါမယ်တဲ့။ ဟွင်းဟွင်း တံခါးပိတ်ထားလည်း လာခဲ့ကြနော်။ ကြော်ငြာပိုက်ဆံသွင်းမယ့် လူတွေ"ဟု စာရေးသား ကာ "ရုံးပိတ်ထားပါသည်။ ၂၈-၄-၂၀၁၇ ရုံးပြန်ဖွင့်ပါမည်"ဟု ရေးသားထားသည့်စာကိုကပ်ထားသည့်ရုံးခန်းအ၀င်ဝတံခါးဓာတ်ပုံ ဖော်ပြခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုဝေယံဟိန်းအား သတ်သွားသူကို အရေးယူပေးရန် ဖခင်ဖြစ်သူက တရားလိုလုပ် တိုင်တန်းချက်အရ ပုဇွန်တောင်မြို့မရဲစခန်းမှ (ပ)၈၅/ ၂၀၁၇၊ ပြစ်မှုပုဒ်မ -၃၀၂ ဖြင့် အမှု ဖွင့်ထားပြီး ရုံးခန်းတံခါးပိတ်ထားသည့်ကြားမှ အသတ်ခံရခြင်းနှင့် ပတ်သက်၍ "အခန်းတံခါးပိတ်ထားတာကို ဖွင့်ပေးဖို့ ဆိုတာ သူနဲ့ ရင်းနှီးတဲ့သူ တစ်ယောက်ပါမယ်။ ပြီးတော့ နောက်တစ်ယောက်၊ နှစ်ယောက်လောက်ပါလာလိမ့်မယ်"ဟု အဆိုပါရဲအရာရှိက ပြောဆိုသည်။

ကိုဝေယံဟိန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို သိရှိနိုင်ရန် မိသားစုဝင်အချို့ထံသို့ စံတော်ချိန်က ဧပြီ ၁၉ ရက် ညနေပိုင်းတွင် ဆက်သွယ်မေးမြန်းရာ "အခုက နာရေးကိစ္စကို ဦးစားပေးနေရတော့ အချိန်မပေးနိုင်သေးလို့ နောက်မှဖြေကြား ပါ့မယ်နော်"ဟု မိသားစုဝင် အမျိုးသားတစ်ဦးက ပြန်လည်ဖြေကြား ခဲ့သည်။

တင့်ဇော်ထွန်း(စံတော်ချိန် နေ့စဉ်သတင်းစာ)

No comments:

Post a Comment