Latest News

Thursday, April 20, 2017

အပြာရောင်အင်္ကျီဝတ်ပြီး နိုင်ကျဉ်းများ လွတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်ရန် AAPP တိုက်တွန်း

အပြာရောင်အင်္ကျီဝတ်ပြီး နိုင်ကျဉ်းများ လွတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်ရန် AAPP တိုက်တွန်း

လာမည့် ဧပြီ ၂၁ရက်တွင် အပြာရောင်အင်္ကျီ ၀တ်ဆင်ခြင်းဖြင့် နိုင်/ကျဉ်းလွတ်မြောက်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန် နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း(AAPP) က တိုက်တွန်းလိုက်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်လှုပ်ရှားမှုဖြစ်သည်။

လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၁၇၈ ဦးကျန်ရှိနေကြောင်းနှင့် အများစုမှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မှဖြင့်အရေးယူ ခံထားရခြင်းဖြစ်ကြောင်း AAPP မှ ဦးဘိုကြည်က ဧပြီ ၁၉ရက်တွင် ပြောသည်။

ထို့ပြင် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်ပိုင်းများကို ဝေဖန်သူများလည်း ပါဝင်ကြောင်း AAPP က ထုတ်ပြန်သည်။

“ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ထဲမှာ ထည့်ထားမယ့်အစား ဒီလူတွေကို လွှတ်ပေးလိုက်ပြီး ဒီလူတွေနဲ့ လက်တွဲလုပ်ဆောင်ခြင်းအားဖြင့် တိုင်းပြည်အတွက် အကျိုးရှိတာပဲ ဖြစ်စေမှာပါ။ ဒါကြောင့် အစိုးရအနေနဲ့ရော တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ရော ဒီနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီးတော့ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့က တိုက်တွန်းတာဖြစ်ပါတယ်။ အဲဒါကအမျိုးသားပြန်လည်သင့်မြတ်ရေး တကယ်ကိုအထောက်အကူဖြစ်မှာပါ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူဖြစ်လာမယ့် အနေအထားတွေရှိပါတယ်” ဟု ဦးဘိုကြည်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယကလည်းဖြစ်သူ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီ ၂၁ရက်တွင် ကွယ်လွန်ခဲ့ရာ ၄င်းကွယ်လွန်ခြင်း သုံးနှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားကို လာမည့် ဧပြီ ၂၁ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်မည့်သူများအပါအ၀င် ပြည်တွင်းပြည်ပရှိ ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် အပြာရောင်အင်္ကျီ ၀တ်ဆင်ခြင်းဖြင့် ပါဝင်ကူညီပေးရန် AAPP က တိုက်တွန်းသည်။ ထို့ပြင် အဆိုပါ လှုပ်ရှားမှု များကိုလည်း မိမိတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တင်ပြဖော်ပြရန် တောင်းဆိုခဲ့သည်။

သတင်း - အောင်ဇော်ထွန်း(7Day News)

No comments:

Post a Comment