Latest News

Sunday, April 23, 2017

နွေးနွေးထွေးထွေးအိမ်ထောင်ရေး

နွေးနွေးထွေးထွေးအိမ်ထောင်ရေး


(၁)ချစ်သူက ဘ၀အတွက် လက်တွဲဖော်ဖြစ်နိုင်ရဲ့လား

ချစ်သူကို လက်ထပ်ဖို့စဉ်းစားတော့မယ်ဆိုရင် ကျွန်မတို့အမျိုးသမီးအများစုက စိတ်ခံစားချက်ကို ဦးစားပေးပြီး စဉ်းစားကြတာ များတယ်။ တကယ်တော့ လက်ထပ်တော့မယ်ဆိုရင် အမျိုသား၊ အမျိုးသမီးတွေ က ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ မျှမျှတတ စဉ်းစားသင့်တာပါ။

ကျွန်မအနေနဲ့သူ့ကို လက်ထပ်ပါမယ်လို့ကတိမပေးခင်မှာ သူဟာ ကျွန်မဘ၀ရဲ့လက်တွဲဖော်ကောင်း ဖြစ်နိုင်ရဲ့လားလို့စဉ်းစားခဲ့တာတွေရှိပါတယ်။ ကျွန်မအနေနဲ့အဓိက ထားပြီး စဉ်းစားတဲ့အချက် ၅ ချက်ရှိပါတယ်။

အဲဒါကတော့ (၁) အချစ်ပါ။ သူက ကိုယ့်ကို ချစ်ရဲ့လား၊ ကျွန်မကရော သူ့ကို ချစ်ရဲ့လား ဆိုတာပါ။ အိမ်ထောင်ရေးမှာ အချစ်ပါရင် လောကဓံကို ရင်ဆိုင်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ညည်းမခံနိုင်ပါဘူး။ နားလည်မှုမပေးနိုင်ပါဘူး၊ ဒါကြောင့်ကိုယ်ကလည်းသူ့ကို ချစ်ဖို့ လိုသလို၊ သူကလည်းကိုယ့်ကို တကယ်ချစ်ဖို့ လိုပါတယ်။

နောက်သူ ကိုယ့်ကို တကယ်ချစ်ရဲ့လား ဆိုတာကိုလည်း ကိုယ်က ချစ်သူ သက်တမ်းအတွင်းမှာ စောင့်ကြည့်ဖို့ လိုပါတယ်။ ချစ်တယ်ဆိုတာ ပါးစပ်ကနေ ပြောနေရုံနဲ့ ပြည့်စုံတာမျိုး မဟုတ်ပါဘူး။ သူနဲ့ချစ်သူ သက်တမ်း ၅ နှစ်ကျော်အတွင်းမှာ သူက ကျွန်မကို စိတ်ပူရအောင်၊ စိတ်ညစ်အောင်၊ စိတ်သောက ရောက်အောင် လုပ်ခဲ့တာတွေရှိသလား ပြန်စဉ်းစားပါတယ်။  ချစ်သူဘ၀မှာတောင် သူက ကျွန်မကို စိတ်မအေးစေခဲ့ဘူးဆိုရင် အိမ်ထောင်သည်ဘ၀မှာ ကျွန်မကို အကြီးအကျယ်စိတ်ဒုက္ခပေးနိုင်တဲ့သူ ဖြစ်လာနိုင်လို့ပါပဲ။

အချို့က ပြောကြတာ ရှိတယ်။ သူ့စိတ်ထဲမှာ ကိုယ် အမြဲရှိနေစေချင်တယ်ဆိုရင် သူ့ကို ကိုယ်နဲ့ပတ်သက်ပြီး စိတ်ပူပင်နေရအောင် အမြဲလုပ်ပေးပါတဲ့။ အဲဒါကို တကယ်လက်ခံပြီး လုပ်တတ်တဲ့သူတွေရှိတယ်။ ကျွန်မကတော့အဲဒီလို မရိုးဖြောင့်တာမျိုးကို သဘောမကျဘူး။ကျွန်မအနေနဲ့သူများကိုလည်း စိတ်အေးချမ်းစေချင်သလို၊ကိုယ့်ကိုလည်း စိတ်အေးချမ်းစေတဲ့သူမျိုးကိုပဲ လိုချင်မိပါတယ်။

နောက်ဒုတိယ ချက်ကတော့ ချစ်သူဘ၀မှာ သူ့ရဲ့ သစ္စာတရားကို လုံးဝ ယုံကြည်စိတ်ချနိုင်ရဲ့လား။ ကိုယ်ရှိနေပါလျက်နဲ့ ကောင်မလေးတွေကို အီစီကလီလုပ်တတ်တဲ့သူလား၊ ကိုယ့်အပြင် အခြားတစ်ယောက်ပါ ရှိနေတယ်ဆိုရင်တော့ဘယ်လောက် ချစ်ချစ် ထားပစ်ခဲ့ရမှာပါပဲ။ ချစ်သူ ဘ၀မှာတောင် သစ္စာမရှိနိုင်တဲ့သူဟာ၊ အိမ်ထောင်သည်ဘ၀မှာ ကိုယ့်အပေါ် သစ္စာရှိဖို့ ဆိုတာ ရာခိုင်နှုန်းအားဖြင့် နည်းပါးပါတယ်။

နောက်တစ်ချက်ကတော့ စိတ်နေသဘောထားနဲ့ ကိုယ်ကျင့်တရားကောင်းမွန်ရဲ့လား။ ဒါကို ကျွန်မကတော့အလေးထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက်ပဲ ချမ်းသာပြည့်စုံပါစေ၊ စိတ်စေတနာကောင်းမရှိဘူး၊ ကိုယ်ကျင့်တရားမကောင်းဘူးဆိုရင် ဘ၀ဟာ အေးချမ်းမှုနဲ့သာယာမှု မပေးနိုင်ပါဘူး။
တကယ်လိုများ ကျွန်မသာ ရည်းစားမထားခဲ့ဖူး၊ ချစ်သူအနေနဲ့ မတွဲခဲ့ဘူးဆိုရင် ဒီလူတစ်ယောက်ကို သိဖို့ ခက်ခဲလှမယ်လို့လည်း တွေးမိတယ်။
ဒါကြောင့် ကျွန်မရဲ့ လက်တွဲဖော်ရဲ့စိတ်နေစိတ်ထားနဲ့ကိုယ်ကျင့်တရားကို သမီးရည်းစားဘ၀နဲ့ချစ်သူ ဘ၀မှာ အကဲခေတ်လေ့လာခဲ့ပါတယ်။

ချစ်သူ ဘ၀မှာ ဟန်ဆောင်လို့ရတယ်။ လိမ်လို့ရပေမဲ့၊ အိမ်ထောင်သည် ဘ၀မှာတော့ ဟန်ဆောင်လို့လည်း မရဘူး၊ လိမ်လို့လည်း မရဘူးလို့ ဆိုကြပါတယ်။ ဒါဟာ တကယ်ပါပဲချစ်သူ ဘ၀မှာ ကိုယ်သိခဲ့ရတာတွေက သူ့ရဲ့  ၃၀% လောက်ကိုပဲ သိရတာပါ၊ တကယ့် အိမ်ထောင်ကျပြီးမှကျန်တဲ့၄၀% လောက်ကို မြင်ရ တွေ့ရတာပါ။
အိမ်ထောင်သက်ရင့်လာမှ ကျန်တဲ့%တွေကို သိနိုင်တာပါ။

တကယ်လိုများ ကျွန်မသာ ရည်းစားမထားခဲ့ဖူး၊ ချစ်သူအနေနဲ့ မတွဲခဲ့ဘူးဆိုရင် ဒီလူတစ်ယောက်ကို သိဖို့ ခက်ခဲလှမယ်လို့လည်း တွေးမိတယ်။

ချစ်သူ၊ရည်းစားသက် အနည်းဆုံး  ၄ နှစ်လောက်မရှိဘဲနဲ့တော့အဲဒီလူတစ်ယောက်ကို လက်ထပ်ဖို့ထိ မတွေးသင့်ဘူးလို့သာ ဆိုချင်ပါတယ်။

နောက်တစ်ချက်ကတော့  အသက်မွေးဝမ်းကျောင်းမှု စင်ကြယ်ရဲ့လား၊

 ကိုယ်နဲ့ ထိုက်တန်တဲ့သူ ဖြစ်ရဲ့လားပေါ့။ ဒါကတော့ကျွန်မက အပျိုဘ၀ကတည်းက ငါးပါးသီလကို လုံခြုံဖို့ ဂရုစိုက်ပါတယ်။ ဒါကြောင့် သီလမညီဘူးဆိုရင် ကိုယ့်အတွက် ရေရှည်လက်တွဲဖော်ကောင်း တစ်ဦးဖြစ်နိုင်မှာ မဟုတ်ပါဘူး။

နောက်ဆုံး အချက်ကတော့ ကျန်းမာရေး ကောင်းတဲ့သူ ဖြစ်ရဲ့လား ဆိုတာကိုပါ။ အောင်မြင်သာယာတဲ့အိမ်ထောင်ရေးဖြစ်ဖို့ကျန်းမာရေး ကောင်းဖို့ကလည်း အရေးကြီးသလို၊ကျန်းမာရေးနဲ့ဆိုင်တဲ့ဗဟုသုတရှိဖို့၊ တကိုယ်ရည်သန့်ရှင်းရေးကို နားလည်ဖို့ဆိုတာတွေလည်း အရေးကြီးပါတယ်။ ကျန်းမာရေးမကောင်းရင် ချမ်းသာပေမဲ့ အလကားပါ၊ ကျန်းမာရေးကောင်းမှ သူနဲ့ကိုယ်က ကျန်းမာပျော်ရွှင်တဲ့မိသားစု ဘ၀ကိုတည်ဆောက်နိုင်မှာပါ။

ကျန်းမာရေးမကောင်းတဲ့သူကို အိမ်ထောင်ပြုဖို့ဆုံးဖြတ်လိုက်တာဟာ သူ့ကိုသာမက၊ ကိုယ့်ဘ၀ကိုပါ သတ်ပစ်လိုက်သလို ဖြစ်နိုင်ပါတယ်။

နောက်ဆုံး အချက်ကတော့မိဘမျိုးရိုးနဲ့မိဘတွေရဲ့အသက်မွေးဝမ်းကျောင်းမှုက စင်ကြယ်ရဲ့လား ဆိုတာပါ။ မိဘတွေအနေနဲ့အိမ်ထောင်ရေးဖောက်ပြန်ခဲ့တာ ရှိမရှိ၊ အိမ်ထောင်ရေးပြဿနာ ရှိသလား ဆိုတာကလည်း သားသမီးတွေရဲ့အိမ်ထောင်ရေးအပေါ်မှာ သက်ရောက်မှုရှိတတ်ပါတယ်။ ဒါကြောင့် သူ့ကို လက်မထပ်ခင်မှာ သူ့မိဘနဲ့ သူ့ပတ်ဝန်းကျင်အကြောင်း စုံစမ်းကြည့်တာ စူးစမ်းမေးမြန်းသင့်တယ်လို့ ယူဆပါတယ်။
ယောက္ခမဟာ ကိုယ်ကြည်ညိုလို့ရလောက်တဲ့သူ ဖြစ်ဖို့လည်း လိုပါတယ်။ မိသားနှစ်စု ပေါင်းစည်းရမှာမို့ သူနဲ့ကိုယ် အိမ်ထောင်ရေးဟာ သူ့မိဘရော ကိုယ့်မိဘပါ အရေးကြီးတယ်လို့ကျွန်မကတော့ယူဆပါတယ်။

ဒီလိုပေါင်းစည်းရေး ဖြစ်တဲ့ အိမ်ထောင်ပြုခြင်းကို မပြုခင်မှာ သေချာ အလေးအနက်ထားပြီး စဉ်းစားသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ စိတ်ခံစားချက်တစ်ခုတည်းကြောင့်သာ အိမ်ထောင်ပြုခဲ့ရင် နောက်ပို်င်း မထင်မှတ်ထားတဲ့ပြဿနာတွေ အဆင်မပြေမှုတွေနဲ့အိမ်ထောင်ရေးဟာ သာယာပျော်ရွှင်ဖို့ဝေးလို့ တည်မြဲဖို့တောင်မှ ခက်ခဲနိုင်ပါတယ်။

ဒါကြောင့် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ်ပါ ချစ်တဲ့သူကို လက်မထပ်ခင်၊ ဘ၀တစ်ခုလုံး ပုံမပေးခင်မှာ ဒီအချက်ငါး ချက်အပေါ် စဉ်းစားကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင်။

မနက်ဖြန်မှာ အပိုင်း(၂)ကို ဆက်ရေးပါ့မယ်ရှင်။
ကျေးဇူးတင်ပါတယ်။ မတူတဲ့အမြင်တွေကိုလည်း ဆွေးနွေးပေးပါနော်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment