Latest News

Thursday, April 6, 2017

ဒုက္ခသည်စခန်းတွေ ပိတ်မယ့် အစီအစဉ် ရိုဟင်ဂျာခေါင်းဆောင် ကြိုဆို

ဒုက္ခသည်စခန်းတွေ ပိတ်မယ့် အစီအစဉ် ရိုဟင်ဂျာခေါင်းဆောင် ကြိုဆို

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ကမန်၊ ရခိုင်နဲ့ မွတ်စလင် ဒုက္ခသည်စခန်း ၃ ခုကို ပိတ်ပစ်ပြီး ပြန်လည်နေရာချထားပေးဖို့ အစိုးရကစီစဉ်နေတာကို ကြိုဆိုကြောင်း ရိုဟင်ဂျာ အဖွဲ့အစည်းတခုဖြစ်တဲ့ NDPD ခေါ် အမျိုးသား ဖွံဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ က ဗုဒ္ဓဟူးနေ့ မနေ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

NDPD (National Democratic Party for Development) အဖွဲ့ရဲ့ ဒု ဥက္ကဌ ဦးခင်မောင်မြင့် ခေါ် နာအင်း (Naeem) က အခုလို ဒေါ်အောင်ဆန်းစုကြည် ခန့်အပ်တာဝန်ပေးခဲ့တဲ့ ကိုဖီအာနန် အကြံပေးကော်မရှင် ကနေ ပေါ်ထွက်လာတဲ့ ရလဒ်အတွက် ဝမ်းသာကြောင်း၊ ဘာသာမတူ လူမျိုးကွဲပြားပေမယ့် မိမိတို့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ ဒေသအတွင်းရှိသူအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လိုကြောင်းနဲ့ အခုဖျက်သိမ်းမယ့် စခန်းတွေက ဒုက္ခသည်တွေ လုပ်ကိုင်စားသောက်ရေးအတွက်လည်း သက်ဆိုင်ရာက စီစဉ်ပေးမယ် လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

"ကျနော်တို့ က အပြုသဘောဆောင်တယ်လို့  ယူဆတယ်ပေါ့ ဗျာ၊ နောက်တခုက ဒီစခန်းသုံးခုက ဒုက္ခသည်တွေကို ဌာနေ နေရာကိုပြန်သွားဖို့ ခွင့်ပြုတဲ့အခါမှာလဲ သူတို့ လုပ်ကိုင်စားသောက်နိုင်အောင် သူ့  အရင်ကဘာလုပ်ခဲ့လဲ တံငါဆိုလည်းတံငါ လယ်ဆိုလည်းလယ်ပေါ့နော် မွေးမြူရေးဆိုလဲမွေးမြူရေး ဒါတွေကို တနည်း တဖုံထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကျနော့်အနေနဲ့ ပိုကောင်းမယ်လို့ထင်တယ်"

မကြာခင်က ပေါ်ထွက်လာခဲ့တဲ့ Arakan Rohingya Salvation Army ခေါ် ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဦးခင်မောင်မြင့်က အဲဒီအဖွဲ့နဲ့ မိမိတို့ အဆက်အသွယ် တစ်စုံတရာမရှိကြောင်းနဲ့ အကြမ်းဖက်မှုကို ထောက်ခံမှာ မဟုတ်ကြောင်း RFA ကိုပြောပါတယ်။

"ကျနော်တို့က ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘာမှအဆက်အသွယ်မရှိသလို့ ကျနော်တို့ အားလည်း အားမပေးဘူး၊ ကျနော်တို့က ငြိမ်း ချမ်းရေးနည်းနဲ့ ဒီကိစ္စတွေကို ဖြေရှင်းချင်တယ်၊ ဒီလက်နက် ကိုင်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့တွေ တိုက်ခိုက်တာကို ကျနော်တို့အနေနဲ့ ရှုတ်ချကြောင်းတရားဝင် ထုတ်ပြန် ထားပြီးသား ၊ ဒီဟာကိုဖြေရှင်းလို့ရတဲ့နည်းတစ်နည်းပဲရှိတယ်၊ အဲဒါကိုစားပွဲဝိုင်းပေါ်မှာ နိုင်ငံတော် ရယ် သူ့ရဲ့ သက်ဆိုင်တဲ့ State Holders ပေါ့နော် ပတ်သက်တဲ့အဖွဲ့ အစည်း ဥပမာ ရခိုင်ပြည်နယ်မှာ ဆိုရင် ကျနော်တို့ ညီနောင်ရခိုင်တိုင်းရင်းသားတွေနဲ့ ကျနော်တို့ ရိုဟင်ဂျာမွတ်စလင်တွေ ပြီးတော့နိုင် ငံတော်အစိုးရ ပါမယ် ဒီနည်းနဲ့ပဲအဖြေတစ်ခုရှာလို့ရမယ်လို့  ကျနော်တို့အနေနဲ့ ယူဆတယ်"

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်က ပြသနာတွေ ဖြေရှင်းရေးအတွက် တရားဥပဒေစိုးမိုးရေးနဲ့ အမုန်းတရား ပြန့်ပွားမှု တားဆီးရေးကို အဓိကထား ဆောင်ရွက်မယ်လို့လည်း ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့် ခေါ် နာအင်း  Naeem က ပြောကြားခဲ့ပါတယ်။

Photo: Min Thein Aung/RFA

No comments:

Post a Comment