Latest News

Thursday, April 6, 2017

မြစ်ဆုံစီမံကိန်း စွန့်လွှတ်ဖို့ တရုတ် မြန်မာ ဆွေးနွေး

မြစ်ဆုံစီမံကိန်း စွန့်လွှတ်ဖို့ တရုတ် မြန်မာ ဆွေးနွေး

မြစ်ဆုံရေကာတာစီမံကိန်းကို စွန့်လွှတ်ဖို့ တရုတ်အစိုးရက
မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ သတင်းရပါတယ်။ မြန်မာအစိုးရထံက
စီးပွားရေးနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ တခြားအကျိုးခံစားခွင့်တွေ ရရှိမယ်ဆိုရင်
မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရအနေနဲ့ ဖျက်သိမ်းလိုကြောင်း သတင်းဇစ်မြစ်နေရာ ၇
ခုကနေ ကြားသိရတယ်လို့ မနေ့ကလာတဲ့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် တရုတ်ပြည်ကို ဒီကနေ့ စတင်သွားရောက်မယ့်
ခရီးစဉ်အတွင်း ဒီကိစ္စကို ညှိနှိုင်းဆွေးနွေးမယ်လို့လည်း
မြန်မာထိပ်တန်းအရာရှိတွေက ပြောပါတယ်။  မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းပြီး
တခြားရေကာတာ အသေးစားတွေ ဆောက်လုပ်ခွင့်ပြုဖို့၊ မြန်မာပြည်ရဲ့
ပင်လယ်ဆိပ်ကမ်းတစ်ခုကို အထူးအသုံးပြုခွင့်ပေးဖို့ စတဲ့အချက်တွေကို
စဉ်းစားနေကြတယ်လို့ ဆိုပါတယ်။

ကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ခန့်ကုန်ကျခံပြီးတည်ဆောက်မယ့် အဲဒီ မြစ်ဆုံရေကာတာ
ရေအားလျှပ်စစ်စီမံကိန်းကနေ ဓါတ်အားမီဂါဝပ် ၆ဝဝဝ ထုတ်လုပ်ပေးမှာဖြစ်တဲ့အတွက်
စီမံကိန်းပျက်သွားမှာကို တရုတ်ပြည်ဘက်က အထူးစိုးရိမ်နေခဲ့ပေမယ့် အခုတော့
နစ်နာမှုတွေကို တခြားနည်းနဲ့ အစားထိုးဖို့ စဉ်းစားနေတာဖြစ်ပါတယ်။
ဒီရေကာတာတည်ဆောက်ရေးမှာ တရုတ်အစိုးရဘက်က  ကန်ဒေါ်လာသန်းပေါင်းများစွာ
အကုန်အကျခံထားပြီးဖြစ်တဲ့အတွက် သမ္မတ ဦးသိန်းစိန် ၂ဝ၁၁ ခုနှစ်က ရပ်ဆိုင်းခဲ့တဲ့
စီမံကိန်းကို အပြီးဖျက်သိမ်းမယ်ဆိုရင်  မြန်မာအစိုးရဘက်က
နစ်နာကြေးအများအပြားပေးဖို့ တာဝန်ရှိပါတယ်။

လက်ရှိမှာ တရုတ်အစိုးရက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို
အထူးဦးစားပေးသုံးခွင့်ရရှိဖို့  မြန်မာအစိုးရကို
တိုက်တွန်းပြောကြားနေကြောင်းနဲ့ မြန်မာအစိုးရကလည်း နယ်စပ်ဒေသက တိုင်းရင်းသား
လက်နက်ကိုင်ပြသနာကို ဖြေရှင်းဖို့အတွက် တရုတ်အစိုးရရဲ့ အကူအညီကို
လိုအပ်နေကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီအတွင်းမှာပဲ မနေ့ကထုတ်တဲ့ တရုတ်အစိုးရပိုင် Global Times သတင်းစာမှာတော့
မြန်မာအစိုးရဟာ မြစ်ဆုံစီမံကိန်း အငြင်းပွားမှုအတွက် အနောက်နိုင်ငံတွေရဲ့
လေသံကို နားထောင်ပြီး ဒီမိုကရေစီအရေးနဲ့ ဒွန်တွဲစဉ်းစားနေတယ်လို့
ဖေါ်ပြထားပါတယ်။  တရုတ်ပြည်က ငွေကြေးမြှုပ်နှံပြီး မြန်မာစစ်အစိုးရ အတည်ပြုခဲ့တဲ့
မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို အပြီးရပ်ဆိုင်းမယ်ဆိုရင် ဒီမိုကရေစီ
အောင်ပွဲအဖြစ် တချို့ကရှုမြင်နေကြောင်း၊ တကယ်တော့ မြစ်ဆုံစီမံကိန်းကို ဆက်လက်
အကောင်အထည် ဖေါ်မယ်ဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်း
ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ဒါဟာ လျှပ်စစ်ဓါတ်အားချို့တဲ့နေတဲ့
မြန်မာပြည်အတွက် တကယ့်အခွင့်အရေးကောင်း တခုဖြစ်ကြောင်း၊ မြန်မာပြည်အတွက်
ဒီမိုကရေစီအရေးကြီးတာမှန်ကြောင်း၊ ဒါပေမဲ့ ဒီမိုကရေစီစနစ်ဆိုတာ
စီးပွားရေးဖွံ့ဖြိုးအောင် လုပ်ဆောင်ရတာဖြစ်ပြီး တိုးတက်မှုတွေကို
ရပ်တန့်ပစ်လိုက်ရတဲ့ စနစ်မဟုတ်ကြောင်းလည်း အဲဒီသတင်းစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် မြန်မာနဲ့ တရုတ်အစိုးရအကြား ဒီကိစ္စကိုအဆင်ပြေအောင်
ပိုမိုညှိနှိုင်းဖို့ သင့်ကြောင်း၊ ဥပမာအားဖြင့် မြစ်ဆုံကထွက်တဲ့
လျှပ်စစ်ဓါတ်အားကို ရာခိုင်နှုန်းမည်မျှစီ ခွဲဝေသုံးစွဲကြမလဲဆိုတာ
ဆွေးနွေးနိုင်သလို တရုတ်ပြည်က မြန်မာပြည်အတွက် စာသင်ကျောင်းတွေ
ကျွမ်းကျင်ပညာသင်တန်းတွေ ဖွင့်လှစ်ပေးနိုင်ကြောင်းနဲ့  မြန်မာအစိုးရကို
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအတွက်လည်း တရုတ်ပြည်က
ကူညီနိုင်ပါကြောင်း စသဖြင့် ဧပြီလ ၅ ရက်နေ့ထုတ် တရုတ်အစိုးရပိုင် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။

Photo: Kyaw Myo Min/RFA

No comments:

Post a Comment