Latest News

Thursday, April 20, 2017

မြောက်ကိုရီးယားကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းမည်ဟု အမေရိကန် ဒုတိယသမ္မတက ဂျပန်အား ထပ်လောင်းပြောကြားဖွယ်ရှိ

မြောက်ကိုရီးယားကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းမည်ဟု အမေရိကန် ဒုတိယသမ္မတက ဂျပန်အား ထပ်လောင်းပြောကြားဖွယ်ရှိ


တိုကျို ဧပြီ ၁၈

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးလက်နက်ဆိုင်ရာ အစီအစဉ်များကို ထိန်းချုပ်နိုင်စေရေးအတွက် ကြိုးပမ်းသွားမည်ဆိုသော အမေရိကန်၏ ကတိကဝတ်အား အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ဂျပန်ခေါင်းဆောင်များကို ထပ်လောင်းအတည်ပြု ပြောကြားဖွယ် ရှိကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဧပြီ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

အာရှဒေသသို့ ခရီးနှင်လာသော အမေရိကန် ဒုတိယသမ္မတ ပန့်စ်သည် တောင်ကိုရီးယားခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီးနောက် မြို့တော်ဆိုးလ်တောင်ဘက်ရှိ အမေရိကန် လေတပ်စခန်းမှနေ၍ ဂျပန်နိုင်ငံမြို့တော် တိုကျိုသို့ ဧပြီ ၁၈ ရက်တွင် လေယာဉ်ဖြင့် ထွက်ခွာသွားသည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့ စစ်ရေးအရမဟာမိတ် ပြုမှုခိုင်မာလျက်ရှိနေပုံကို ပန့်စ်က ပြောကြားခဲ့သည်။

ဆီးရီးယားနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းသည် မိမိတို့အနေဖြင့် သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်း လုပ်ဆောင်တတ်ပုံကို အထင်အရှားပြသခြင်းဖြစ်ကြောင်း၊ အမေရိကန်အစိုးရအဖွဲ့ အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် မဟာဗျူဟာအရ သည်းခံခဲ့သည့်ကာလမှာ ကုန်ဆုံးလွန်မြောက်ခဲ့ပြီဖြစ်ကြောင်း ပန့်စ်က ပြောကြားသည်။

ဒုတိယသမ္မတပန့်စ်သည် ကိုရီးယားကျွန်းဆွယ် တင်းမာမှုအခြေအနေနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဆွေးနွေးမည်ဟု မျှော်လင့်ရပြီး ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆိုနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ရန် စီစဉ်ထားသည်။ အမေရိကန် ကုန်ပစ္စည်းများ ပိုမိုဝင်ရောက်နိုင်ရေးအတွက် ဂျပန်က ဈေးကွက်တိုးချဲ့ဖွင့်လှစ်ပေးရန် အမေရိကန်က လိုလားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ဂျပန်၊ တောင်ကိုရီးယား နှင့် အမေရိကန်တို့ကို တိုက်ခိုက်ဖျက်ဆီးပစ်မည်ဟု ပုံမှန်အားဖြင့် ခြိမ်းခြောက်လျက်ရှိသော နိုင်ငံဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ဧပြီ ၁၅ ရက်က ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ ၁ဝ၅ နှစ်မြောက် မွေးနေ့ နှစ်ပတ်လည်အခါသမယတွင် စစ်ရေးပြပွဲတစ်ရပ် ပြုလုပ်ခဲ့ရာတွင် ဒုံးလက်နက်များကို ကြွားကြွားဝင့်ဝင့် ပြသခဲ့သည်။ မြောက်ကိုရီးယားသည် ဧပြီ ၁၆ ရက်တွင် ဒုံးကျည်စမ်းသပ်မှု တစ်ရပ်ပြုလုပ်ခဲ့သော်လည်း စမ်းသပ်မှုမှာ အောင်မြင်မှုမရခဲ့ပေ။

ရိုက်တာ(ပြန်/ဆက်)

No comments:

Post a Comment