Latest News

Thursday, April 20, 2017

မြောက်ကိုရီးယားနိုင်ငံ စစ်အင်အားတိုးမြှင့်မည်

မြောက်ကိုရီးယားနိုင်ငံ စစ်အင်အားတိုးမြှင့်မည်

နယူးယောက် ဧပြီ ၁၈

မြောက်ကိုရီးယားနိုင်ငံက နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်အင်အား တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ဒုတိယသံအမတ်ကြီးက ပြောကြားသည်။

မြောက်ကိုရီးယား ဒုတိယသံအမတ်ကြီး ကင်အင်ယောင်းက နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ဧပြီ ၁၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထရန့်အစိုးရက နျူကလီးယားသယ်ဆောင်လာသည့် အမေရိကန် စစ်သင်္ဘော Carl Vinson ကို ကိုရီးယားကျွန်းဆွယ် ကမ်းလွန်ရေပြင်သို့ ဖြန့်ကြက်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် အမေရိကန်၏ ဆင်ခြင်မဲ့လုပ်ရပ်ဖြစ်ပြီး စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိစေသည်ဟု ကင်က ပြောကြားသည်။

''နိုင်ငံတော်ကာကွယ်ရေးအတွက် မြောက်ကိုရီးယားရဲ့ စစ်အင်အားကို နည်းလမ်းမျိုးစုံနဲ့ တိုးမြှင့်သွားမှာဖြစ်ပြီး နျူကလီးယားလက်နက်နဲ့ လက်ဦးမှုယူ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ပါတယ်''ဟု ကင်က ပြောကြားသည်။

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက မြောက်ကိုရီးယားနိုင်ငံ၏ ဆိုရှယ်လစ်စနစ်ကျဆုံးအောင် စီစဉ်လုပ်ဆောင်နေသမျှကာလတစ်လျှောက်လုံး မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် စစ်အင်အား ဆက်လက်တိုးချဲ့နေမည်ဖြစ်ကြောင်း ကင်က ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ဧပြီ ၂၈ ရက်တွင် လုံခြုံရေးကောင်စီတွင်ဆွေးနွေးရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားနိုင်ငံက ပြတ်ပြတ်သားသား ငြင်းပယ်သွားမည်ဖြစ်ကြောင်း ကင်က ဆက်လက်ပြောကြားသည်။

အင်န်အိတ်ခ်ျကေ(ပြန်/ဆက်)

No comments:

Post a Comment