Latest News

Thursday, April 6, 2017

ဒုက္ခမှာလဲ အကန့်အသတ်ရှိတယ်

ဒုက္ခမှာလဲ အကန့်အသတ်ရှိတယ်

လူတိုင်း ဒုက္ခရောက်ကြမှာ ကြောက်ကြတယ်။ ပြီးတော့လူအများစုက ဒုက္ခကို  ခုခံကာကွယ်နိုင်စွမ်း မရှိကြဘူးလို့လည်း တွေးထင်ကြတယ်။ဒါဟာ မမှန်ဘူး ကျွန်မ ယူဆမိပါတယ်။

အချို့ဆိုရင် မရောက်လာသေးတဲ့ဒုက္ခကိုတောင် တွေးပြီး ကြိုပြီး ကြောက်နေကြတာကို တွေ့ရပါတယ်။ အချို့ကတော့  ဒုက္ခရောက်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် သတ်သေကြပါတယ်။

အချို့ကလည်း ပြောကြတယ်။ ဖြစ်လာမဲ့ ဒုက္ခကို ကြိုတွေးထားတာ၊ ကြိုပြီး ပြင်ဆင်ထားတာပါ၊ ဒါမှ ဖြစ်လာရင် ခံနိုင်ရည် ရှိမှာပေါ့လို့ပြောကြတယ်။ ဒါကို ကိုယ်က ကြိုပြီး တွေးထား၊ ကြိုပြီး  စိုးရိမ်ထား၊ ပင်ပူထားတဲ့အတွက် မဖြစ်မချင်း မပြီး မချင်း စိတ်ပူပင်မှုတွေနဲ့ နေနေရတဲ့ ဒုက္ခက ပိုကြီးမနေဘူးလားလို့ ယူဆမိလာတယ်။

ကျွန်မကိုယ်တိုင်လည်း ကြိုပြီး ပူပင်သောက ရောက်ခဲ့တာတွေရှိပါတယ်။ အဲဒီလို ပူပင်သောက ရောက်နေတဲ့အချိန်မှာ အခြား အလုပ်တွေကိုလည်း မလုပ်နိုင်၊ အကြံကောင်း ဥာဏ်ကောင်းတွေလည်း မထွက်နိုင်တဲ့တကယ်ပဲသောက ထဲမှာ ပိတ်မိနေတာ။

ပြီးတော့အဲဒီလို ကြိုပူထားတဲ့ကိစ္စက ဒုက္ခမဖြစ်ဘဲနဲ့ လုံးဝ မထင်မှတ်ထားတဲ့  ကိစ္စတစ်ခုကနေ ပြဿနာဖြစ်တယ်။ ဒုက္ခဖြစ်လာတယ်။ ထင်ထားတာ တစ်ခု ဖြစ်နေတာ တစ်ခု ဖြစ်တဲ့အတွက် ကိုယ့်မှာ တည်ငြိမ်မဲ့ မရှိဘဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတာမျိုးလည်း ဖြစ်သွားတတ်ပါတယ်။

ကျွန်မအနေနဲ့ အဲဒီလို တည်ငြိမ်မှုမဲ့သွားတာကို သင်ခန်းစာယူမိပါတယ်။

စဉ်းစားကြည့်တော့ ဒုက္ခဆိုတာ အချိန်မရွေးရောက်နိုင်သလို၊ ကိုယ်မထင်ထားတဲ့ ရှု့ထောင့်ကနေလည်း ရောက်လာတတ်တဲ့အမျိုးပါ။ ဒါကြောင့် ဖြစ်နိုင်ချေရှိတဲ့ဒုက္ခအတွက်လည်း ကြိုပြီး စိတ်ပူတာမျိုး၊ မဖြစ်နိုင်ချေ ရှိတဲ့ဒုက္ခအတွက်လည်း ကြိုပြီး ပူလောင်နေတာမျိုး မဖြစ်သင့်ဘူး၊ အဲဒါက အနည်းဆုံး ကိုယ့်ရဲ့ အချိန်၊ ကိုယ့်ရဲ့စိတ်အင်အားနဲ့ကိုယ့်ရဲ့လုပ်အားတွေကို ဖြုန်းတီးမိသလို ဖြစ်နေတယ်လို့မြင်လာမိတယ်။

ပြီးတော့ ကိုယ့်အတွေ့အကြုံအရ  ဘယ်ဒုက္ခမျိုးမဆို ဖြေရှင်းလို့ရတာချည်းပါပဲ။ ဒုက္ခဆိုတာလည်း မမြဲတဲ့ထဲမှာပါတယ်။ ခဏပဲ ကြုံရတာလေ။

အချို့ဒုက္ခတွေများ ကိုယ်ကတောင် မဖြေရှင်းလိုက်ရဘူး အချိန်က ကုစားပြီး ဖြေရှင်းပေးသွားတယ်။ ပြောရရင်တော့အချို့ဒုက္ခတွေက ကိုယ်ကထိပ်တိုက် မရင်ဆိုင်နိုင်ဘူး ဆိုရင် ဒီအတိုင်းသာ ထားလိုက်ပါ။ ဒုက္ခက သူ့ဟာသူ ကျော်လွန်သွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ဒုက္ခဆိုတာလည်း ထာဝရ တည်မြဲမနေပါဘူး။ သူ့မှာလည်း အကန့်သတ်နဲ့ သက်တမ်း ရှိနေတာကိုး။

ဒုက္ခဆိုတာ လူတွေကို အလဲထိုးတတ်ပေမဲ့  သူ့ကို အလဲထိုးခွင့်မပေးဘူး ဆိုရင် အလဲမထိုးနိုင်ပါဘူး။ သူနဲ့ကိုယ်နဲ့ မကြာခဏ တွေ့ရတတ်ပေမဲ့ ကိုယ့်မှာလည်း သူမမြင်နိုင်တဲ့စွမ်းအားတွေနဲ့တုန့်ပြန်နိုင်စွမ်း ရှိနေသေးတာကိုး။

ကိုယ့်အနေနဲ့  ပြုလုပ်သင့်တာက ဒုက္ခဖြစ်တယ်ဆိုရင် ဒါ ဘာကြောင့် ဖြစ်ရသလဲလို့သုံးသပ်သင့်တယ်လို့ ယူဆမိတယ်။

လောဘကြောင့် ဖြစ်ရတဲ့ဒုက္ခလား။ ဒါမှ မဟုတ် ကိုယ့်ရဲ့ဒေါသကို မထိန်းနိုင်ဘဲ ပေါက်ကွဲမိလို့ဖြစ်ရတဲ့ဒုက္ခလား။ ကိုယ့်အတ္တစိတ်ကြောင့် လား ဆိုတာ ကိုယ့်ကိုယ်ကို သုံးသပ်သင့်ပါတယ်။ အဲဒါကို သိပြီး မပြုပြင်နိုင်သေးဘူးဆိုရင်တော့  အဲဒီကာလပတ်လုံး ဒီလိုပဲ ဒုက္ခတွေ တွေ့လာနိုင်သေးတယ်။

ကိုယ့်ကိုယ်ကို ပြုပြင်စရာရှိတာ သိပြီး ပြုပြင်ခြင်းနဲ့ပြောင်းလဲခြင်းဆိုတာ ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် အရောင်တင်ပေးခြင်းနဲ့ ဒုက္ခတွေကို ကျောခိုင်းစေခြင်းပါပဲ။

ဒုက္ခရဲ့ မိတ်ဆွေက အတ္တဖြစ်နေတဲ့အတွက် ကိုယ့်အနေနဲ့အတ္တစိတ်ကို ထိန်းချုပ်နိုင်လေ ကိုယ့်မှာ ဒုက္ခနည်းပါးရလေပါပဲ။ ဒီသဘောတရားကို သိထားတဲ့ မာန်မာနထောင်လွှားတာမျိုး မရှိဘဲနဲ့ ရိုကျိုးနှိမ့်ချတတ်တဲ့သူတွေဆီမှာ ဒုက္ခဟာ မကြာခဏသွားရောက်လေ့မရှိဘူး။

ဘာကြောင့်လဲ ဆိုတော့ ရိုကျိုနှိမ့်ချထားတဲ့သူတွေက သူတို့ရဲ့မာနကို မျိုသိပ်နိုင်တယ်၊အတ္တကိုလည်း ထိန်းချုပ်နိုင်တယ်လေ။ဒါကြောင့် ဒုက္ခက သူတို့ကို အဆိုးဆုံး ထိခိုက်မှုတွေ မပေးနိုင်တာပါ။

အဲလိုမှ မဟုတ်ဘူး ဒုက္ခရောက်မယ်ဆိုတာ သိပြီး ကိုယ့်ရဲ့အတ္တနဲ့ မာနကို မထိန်းချုပ်နိုင်ဘူးဆိုရင် ကိုယ့်ဆီရောက်တဲ့ဒုက္ခက အကြီးကြီး ဖြစ်သွားတတ်တာကိုး။

ကျွန်မကတော့ဒုက္ခဆိုတာ လူတွေဆီကို လာတတ်ပါတယ်။ ပြီးရင် ပြန်ထွက်သွားတယ်။ ဒုက္ခကို အမြဲတမ်း ရင်ဆိုင်လို့ရတယ်။ ကိုယ့်စိတ်ထဲမှာ ဘာပဲ ဖြစ်ပါစေ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ စိတ်မျိုးကိုပဲမွေးထားလိုက်ရင်  ဒုက္ခဆိုရင်လည်း တည်ငြိမ်စွာနဲ့ပဲ ရင်ဆိုင်လာနိုင်တယ်။

အချို့ကတော့ ပြောပါတယ်။ ဒုက္ခကို အနိုင်ယူဖို့ဆိုရင် မာန်မာနကင်းပါ၊ အတ္တ၊လောဘနဲ့ဒေါသ ကင်းပါ ဆိုရင် ဒုက္ခကို အနိုင်ယူနိုင်သတဲ့။

အဲဒီလို ကင်းအောင် မလုပ်နိုင်သေးဘူး ဆိုရင်တော့
ဘယ်လိုပဲ ဖြစ်လာပါစေ အကောင်းဆုံး ရင်ဆို်င်မယ်ဆိုတဲ့ စိတ်ထားလေး ထားနိုင်ရင် ရပြီလို့ ကျွန်မကတော့ယူဆမိပါတယ်။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပါလို့ ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment