Latest News

Wednesday, April 5, 2017

သံလွင်မြစ်ကူးတံတား(ချောင်းဆုံ) ဖွင့်လှစ်မည့်ရက်ကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေး

သံလွင်မြစ်ကူးတံတား(ချောင်းဆုံ) ဖွင့်လှစ်မည့်ရက်ကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေး

မော်လမြိုင်၊ ဧပြီ (၄) ရက်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်မြစ်ကူးတံတား(ချောင်းဆုံ)နှင့်ပတ်သက်၍ ညွှန်ကြားချက် မရောက်လာ သေးသဖြင့် မည်သည့် နေ့တွင် တံတားဖွင့်လှစ်မည်ကို လက်ရှိတွင် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း တံတား တည်ဆောက်ရေး အထူးအဖွဲ့(၄)မှ သိရှိရသည်။  

“တံတား ဘယ်နေ့ဖွင့်မလဲဆိုတာ အခုချိန်ထိ ဘာညွှန်ကြားချက်တစ်စုံတစ်ရာမှ မထွက်သေးဘူး။ ဒါကြောင့် ဘယ်တော့ဖွင့်မလဲဆိုတာ မပြောနိုင်သေးဘူး။”ဟု တံတားတည်ဆောက်ရေးအထူးအဖွဲ့(၄)မှ လက်ထောက်ညွှန် ကြားရေးမှူး ဦးမျိုးသက်ထွန်းကပြောသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးတာဝန်ထမ်းဆောင်နေစဉ်ကာလက တံတားဖွင့်လှစ်မည့်ရက်ကို ၂၀၁၇ ခုနှစ် ဧပြီ ၉ ရက်အဖြစ် သတ်မှတ်ပြောဆိုမှုများရှိခဲ့သော်လည်း လက်ရှိအခြေအနေအရ ယင်းနေ့ရက်တွင် တံတားဖွင့်လှစ်နိုင်ရန်အစီအစဉ် မရှိသေးကြောင်း သိရသည်။

“တံတားခံနိုင်ဝန်အား(Load Test)၊ တန်(၂၀)လောက်ကားတွေ အစီး(၂၀)လောက်ဖြတ်မောင်းစစ်ဆေးခြင်းပြီးမှ ခံနိုင်ရည်ရှိပြီဆိုမှ တံတားဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်တယ်။”ဟု ဦးမျိုးသက်ထွန်းကပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီမံ၊ ဘဏ္ဍာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဝဏ္ဏကျော်ကလည်း တံတားဖွင့်မယ့်ကိစ္စနှင့်ပတ်သက်၍ ၎င်းလည်းမသိရှိသေးကြောင်း ဒီဇင်ဘာ ၄ ရက်တွင်ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ တံတားမှာ  (၉၉.၅)ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကာ ကျန်ရှိနေသည့် (၀.၅)ရာ ခိုင်နှုန်းကို တံတားပေါ်တွင်လိုအပ်သည့်အင်္ဂါရပ်များဖြစ်သော သတိပေးဆိုင်းဘုတ်များ၊ အရှိန်ထိန်းဆိုင်းဘုတ် များ၊ လမ်းလယ်မျဉ်းတားသည့်လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကာ အဆိုပါလုပ်ငန်းများကို ဧပြီလကုန်ပိုင်း တွင် အပြီးအစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်တံတား(ချောင်းဆုံ)အား ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးရန် ပြည်သူ့လွှတ်တော်တွင် အတည် ပြုခဲ့သဖြင့် ဒေသခံလူအင်အား(၃၀၀၀)ကျော်က ချောင်းဆုံမြို့၌ မတ် ၂ ရက်တွင်  ချီတက်လမ်းလျှောက်၍ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်သွယ်တန်းထားသည့် သံလွင်တံတား(ချောင်းဆုံ)တည်ဆောက်ရေးစီမံကိန်း ကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တံတားအမျိုးအစားမှာ သံမဏိသံပေါင် ကုန်းတံ တားအမျိုးအစားဖြစ်ကာ တံတားအရှည်မှာ(၁၅၈၆)မီတာ၊ အကျယ်မှာ(၈.၅)မီတာ၊ လူသွားလမ်းမှာ တစ်ဖက်  လျှင်(၁)မီတာနှင့် ရေလမ်းကင်းလွတ်အကျယ်(၁၃၀)မီတာ၊ အမြင့်(၁၄)မီတာရှိကြောင်း သိရသည်။

 ချိုမာအောင် (မြစ်မခ)



No comments:

Post a Comment