Latest News

Wednesday, April 5, 2017

သင်္ကြန်ကာလ နယ်ပြန်မည့် သူများ ညအိပ်စောင့်ကာ ကြိုတင်ရထားလက်မှတ်ဝယ်ယူနေရ

သင်္ကြန်ကာလ နယ်ပြန်မည့် သူများ ညအိပ်စောင့်ကာ ကြိုတင်ရထားလက်မှတ်ဝယ်ယူနေရ

ရန်ကုန်၊ ဧပြီ(၅)ရက်။

ရန်ကုန်ဘူတာကြီးရှိ ရက်ကြိုလက်မှတ်ရုံအရောင်းဌာနတွင် ဧပြီလပထမပတ်မှ စတင်ကာ ရထားလက်မှတ် ဝယ်ယူရန် ညအိပ်လာရောက်စောင့်ဆိုင်းကာ လက်မှတ်များကို တန်းစီဝယ်ယူသူများ ရှိနေကြောင်း ရန်ကုန်ဘူတာကြီး ရက်ကြို လက်မှတ်ရောင်းချသည့် ဝန်ထမ်းများထံမှ သိရှိရသည်။

အဆိုပါ လက်မှတ်ရောင်းချရာတွင် ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုရောင်းချကာ အထက်တန်းနှင့် အိပ်စင်လက်မှတ်များကို (၃)ရက်ကြိုတင်ရောင်းချပေးနေကြောင်း သိရသည်။

“လက်မှတ်ဝယ်ဖို့တန်းစီသူတွေက မိုးလင်း(၂)နာရီ လောက်ကတည်းကလာစောင့်နေကြတာ အချို့ဆိုရင် ညက တဲက အိပ်စောင့်နေတဲ့သူတွေတောင်ရှိတယ်။ ကျွန်တော်တို့ လက်မှတ်ရောင်းတဲ့ရုံက မနက်(၅)နာရီမှ စဖွင့်တာ သူတို့တွေက အပြင်ပလက်ဖောင်းမှာ စီနီယာအတိုင်းတန်းစီပြီး စောင့်နေကြတာ။ အဲဒါလဲ လာစောင့်သူ အကုန် လုံးမရကြဘူး ရမသွားတဲ့သူတွေကလဲ အများကြီးဆိုတော့ လူဦးရေကိုတော့ မခန့်မှန်းနိုင်ဘူး။”ဟု ရန်ကုန်ဘူတာကြီး ရက်ကြို လက်မှတ်အရောင်းဌာနမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

ရထားလက်မှတ်ကြိုတင်ရောင်းချရာတွင် လူတစ်ဦးလျှင် လက်မှတ်(၅)စောင်ထိ ရောင်းပေးနေကြောင်း သိရသည်။

“ရထားလက်မှတ်ကသင်္ကြန်ဆိုနှစ်တိုင်းကြပ်တယ်။ ဒါပေမယ့် ဒီနှစ်က သင်္ကြန်အတွက် အထူးရထားဆိုပြီး တစ်စင်းပိုပြေးဆွဲပေးတော့ ခရီးသည်တွေအတွက် ပိုအဆင်ပြေစေတာပေါ့။ ဒါပေမဲ့ လက်မှတ်တန်းစီတဲ့ အခါမှာ တချို့က တစ်ယောက်ထဲနဲ့ လက်မှတ်ငါးစောင်ဝယ်ပြီး အဲရုံအပြင်ရောက်တာနဲ့ လက်မှတ်တွေကို ဈေးတင် ရောင်းတယ်။ ကျွန်တော်ဆိုရင် မနက်ခြောက်နာရီလောက်ရောက်တော့ ဧပြီ(၈)ရက်အတွက် လက်မှတ် မရတော့ဘူး။ ကုန်သွားပြီတဲ့။ အချို့ဆိုရင် ညအိပ်ပြီးတောင်စောင့်နေကြရတယ်။”ဟု ရန်ကုန်မြို့မှ မန္တလေးမြို့သို့သွားရန် ကြိုတင်ရထားလက်မှတ်လာဝယ်သူ ကိုသန့်စင်ကပြောသည်။

သင်္ကြန်ကာလရုံးပိတ်ရက်အတွက် ကားလက်မှတ်များဈေးနှုန်းမြင့်တက်နေသော်လည်း ရထားလက်မှတ်များမှာ ဈေးနှုန်းပုံမှန်အတိုင်းရောင်းချပေးနေခြင်းကြောင့် ရထားစီးသူများနေကြောင်း လက်မှတ်ဝယ်ယူသူများထံမှ သိရသည်။

၂၀၁၇ ခုနှစ် သင်္ကြန်ကာဖြစ်သည့် ဧပြီ(၁၄)ရက်မှ (၁၆)ရက်ထိ (၁)ရန်ကုန်-မန္တလေးလမ်းပိုင်းအတွက် အမှတ်(၅၊ ၆)အဆန်၊ အစုန်ရထား၊ (၂)ရန်ကုန်-မော်လမြိုင်လမ်းပိုင်း အမှတ်(၃၅၊ ၃၆)အဆန်၊ အစုန်ရထား၊
(၃)ရန်ကုန်-မြစ်ကြီးနားလမ်းပိုင်း အမှတ်(၃၇၊ ၃၈) (၅၇၊ ၅၈) အစုန်၊ အဆန်ရထား၊ (၄)ရန်ကုန်-နေပြည်တော် လမ်းပိုင်း အမှတ်(၇၊ ၈) အဆန်၊ အစုန်ရထား၊ (၅) ရန်ကုန်-ပုဂံလမ်းပိုင်း အမှတ်(၆၁၊ ၆၂) အဆန်၊ အစုန်ရထား၊
(၆)ရန်ကုန်-ပြည်လမ်းပိုင်း အမှတ်(၇၁၊ ၇၂) အဆန်၊ အစုန် အမြန်ရထားများပြေးဆွဲခြင်းကို ရပ်နားမည်ဖြစ်ပြီး သင်္ကြန်တွင်း အထူးရထားအဖြစ် ရန်ကုန်- မန္တလေး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းအောင်မြင် (မြစ်မခ)

No comments:

Post a Comment