Latest News

Thursday, April 20, 2017

တိုင်းဧရာသာပေါင်းမြို့နယ်အတွင်း စပါးအရောင်းအဝယ်များ ရပ်တန့်နေခြင်းကြောင့် စပါးစိုက်တောင်သူများ အခက်အခဲဖြစ်ပေါ်

တိုင်းဧရာသာပေါင်းမြို့နယ်အတွင်း စပါးအရောင်းအဝယ်များ ရပ်တန့်နေခြင်းကြောင့် စပါးစိုက်တောင်သူများ အခက်အခဲဖြစ်ပေါ်

သာပေါင်း၊ ဧပြီ (၁၉)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်း ဧပြီလလယ်ခန့်မှ စတင်ကာ စပါးအရောင်းအဝယ်များ  ရပ်တန့်နေခြင်းကြောင့် စပါးဈေးနှုန်းများ ဆက်တိုက်ကျဆင်းကာ စပါးစိုက်တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံ စပါးစိုက်တောင်သူများထံမှ သိရှိရသည်။

ယင်းဒေသတွင် လက်ရှိ အချိန်၌ စပါးအကြမ်း တင်း (၁၀၀) လျှင် ကျပ် (၃၅၀၀၀၀)ခန့်သာ ဈေးပေါက် နေကြောင်း သိရသည်။

“သင်္ကြန်မတိုင်မီထဲက စပါးအရောင်းအ၀ယ်တွေက အေးသွားတာ ဈေးလဲအရမ်း ကျတယ်။ အခုရက်ပိုင်း မိုးက ရွာတော့ မရောင်းရသေးတဲ့ စပါးတွေကို မိုးစိုမှာ စိုးလို့ ထုတ်ရောင်းချင်ပေမယ့် အရောင်းအ၀ယ်က မဖြစ်တော့ တောင်သူတွေအတွက် အခက်အခဲတွေဖြစ်လှပါတယ်။”ဟု သာပေါင်းမြို့နယ်၊ ဆတ်သွားကျေးရွာမှ စပါးစိုက်တောင်သူ ဦးပြည့်လင်းက ပြောသည်။

စပါးအရောင်းအ၀ယ်မရှိခြင်းကြောင့် စပါးဈေးနှုန်းများကျဆင်းကာ စားဝတ်နေရေးအတွက် စပါးကို အဓိကထား စိုက်ပျိုးရောင်းချနေရသည့် တောင်သူများအတွက် ငွေကြေးအခက်အခဲ များစွာကြုံတွေ့နေရကြောင်း သိရသည်။

“စက်တွေမှာ စပါးတွေဆန်တွေက ပုံထပ်နေတာ ကျွန်တော်တို့ ကုန်သည်တွေလဲအရမ်း အခက်အခဲတွေ ရှိနေပါတယ်။ အရှုံးပေါ်တာမျိုးလဲရှိတယ်။ ငွေမလည်တာမျိုးလဲရှိနေပါတယ်။”ဟု ဒေသတွင်း စပါးကုန်သည် ဦးကိုဦးက ပြောသည်။

သာပေါင်းမြို့နယ်တွင် ဒေသခံများသည် စပါးစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်ကြပြီး မုရင်းစပါးစိုက်ဧက(၁) သိန်းကျော်အထိရှိကြောင်း သိရသည်။

မျိုးသက်ဦး (မြစ်မခ)

No comments:

Post a Comment