Latest News

Thursday, April 20, 2017

တိုင်းဧရာ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကွမ်းဈေးများ သင်္ကြန်ပြီးချိန်အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်

တိုင်းဧရာ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကွမ်းဈေးများ သင်္ကြန်ပြီးချိန်အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်

မော်လမြိုင်ကျွန်း၊ ဧပြီလ(၁၉)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသထွက်ကွမ်းရွက်ဈေးနှုန်းမှာ ဧပြီလပထမပတ်မှစ၍ သင်္ကြန်ပြီးချိန်အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသတွင်း ကွမ်းရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။

”အခုထိတော့ ဈေးပြန်မကျသေးဘူး။ ဈေးမြင့်တက်နေပေမယ့် ရောင်းအားကတော့ လျော့မသွားပါဘူး။ သင်္ကြန် ရက်ထက် အခုကတောင် ပိုရောင်းကောင်းနေတယ်။”ဟု ဒေသတွင်း လက္ကားကွမ်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေးမော်က ပြောသည်။

ယခင်က ရိုးရိုးကွမ်းတစ်ပိဿာလျှင် ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်ထိ၊ ယာကွမ်းအသန့်(ရှယ်)တစ်ပိဿာလျှင် ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ် ထိရှိခဲ့ပြီး လက်ရှိ ရိုးရိုးကွမ်း တစ်ပိဿာလျှင်  ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ထိ၊ ယာကွမ်းအသန့်(ရှယ်)တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။

“သင်္ကြန်ရက်တုန်းက ပုံမှန်ထက်ကွမ်းတွေကို ပိုခူးခဲ့ရတယ်။ ကွမ်းဒိုင်တွေကို ကွမ်းဝယ်လိုအားများလို့ ပိုခူးပေးဖို့ မှာခဲ့ကြတာ။ ကျန်ခဲ့တဲ့ရက်က လေဒဏ်ကြောင့် ပျက်စီးမှုမရှိခဲ့ပါဘူး။ နည်းနည်းပါးပါးကွမ်းတိုင်လေးတွေ ယိုင်တာမျိုးပဲ ရှိပါတယ်။ ဒါကိုလည်း ပြုပြင်ပြီးပါပြီ။ အခုလည်း ပုံမှန် တိုင်ကွမ်းတွေကို ခူးနေပါတယ်။ ဒေသ ဝယ်လိုအားများပြီး ဈေးကောင်းရတော့ အပျက်အစီးမခံနိုင်လို့ အားချင်းပြင်ပြီး အသေအချာ ဂရုစိုက်နေရတယ်။”ဟု ကွမ်းခြံပိုင်ရှင် ဒေါ်စိန်မြင့်က ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံများအနေဖြင့် သင်္ကြန်ကာလမှ နှစ်ဆန်း(၁)ရက်၊ (၂)ရက်နေ့များအထိ အလှူ အတန်းများပြုလုပ်ကြသဖြင့် ရိုးရာအစားအစာအဖြစ် ကွမ်းကို ထည့်သွင်းဧည်ခံကြခြင်းကြောင့် ဈေးများ မြင့်တက်နေခြင်းဖြစ်သည်။

”အစ်မကတော့ ကွမ်းယာရောင်းတဲ့အခါ ကွမ်းဈေးတက်ရင် ကိုယ့်အတွက် အမြတ်ကျန်အောင် မနည်းလုပ်နေရ  တယ်။ အခုလက်ရှိတက်နေတဲ့ ကွမ်းဈေးကသင်္ကြန်မတိုင်မီ တစ်ပတ်အလိုကတည်းက တက်နေတာပါ။” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံ ကွမ်းယာအရောင်းဆိုင်မှာ မအိအိထွေးက ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်သည် ကွမ်းထွက်သည့် ဒေသဖြစ်ပြီး ထွက်ရှိလာသည့် ကွမ်းများကို ဘိုကလေးမြို့နှင့် မော်လကျွန်းမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ကွမ်းဒိုင်များမှ သိရသည်။

ကျော်ထက်လင်း (မြစ်မခ)

No comments:

Post a Comment