Latest News

Friday, April 14, 2017

မန်းရွှေစက်တော်ဘုရားသို့ ဘုရားဖူးလာပြည်သူများ အထူးများပြား

မန်းရွှေစက်တော်ဘုရားသို့ ဘုရားဖူးလာပြည်သူများ အထူးများပြား

မင်းဘူး ဧပြီ ၁၄

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ပါဒခြေတော်ရာနှစ်ဆူဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ယခု အချိန်ထိ ဘုရားဖူးလာသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရား၏ (၃၇)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်း ဧပြီ ၁၂ ရက်က စည်ကားစွာကျင်းပခဲ့သည်။

ယခုနှစ် သင်္ကြန်အကြိုနေ့တွင် ဘုရားဖူးယာဉ်များ အဆက်မပြတ်ဝင်ရောက်ခဲ့ပြီး နံနက်လင်းချိန်မှစ၍ ဘုရားဖူးလာသည့်ယာဉ်တန်းကြီးမှာ လျော့မသွားဘဲ မန်းရွှေစက်တော်ဘုရားပွဲတော်၏ ဘုရားဖူးအများဆုံး လာရောက်သည့် စံချိန်တင်နေ့တစ်နေ့ဖြစ်ခဲ့ကြောင်း သိရသည်။ ဘုရားဖူးလာသူများအတွက် တည်းကျောင်းငှားရမ်းခများမှာ သတ်မှတ်နှုန်းထားအတိုင်း ဈေးနှုန်းသက်သာသောကြောင့် ယခုနှစ်တွင် ဘုရားဖူးလာရောက်သူများ စိတ်ကျေနပ်မှု ရရှိကာ အလှူငွေများရရှိမှုမှာ ယခင်နှစ်ထက် သိန်းတစ်သောင်းကျော် ပိုမို ရရှိခဲ့သည်။ ယခင်နှစ်ဘဏ္ဍာငွေ အရပ်ရပ်အတွက် အလှူခံရငွေမှာ ကျပ်သန်း ပေါင်း ၃၈၄၂၅၃၃၂၃၉ ဒသမ ၉၈ ရှိပြီး ယခုနှစ် ဧပြီ ၁၂ရက်ထိ အသုံးစရိတ် နုတ်ပြီး အလှူခံရရှိငွေမှာ ကျပ်သန်း ၄၈၆၁၂၃၉ဝ၆၅ ဒသမ ၄၁ ရရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားကြီး၏ ပါဒခြေတော်ရာနှစ်ဆူပိတ်ပွဲကို ဧပြီ ၁၈ ရက် (မြန်မာနှစ်ဆန်း ၂ ရက်)တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဈေးဆိုင်ခန်းများနှင့် တည်းခိုဆောင်များကို ဧပြီ ၂၃ ရက်အထိ ဆက်လက်ဖွင့်ခွင့်ပေးထားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှဘုရားဖူးပြည်သူများ လာရောက်အပန်းဖြေနိုင်ကြောင်း သိရသည်။

မေသူလွင် (မကွေးကိုယ်ပွား)

No comments:

Post a Comment