Latest News

Friday, April 14, 2017

မြောက်ကိုရီးယားအရေး တင်းမာမှုများမြင့်တက်နေချိန် အမေရိကန် ဒုတိယသမ္မတ ဆိုးလ်သို့ရောက်မည်

မြောက်ကိုရီးယားအရေး တင်းမာမှုများမြင့်တက်နေချိန် အမေရိကန် ဒုတိယသမ္မတ ဆိုးလ်သို့ရောက်မည်


ဝါရှင်တန် ဧပြီ ၁၄

မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ကို အကြောင်းပြု၍တင်းမာမှုများ မြင့်တက်လာနေစဉ်အတွင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်သည် တောင်ကိုရီးယားနိုင်ငံသို့ ဧပြီ ၁၆ ရက်တွင် သွားရောက်ရန်စီစဉ်ထားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

အာရှဒေသ ၁ဝ ရက်ကြာခရီးစဉ်ကို အစပျိုးမှု အဖြစ် ပန့်စ်သည် မြို့တော်ဆိုးလ်သို့ ရောက်ရှိလာမည်ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ဆဋ္ဌမအကြိမ် နျူကလီးယားစမ်းသပ်မှုတစ်ရပ်ကို မကြာမီပြုလုပ်ဖွယ်ရှိသည်ဟု စိုးရိမ်ပူပန်မှုများ ပေါ်ထွက်နေစဉ် ပန့်စ်က အာရှတစ်ခွင် ခရီးနှင်မည်ဖြစ်သည်။

ထိုစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်နှင့် ပတ်သက်၍ သတိပေးပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ဆာရင်အာရုံကြောအဆိပ် ဓာတ်ငွေ့ထည့်သွင်းနိုင်သော ဒုံးကျည်ထိပ်ဖူးများကို ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု ယူဆရကြောင်း ဝန်ကြီးချုပ်အာဘေးက ပါလီမန်အစည်းအဝေးတစ်ရပ်တွင် ပြောကြားသည်။

အာရုံကြောထိခိုက်စေနိုင်သော ဆာရင်အဆိပ် ဓာတ်ငွေ့ပါဝင်သော ထိပ်ဖူးများကို မြောက်ကိုရီးယား က ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု ထင်မြင်ယူဆရကြောင်း ဝန်ကြီးချုပ်အာဘေးက အထက်လွှတ်တော် အမတ်များအား ဧပြီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံရှိ ဘာသာရေးအယူသည်းဂိုဏ်း တစ်ဂိုဏ်းဖြစ်သော ဥုမ်ရှင်ရီကျိုဂိုဏ်းသည် ၁၉၉၅ ခုနှစ်က မြို့တော်တိုကျို၌ မြေအောက်ရထားဘူတာရုံများကို ပစ်မှတ်ထားကာ ဆာရင်အာရုံကြော အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်ရေးအစီအစဉ်ကို အကြောင်းပြု၍ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုပိုမိုမြင့်မားလာ နေချိန်တွင် အမေရိကန်က ယင်းကျွန်းဆွယ်အနီး အပါးသို့ ရေတပ်တိုက်ခိုက်ရေး အုပ်စုတစ်စုကို စေလွှတ်မည်ဟု ကြေညာခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံကို တစ်ဖက်သတ်အရေးယူမှုပြုလုပ်မည်ဟု အမေရိကန်အစိုးရက သတိပေးခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ မွေးနေ့ ၁ဝ၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကာလအတွင်း ယင်းနိုင်ငံက လက်နက်စမ်းသပ်မှုအသစ် ပြုလုပ်ဖွယ်ရှိသည်ဟု စိုးရိမ်ပူပန်မှုများ ပေါ်ထွက်ခဲ့သည်။

ရိုက်တာ(ပြန်/ဆက်)

No comments:

Post a Comment