Latest News

Wednesday, April 26, 2017

အမေရိကန်၏ အဆင့်မြင့် ဒုံးခွင်းစနစ် တောင်ကိုရီးယားသို့ ရောက်ရှိ

အမေရိကန်၏ အဆင့်မြင့် ဒုံးခွင်းစနစ် တောင်ကိုရီးယားသို့ ရောက်ရှိ

မြောက်ကိုရီးယား၏နျူကလီးယား ရည်မှန်းချက်များအတွက် တင်းမာမှု မြင့်တက်နေစဉ်အတွင်း အမေရိကန်၏ အဆင့်မြင့် ဒုံးခွင်းစနစ်သည် တောင်ကိုရီးယားတွင် ချထားမည့် နေရာသို့ ဧပြီ ၂၆ ရက်၌ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ပြုံယမ်း၏ အဓိက မဟာမိတ်ဖြစ်သော ပေကျင်းအနေဖြင့် မြောက်ကိုရီးယားအား ဟန့်တားရန်အတွက် အရှိန်မြှင့် လုပ်ဆောင်ရန် ၀ါရှင်တန်က တိုက်တွန်းနေခဲ့သော်လည်း တရုတ်က တောင်ကိုရီးယားတွင် အမေရိကန် အဆင့်မြင့် ဒုံးခွင်းစနစ် Terminal High Altitude Area Defense(THAAD) ချထားမည့် အစီအစဉ်အား ဒေါသတကြီး တုံ့ပြန်ခဲ့သည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် ရည်ရွယ်၍ ယင်းဒုံးခွင်းစနစ် ချထားရန် အမေရိကန်နှင့် ၎င်း၏ မဟာမိတ် တောင်ကိုရီးယားတို့က ပြီးခဲ့သောနှစ်တွင် သဘောတူညီချက် ရရှိခဲ့သည်။ တရုတ်ကမူ ယင်းဒုံးခွင်းစနစ်သည် ၎င်း၏ ပဲ့ထိန်းဒုံးစနစ် စွမ်းဆောင်ရည်ကို အားလျော့စေမည်ဟု စိုးရိမ်ခဲ့ပြီး ဒေသတွင်း လုံခြုံရေးဆိုင်ရာ ချိန်ခွင်လျှာကို ကမောက်ကမ ဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

ရုပ်သံများတွင် ထုတ်လွှင့်မှုအရ တောင်ကိုရီးယားတောင်ပိုင်းရှိ ဂေါက်ကွင်းတစ်ခုသို့ ဧပြီ ၂၆ ရက်အစောပိုင်းတွင် ဒုံးခွင်းစနစ်နှင့် ဆက်စပ်သော ကိရိယာများဟု ယူဆရသည့် ပစ္စည်းများအား ဖုံးအုပ်လျက် သယ်ဆောင်လာသော နောက်တွဲယာဉ်ကြီးများကို မြင်တွေ့ခဲ့ရသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေ အလားအလာအတွက် စိုးရိမ်နေသော ရာနှင့်ချီသည့် ဒေသခံများက ဒေါသတကြီး ဆန္ဒပြခဲ့ကြပြီး အချို့သည် ရဲများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ယခုနှစ်ကုန် မတိုင်မီ THAAD ဒုံးခွင်းစနစ်အား အပြည့်အ၀ တပ်ဆင်အသုံးပြုနိုင်ရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ခဲ့သည်။ လာမည့်လတွင် တောင်ကိုရီးယား၌ သမ္မတ ရွေးကောက်ပွဲ မကျင်းပမီ ယင်းဒုံးခွင်းစနစ် ချထားရေးနှင့် ပတ်သက်၍ ဆိုးလ်နှင့် ၀ါရှင်တန်တို့က တွန်းအားပေး လုပ်ဆောင်ခဲ့ကြသည်။ သို့သော် သမ္မတဟောင်း ပက်ကွမ်ဟီးနေရာ ဆက်ခံနိုင်ရန် အလားအလာကောင်းနေသည့် လက်ဝဲယိမ်း ဒီမိုကရက်တစ် ပါတီခေါင်းဆောင် မွန်ဂျဲအင်း အပါအ၀င် သမ္မတကိုယ်စားလှယ်လောင်း အချို့က ယင်းဒုံးခွင်းစနစ်နှင့် ပတ်သက်၍ ဒွိဟ ဖြစ်နေသည်။

THAAD စနစ် ချထားမည့် အစီအစဉ်ကြောင့် တရုတ်က တောင်ကိုရီးယား ခရီးသွားကဏ္ဍကို လက်တုံ့ပြန်ခဲ့သည်။ တောင်ကိုရီးယားသို့ တရုတ်ခရီးသွားများ သွားရောက်မှုအား ပိတ်ပင်မှုသည် မတ် ၁၅ ရက်မှသာ အာဏာသက်ဝင်ခဲ့သော်လည်း ပြီးခဲ့သောလတွင် ဆိုးလ်သို့ တရုတ်ခရီးသွား လည်ပတ်မှုသည် ရာခိုင်နှုန်း ၄၀ ကျဆင်းခဲ့ကြောင်း သိရသည်။ ဒုံးခွင်းစနစ် ချထားမည့် မြေနေရာအတွက် အစိုးရကို ဆောင်ဂျုဂေါက်ကွင်း ပေးအပ်ခဲ့သည့် လက်လီလုပ်ငန်း ကုမ္ပဏီကြီး Lotte သည်လည်း ပစ်မှတ်ထားခံခဲ့ရပြီး တရုတ်ရှိ ၎င်း၏ စတိုးဆိုင် ၉၉ ဆိုင်အနက် ၈၅ ဆိုင်ကို ပိတ်ပစ်ခဲ့ရကြောင်း သိရသည်။

THAAD စနစ်သည် တာတိုနှင့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်များအား ကြားဖြတ် ဟန့်တား၍ ပစ်ချရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ မြောက်ကိုရီးယားက နောက်ဆုံး အင်အားပြသမှုအဖြစ် စစ်တပ်ထူထောင်မှု နှစ်ပတ်လည်နေ့တွင် ခေါင်းဆောင်ကင်ဂျုံအွန်၏ ကြီးကြပ်မှုဖြင့် ပြုလုပ်သော အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို အစိုးရပိုင် မီဒီယာက ဧပြီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment