Latest News

Wednesday, April 26, 2017

မြောက်ကိုရီးယားက စစ်တပ်နှစ်ပတ်လည်နေ့တွင် အကြီးဆုံး အမြောက်စစ်ရေး လေ့ကျင့်မှုကြီးကို ပြုလုပ်ခဲ့ဟု ထုတ်ပြန်

မြောက်ကိုရီးယားက စစ်တပ်နှစ်ပတ်လည်နေ့တွင် အကြီးဆုံး အမြောက်စစ်ရေး လေ့ကျင့်မှုကြီးကို ပြုလုပ်ခဲ့ဟု ထုတ်ပြန်

မြောက်ကိုရီးယား၏ အဓိကကျသော စစ်တပ်နှစ်ပတ်လည်နေ့ တစ်ခု၌ ခေါင်းဆောင် ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ်ခဲ့သည့် နိုင်ငံ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ကြီးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ဧပြီ ၂၆ ရက်တွင် မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာ၌ ချီးမွမ်း ဂုဏ်ပြုခဲ့သည်။

ဧပြီ ၂၅ ရက်က ကျရောက်သော မြောက်ကိုရီးယား တပ်မတော် တည်ထောင်သည့် ၈၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် မြောက်ကိုရီးယားသည် ဆဋ္ဌမမြောက်နျူကလီးယား စမ်းသပ်မှုကြီး သို့မဟုတ် ဒုံးကျည်စမ်းသပ်မှု တစ်ခုခုကို ပြုလုပ်နိုင်သည်ဟု ထင်ကြေးများ မြင့်တက်နေခဲ့သည်။ သို့သော် ယင်းအစား ကိုရီးယား ပြည်သူ့တပ်မတော်သည် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအရှေ့ပိုင်းရှိ ၀န်ဆန်ဆိပ်ကမ်းမြို့၌ အကြီးဆုံး အမြောက်စစ်ရေးလေ့ကျင့်မှုကြီး တစ်ခုကို စစ်သေနာပတိချုပ်ကင်၏ ကြီးကြပ်မှုဖြင့် ပြုလုပ်ခဲ့သည်ဟု အစိုးရမီဒီယာ KCNA တွင် ဖော်ပြခဲ့သည်။

“ရေငုပ်သင်္ဘောတွေဟာ ရန်သူ့စစ်သင်္ဘောတွေကို တော်ပီဒိုတွေနဲ့ ပစ်ခတ်ဖို့ အလျင်အမြန် ရေငုပ်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ လေယာဉ်တွေကလည်း ဗုံးတွေ ကြဲချခဲ့ကြတယ်။ ရဲရင့်တဲ့ အမြောက်စစ်သည်တွေကတော့ ပစ်မှတ်တွေကို တိတိကျကျနဲ့ အညှာတာကင်းမဲ့စွာ ပစ်ခတ်ခဲ့ပါတယ်” ဟု ကင်ဂျုံအွန်၏ ပြောကြားချက်ကို ကိုးကားပြီး KCNA တွင် ဖော်ပြခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုကြီး အပြီးတွင် တပ်ဖွဲ့ဝင်များသည် ကင်ဂျုံအွန်ကို သစ္စာခံကြောင်းနှင့် သေနတ် ၁၀ သန်း၊ ဗုံး ၁၀ သန်းဖြင့် ကင်ကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်လေ့ရှိသည့် နွေဦးကာလတွင် မြောက်ကိုရီးယား၏ လေလုံးများမှာလည်း ယခုကဲ့သို့ ပြင်းထန်လေ့ရှိသည်။ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ အာဘော်များကို ဖော်ပြသော နိုဒေါင်ရှင်မွန် သတင်းစာတွင် ထိုစစ်ရေးလေ့ကျင့်မှု အကြောင်းအား ဓာတ်ပုံများစွာဖြင့် စာမျက်နှာသုံးမျက်နှာခွဲ၍ ဖော်ပြခဲ့သည်။ မျက်နှာဖုံးစာမျက်နှာတွင် တင့်ကားရာပေါင်းများစွာက တန်းစီနေစဉ် ကင်ဂျုံအွန်က ၎င်း၏ မာစီးဒီးကားနက်ကို စီးနင်းလျက် ရောက်ရှိလာပုံကို ဖော်ပြခဲ့သည်။ ကင်သည် အမြောက်ပစ်ခတ်မှုများကို ကြည့်ရှုနေစဉ် ရယ်မောနေပုံများ အပါအ၀င် စစ်ရေးလေ့ကျင့်မှု၏ အသေးစိတ် ဓာတ်ပုံ ၃၀ ကျော်ကိုလည်း ဖော်ပြခဲ့သည်။

လက်ရှိတွင် အမေရိကန်သည် လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson ဦးဆောင်သော စစ်သင်္ဘောအုပ်စုကို ကိုရီးယား ကျွန်းဆွယ်သို့ စေလွှတ်လိုက်ပြီး ယခုသီတင်းပတ်နှောင်းပိုင်းတွင် ရောက်ရှိနိုင်ဖွယ်ရှိသည်။ မြောက်ကိုရီးယားကမူ ဗင်ဆင်လေယာဉ်တင်သင်္ဘောကြီး၏ တပ်ဖြန့်မှုကို ဗြောင်ကျကျ စစ်ရေးအကျပ်ကိုင်သည့် လုပ်ရပ်ဟု ခေါ်ဆိုခဲ့ပြီး ယင်းလေယာဉ်တင်သင်္ဘောကြီးကို ပင်လယ်ထဲမှာပင် နှစ်မြှုပ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment