Latest News

Wednesday, April 26, 2017

ရုရှား အိမ်နီးချင်း အက်စတိုးနီးယားသို့ ရေဒါမှ ရှောင်ကွင်းနိုင်သော တိုက်လေယာဉ်များ အမေရိကန် စေလွှတ်

ရုရှား အိမ်နီးချင်း အက်စတိုးနီးယားသို့ ရေဒါမှ ရှောင်ကွင်းနိုင်သော တိုက်လေယာဉ်များ အမေရိကန် စေလွှတ်

အမေရိကန်လေတပ်၏ အဆင့်အမြင့်ဆုံး စစ်လေယာဉ် အမျိုးအစားဖြစ်သော F-35 လေယာဉ်နှစ်စင်းသည် ဧပြီ ၂၅ ရက်က အက်စတိုးနီးယားနိုင်ငံသို့ ပထမဆုံး ရောက်လာခဲ့ကြကြောင်း သိရသည်။ အိမ်နီးချင်းရုရှားနှင့် တင်းမာမှု မြင့်တက်နေသည့် သေးငယ်သော နေတိုးအဖွဲ့ဝင်နိုင်ငံ အက်စတိုးနီးယားတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် ရေဒါမှ ဖမ်းယူ၍ မရနိုင်သော အမေရိကန် စစ်လေယာဉ်များ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုကဲ့သို့ လေယာဉ်များ ရောက်လာခြင်းသည် အမေရိကန်၏ နေတိုးအဖွဲ့ဝင်များအပေါ် ကတိပြုမှုအား ထင်ရှားစေသည်ဟု အက်စတိုးနီးယား ကာကွယ်ရေး အရာရှိများက ရှုမြင်ကြသည်။
နေတိုးသည် ခေတ်ကုန်သွားပြီဟု ပြောခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ထေ့လုံးငေါ့လုံးများကြောင့် ရုရှားနှင့် ထိစပ်နေသော ဥရောပ အရှေ့ဘက်စွန်းမှ အဖွဲ့ဝင်နိုင်ငံများမှာ တုန်လှုပ်ခြောက်ခြားခဲ့ရသည်။ သို့သော် ထရန့်သည် နောက်ပိုင်းတွင် ဝေဖန်မှုများပြုလုပ်နေရာမှ နောက်ကြောင်း ပြန်လှည့်ခဲ့သည်။

“အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေ ဥရောပမှာ ရှိနေခြင်းဟာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ အားလုံးရဲ့ အချုပ်အခြာအာဏာကို အာမခံပေးရာ ရောက်ပါတယ်” ဟု အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီး မာဂတ်စ်ဆာနာက ပြောကြားခဲ့သည်။

အမေရိကန်လေတပ်သည် ယခုလ အစောပိုင်းကတည်းက နေတိုးအဖွဲ့ဝင် နိုင်ငံများနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် ၎င်း၏ စစ်လေယာဉ် အမျိုးမျိုးကို တပ်ဖြန့်မှုများ ပြုလုပ်ခဲ့သည်။

ရေဒါမှ ရှောင်ကွင်းနိုင်သော စွမ်းရည်ရှိသည့် F-35 လေယာဉ်သည် အမျိုးအစားတူ လေယာဉ်များအနက် အဆင့်အမြင့်ဆုံးဟု သတ်မှတ်ခံထားရသည်။

Eleven Media Group

No comments:

Post a Comment