မြောက်ကိုရီးယား အခြေအနေ တင်းမာနေဆဲ
မြောက်ကိုရီးယားနိုင်ငံမှာ ၈၅ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားကို လာမယ့် အင်္ဂါနေ့ ကျင်းပဖို့ ပြင်ဆင်နေစဉ်အတွင်း တောင်ကိုရီးယားက သူတို့နိုင်ငံမှာ မနေ့က အရေးပေါ်တပ်လှန့်နှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီအတွင်း မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့အတွက် တိုကျိုမြို့ကို အမေရိကန် အထူးသံတမန် Joseph Yun ဂျိုးဇက် ယွန် လာမယ့်အပတ်မှာ သွားရောက်ပြီး ဂျပန်နဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်တွေကို တွေ့ဆုံမယ်လို့ ကန် နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။
တချိန်တည်းလိုလိုမှာပဲ ဘေဂျင်းက လာတဲ့သတင်းအရ ကုလသမဂ္ဂချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အပြည့်အဝလိုက်နာတဲ့အနေနဲ့ မြောက်ကိုရီးယားကို တရုတ်နိုင်ငံက ကျောက်မီးသွေးတင်ပို့မှု လုံးဝရပ်ဆိုင်းထားကြောင်းနဲ့ တပြိုင်နက်မှာ ကိုရီးယားပြသနာကို တွေ့ဆုံဆွေးနွေးပွဲနဲ့ အဖြေရှာမယ့် နည်းလမ်းကိုလည်း ဆက်လက်ကိုင်စွဲထားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ပြောတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာတော့ လောင်စာဆီတွေ ပြတ်တောက်တော့မယ်ဆိုတဲ့ သတင်းကြောင့် ဓါတ်ဆီဆိုင်တွေမှာ ကားတွေစုပြုံတန်းစီနေကြပါတယ်။ တချို့ဓါတ်ဆီဆိုင်တွေကလည်း သံတမန်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုပဲ ရောင်းချနေကြပြီး ဆိုင်တချို့တော့ လုံးဝပိတ်ထားပြီလို့ ဆိုပါတယ်။
တပြုင်နက်မှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂူတာရက်စ် နဲ့ သမတ ထရမ့်တို့ အိမ်ဖြူတော်မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် လာမယ့် တနင်္လာနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေ ဝါရှင်တန် ဒီစီ ကို လာရောက်ပြီး သမတ ထရမ့်နဲ့ ကန် လွှတ်တော် ၂ရပ်လုံးက အမတ်တွေကို တွေ့ဆုံမယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန်ရေတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြောက်ကိုးရီးယားကျွန်းဆွယ်ကို ဦးတည်ခုတ်မောင်းနေတဲ့ လေယဉ်ပျံတင်သင်္ဘော USS Carl Vinson ကားလ် ဗင်ဆန် ပေါ်က F/A-18 E ဂျက်တိုက်လေယဉ်တစင်း ပုံမှန်လေ့ကျင့်ပျံသန်းမှုအပြီး မနေ့က သင်္ဘောပေါ်ပြန်ဆင်းဖို့ ချဉ်းကပ်လာနေစဉ် ပျက်ကျခဲ့ပါတယ်။
လေထီးနဲ့ အချိန်မှီခုန်ထွက်ခဲ့တဲ့ လေယဉ်မှူးကိုတော့ ရှာဖွေရဟတ်ယဉ်က ဒဏ်ရာမရှိ ကယ်တင်နိုင်ခဲ့ပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment