Latest News

Friday, April 21, 2017

နေအိမ်ငါးဆယ်ကျော်ကို တပ်ပိုင်မြေမှ အတင်းမောင်းထုတ်ဟုဆို

နေအိမ်ငါးဆယ်ကျော်ကို တပ်ပိုင်မြေမှ အတင်းမောင်းထုတ်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၁

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း တည်ရှိသည့် လွဲကြီးကျေးရွာမှ နေအိမ်ငါးဆယ်ကျော်ကို တပ်ပိုင်မြေအတွင်း ကျရောက်နေသည်ဟုဆိုကာ နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ အမှတ် ၁၂၂ ခြေလျင်တပ်ရင်းက အတင်းအကျပ် ရွှေ့ပြောင်းခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကျေးရွာတွင် ကရင်၊ ကယန်းနှင့် ဗမာတိုင်းရင်းသားများ နေထိုင်လျက်ရှိပြီး ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ဘာသာရေး အဆောက်အအုံများ၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများ ပါဝင်သည့် လွဲကြီးကျေးရွာကို ယခုလကုန် နောက်ဆုံးထားပြီး မိမိအစီအစဉ်ဖြင့် ရွှေ့ပြောင်းရန် တပ်မတော်က စေခိုင်းထားခြင်း ဖြစ်သည်။

ရွာအနေနှင့် ၁၉၈၅-၈၆ ဝန်းကျင်ကတည်းက အဆိုပါနေရာတွင် တည်ရှိနေခဲ့ခြင်း ဖြစ်ပြီး အစားထိုးမြေနေရာ မပေးဘဲ  ရွှေ့ပြောင်းခိုင်းခြင်း ဖြစ်သဖြင့် နေထိုင်ရန် မြေနေရာနှင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲများ ဖြစ်ရကြောင်း ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ ကိုခွန်အားသိုက်က The Voice သို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့မှ စတင်ကာ  နေအိမ်များကို ကျူးကျော်နေအိမ်များအဖြစ် ဆိုင်းဘုတ်များ လိုက်လံကပ်ကာ ရွှေ့ပြောင်းရန် တပ်မတော်ဘက်က ကြေညာခဲ့ခြင်းဖြစ်ပြီး ဒေသခံရွာသားများ အနေနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အပါအဝင် သက်ဆိုင်ရာ အစိုးရ ဌာနများကို အကူအညီ တောင်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေးမှုကို မရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
“အခုထိ တိကျတဲ့ ရှင်းလင်းမှု၊ အဖြေကို လာပေးတာမျိုး မရှိဘူးပေါ့နော်” ဟု ကိုခွန်အားသိုက်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လာမည့် တနင်္ဂနွေ (ဧပြီလ ၂၃ ရက်) နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ရွာသူရွာသားအချို့က ရန်ကုန်မြို့သို့ လာရောက်မည် ဖြစ်သည်။ ယင်းနေ့ နေ့လယ် ၁ နာရီတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ Accord Hotel တွင် သတင်းစာရှင်းလင်းပွဲလုပ်မည် ဖြစ်သည်။

နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ အမှတ် ၁၂၂ ခြေလျင်တပ်ရင်း အနေနှင့် ၁၉၉၉ ခုနှစ်မှ စတင်ကာ ယင်းနေရာတွင် အခြေစိုက် နေရာယူခဲ့ခြင်းဖြစ်ပြီး ကနဦး ရွာရှိအိမ်ခြေ ၄၈ အိမ်ကို တပ်ပိုင်မြေဧရိယာနှင့် လွတ်ကင်းနေရာသို့ အစားထိုးမြေပေးကာ ယင်းနှစ်မှာပင် ရွှေ့ပြောင်းစေခဲ့သည်။

ယင်းနောက် ၂၀ဝ၇ ခုနှစ်တွင် တပ်ပိုင်မြေအဖြစ် ထပ်မံကြေညာခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိသည့် အိမ်ခြေ ၅၁ လုံးကို  ရွှေ့ပြောင်းရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။

ကျေးရွာကို ရွာမြေစာရင်းမှ ပယ်ဖျက်လိုက်ခြင်းကြောင့် ကျေးရွာလူထု၏ စာသင်ကျောင်းလည်း ဖွင့်လှစ်နိုင်ခြင်း မရှိသလို ကျေးလက်ဆေးပေးခန်းသို့လည်း ဝန်ထမ်းများ လာရောက်ခြင်း မရှိတော့သဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးများ နိမ့်ကျသွားခဲ့ရကြောင်း ကိုခွန်အားသိုက်က ဆိုသည်။
“တစ်နည်းအားဖြင့် ရွာက စာရင်းမပေါက်တဲ့အတွက် တရားမဝင်ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်ဗျ” ဟု ၎င်းက ဆိုသည်။

ဒေသခံများအနေနှင့် ကျေးရွာမရွှေ့ပြောင်းရရေး ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်နှင့် ယခုအစိုးရလက်ထက် ၂၀၁၆ ခုနှစ်များတွင် အစိုးရထံသို့ တင်ပြခဲ့ရာ အစိုးရက လျစ်လျူရှုခဲ့သော်လည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးပါက နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများနှင့် ထပ်မံတွေ့ဆုံသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

The Voice

No comments:

Post a Comment