Latest News

Friday, April 21, 2017

မြန်မာနိုင်ငံမှ နှလုံးရောဂါဝေဒနာရှင်ကလေးများအား ခွဲစိတ်ကုသမှုခံယူရန် ကျန်းမာရေးစတင်စစ်ဆေး

မြန်မာနိုင်ငံမှ နှလုံးရောဂါဝေဒနာရှင်ကလေးများအား ခွဲစိတ်ကုသမှုခံယူရန် ကျန်းမာရေးစတင်စစ်ဆေး

ရန်ကုန် ဧပြီ ၂၁

မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ Anzhen ဆေးရုံ၌ နှလုံးရောဂါခွဲစိတ်ကုသရန် ရောက်ရှိနေသော မြန်မာနိုင်ငံမှ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများသည် ပေကျင်းမြို့ လင်ကွမ်းကျောင်းတော် စွယ်တော်တိုက်အတွင်း ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။

နှလုံးရောဂါဝေဒနာရှင် ကလေး ငယ်များနှင့် ၎င်းတို့၏ မိဘများသည် ရန်ကင်းကလေးဆေးရုံကြီးနှင့် Anzhen ဆေးရုံကြီးတို့မှ ဆရာဝန်များနှင့် သူနာပြုများ၊ China Charity Federation မှ တာဝန်ရှိသူများ၊ ယူနန်ပြည်နယ်အခြေစိုက် မင်္ဂလာမဂ္ဂဇင်းတိုက် မြန်မာပြည်ရုံးခွဲတာဝန်ခံ၊ မြန်မာမင်္ဂလာမီဒီယာနှင့် ယဉ်ကျေးမှု အနုပညာအဖွဲ့(ယာယီ)မှ Meng Fen (ခေါ်) ဒေါ်ကြည်လင်းတို့နှင့်အတူ ဧပြီ ၂၁ ရက် နံနက် ၁ဝ နာရီတွင် ခွဲစိတ်ကုသမှုအောင်မြင်ရန်အတွက် ဗုဒ္ဓမြတ်စွယ်တော်သို့ သွားရောက်၍ ဖူးမြော်ကြည်ညိုပြီး ဆုတောင်းကြသည်။ စွယ်တော်ကျောင်းတိုက် ဆရာတော်က မွေးရာပါ ကလေးငယ်များ ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်များ အောင်မြင်ချောမွေ့စေရန်အတွက် ဆုတောင်းသြဝါဒစကားများ ပြန်လည် မြွက်ကြားပြီး မွေးရာပါနှလုံးရောဂါ ဝေဒနာရှင် ကလေးငယ် ၁၂ ဦး၊ ၎င်းတို့၏ မိဘများနှင့် အဖွဲ့ဝင်များသည် တရုတ်ယွမ်ငွေ ၃ဝဝဝ ကို လှူဒါန်းကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ်များ ခွဲစိတ်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ရန်အတွက် ပဏာမဆေးစစ်ဆေးခြင်း လုပ်ငန်းကို Anzhen ဆေးရုံကြီး၌ ဆောင်ရွက်ရာ ဆေးရုံကြီးမှ ကလေးနှလုံးရောဂါပိုင်းဆိုင်ရာ အထူးကု Dr.Gu Hong(CoCo)နှင့် ဆရာဝန်များ၊ သူနာပြုများက အသက်(၁ဝ)နှစ်နှင့်အထက် ကလေးငယ်လေးဦးအား သွေးစစ်ခြင်း၊ အီးစီဂျီရိုက်ခြင်း၊ အာထရာဆောင်း ရိုက်ခြင်းများကို ဆောင်ရွက်ပေးကြသည်။

''ကျွန်မကတော့ နိုင်ငံတကာ အချင်းချင်း ရောဂါစစ်ဆေး ဆောင်ရွက်မှုလုပ်ငန်းတွေကို တာဝန်ယူလုပ်ဆောင်ရပါတယ်။ အခုလောလောဆယ်ကတော့ ကလေးတွေကို ရိုးရိုးစစ်ဆေးပြီး ဘယ်အချိန် ဆေးရုံတက်ရမယ်၊ ဘယ်အချိန်ခွဲစိတ် ရမလဲဆိုတာကို အဖြေသိမှပဲ ဆက်လက်ဆောင်ရွက်သွားပါမယ်''ဟု ကလေးနှလုံးရောဂါ ပိုင်းဆိုင်ရာ အထူးကု Dr.Gu Hong (CoCo)က ပြောကြားသည်။

အဆိုပါကလေးငယ်အားလုံးကို နှလုံးရောဂါ ခွဲစိတ်ကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသုတ်လိုက် ကျန်းမာရေးစစ်ဆေးမှုနှင့် ခွဲစိတ်မှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ- သိန်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment