Latest News

Tuesday, April 25, 2017

နံပါတ်ယူပြီးသား စလစ်ကပ်ကားတွေ ပွိုင့်သရီးလေးတွေနဲ့ အရောင်းပြန်စတဲ့ ကားဈေးကွက်

နံပါတ်ယူပြီးသား စလစ်ကပ်ကားတွေ ပွိုင့်သရီးလေးတွေနဲ့ အရောင်းပြန်စတဲ့ ကားဈေးကွက်


သင်္ကြန်ပွဲတော်ရက်တွေမှာ အရောင်းအဝယ် ရပ်တန့်ခဲ့တဲ့ ကားဈေးကွက်ဟာ နံပါတ်ယူပြီးသား စလစ်ကပ် ကားတွေ၊ ပွိုင့်သရီးကားလေးတွေနဲ့ ဈေးကွက်စတင်ဖွင့်လှစ်ပါတယ်။
‘သင်္ကြန်ပြီးခါစဆိုတော့ ခရီးထွက်ပြီး အနားယူကြတာ များတယ်၊ ကားဝယ်ဖို့ မလှည့်နိုင်သေးတော့ အရောင်းအဝယ်အေးနေပါသေး တယ်၊ ပိတ်ရက်နောက်ပိုင်းမှာ နံပါတ်ယူပြီးသား စလစ်ကပ်ကားတွေ၊ ပွိုင့်သရီးလေးတွေနဲ့ အရောင်းစဖွင့်နေပါပြီလို့ သီရိမင်္ဂလာ ကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုမျိုးကိုကို က ပြောပါတယ်။
ဘဏ္ဍာနှစ်သစ်ရဲ့အစ အခုလကစပြီး စလစ်ကပ်ကားတွေကို ဝင်ငွေခွန်ကောက်ခံတာကြောင့် နံပါတ်မယူရသေးတဲ့ စလစ် ကပ်ကားတွေက အရောင်းအဝယ်ရပ်တန့်သွားပါတယ်။ ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြည်ပက တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို အခွန်စည်းကြပ်ရာမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားအပြင် အိမ်ထောင်စုဇယား၊ သန်းခေါင်စာရင်း မိတ္ထူပါ တောင်းခံတာကြောင့် အခက်အခဲဖြစ်နေပါတယ်။ အဲသည်အတွက် စတိနံပါတ် စလစ်ကပ်ကားတွေ အရောင်းအဝယ်ရပ်တန့်နေပြီး ဧပြီလ မတိုင်မီကနံပါတ်ကြိုယူထားတဲ့ စလစ်ကပ်ကားတွေသာ အရောင်းအဝယ်ဖြစ်ပါတယ်။ စလစ်ကပ်ကားထဲမှာ တိုယိုတာ အယ်လ်ဖတ်နဲ့ တိုယိုတာဝှစ်ရှ်တို့လို ကားမျိုးတွေ အရောင်းအဝယ် ဖြစ်ပါတယ်။
ပွိုင့်သရီး ပြန်ရောင်းရ
ဧပြီလထဲရောက်လာပြီး စလစ်ကပ်ကားတွေအရောင်းအဝယ်အေး လာတာနဲ့ ပွိုင့်သရီးကားလေးတွေ အရောင်းအဝယ်ပြန်ဖြစ်လာပါ တယ်။ ဟွန်ဒါဖစ်၊ ဟွန်ဒါအင်ဆိုက်နဲ့ ပရိုဘောက်စ်လိုကားမျိုးတွေ အရောင်းအဝယ်ဖြစ်ပါတယ်။ နယ်ဝယ်လက်များလာတဲ့အတွက် နယ်လိုင်စင် စတိနံပါတ်ကားတွေပါ အရောင်းအဝယ်ရှိလာပါတယ်။ ရန်ကုန်ဝယ်လက်တွေကတော့ ပဲခူးလိုင်စင်အဝယ်များပါတယ်။ ဝယ်လက်အများစုကရန်ကုန်လိုင်စင်အဝယ်များတာရယ်၊ ရန်ကုန်လိုင်စင်ကားရှားပါးတာရယ်ကြောင့် ပွိုင့်သရီး ရန်ကုန် လိုင်စင်ကားတွေရဲ့ ဈေးနှုန်းက မြင့်တက်နေပါတယ်။
နံပါတ်ယူပြီး စလစ်ကပ်ကား
စလစ်ကပ်ကားကို ၂၀၁၁ မော်ဒယ် အထက်သွင်းရင် ကြိုတင်ဝင် ငွေခွန်၊ အထူးကုန်စည်ခွန်၊ ကာစတန်ဂျူတီနဲ့ ကညန မှတ်ပုံတင်ကြေးတွေနဲ့ စလစ်ကပ်ရင်ကားတန်ဖိုးရဲ့ နှစ်ဆဖြစ်သွားတယ်။ အဲဒါကြောင့် လက်လှမ်းမမီ တဲ့သူကများလာပြီး နံပါတ်ယူပြီးသား စလစ်ကပ်ကားကိုသာ အဝယ်များလာပါတယ်။ စတိနံပါတ် စလစ်ကပ်ကားဝယ်ယူတဲ့ အားသာချက်ကတော့ အမည်ပေါက်ရ ရှိနိုင်တာပါပဲ။ စလစ်ဈေးကျဆင်းလာတဲ့အတွက် ပိုလာတဲ့ငွေနဲ့ ဝင်ငွေခွန်ဆောင်ရင် အမည်ပေါက်ရနိုင်တဲ့ အခွင့်အရေးရှိပါတယ်။
စလစ်ဈေး ဆက်တိုက်ကျဆင်း
စတိနံပါတ် စလစ်ကပ်ကားတွေအရောင်းအဝယ်ရပ်တန့်သွားတဲ့ အတွက် စလစ်လိုအပ်ချက်နည်းသွားပြီး စလစ်ဈေးဆက်တိုက်ကျဆင်းလာပါတယ်။ နောက်တစ်ချက်က ကွန်ဆိုင်းမန့်စနစ်နဲ့တင်သွင်း ထားတဲ့ ၂၀ဝ၀ ပြည့်နှစ် အောက် ယာဉ်မှတ်ပုံမတင်ရသေးတဲ့ ကားတွေကို စလစ်ကပ်စရာမလိုတော့ဘဲ စလစ်အစားကျပ်သိန်း ၃၀ နဲ့ ယာဉ်မှတ်ပုံတင်ခွင့်ပြုမှာ ဖြစ်သလို ၂၀ဝ၁ မော်ဒယ်ကနေ ၂၀ဝ၅ မော်ဒယ်အထိ ယာဉ်မှတ်ပုံမတင်ရသေးတဲ့ကားတွေ ကိုလည်း စလစ်ကပ်စရာမလိုဘဲ စလစ်အစား ကျပ်သိန်း ၆၀ နဲ့ ယာဉ်မှတ်ပုံတင် ခွင့်ပြုမယ်ဆိုတဲ့ သတင်းကြောင့်ဖြစ်တယ်။ ၂၀ဝ၆ မော်ဒယ်ကနေ ၂၀၁၄ မော်ဒယ်အထိကတော့ အရင်အတိုင်း စလစ်ကပ်ရမှာဖြစ်ပါ တယ်။ ဒါပေမဲ့ စလစ်အစားထိုးကားတွေကတော့ နယ်လိုင်စင်သာ ရရှိမှာဖြစ်ပါတယ်။ အဲဒါက တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပေမဲ့ စလစ်အပ်ကားအရောင်းအဝယ် ကျဆင်းလာပါတယ်။ ယာဉ်အိုဟောင်းဘတ်စ်နဲ့ ဒိုင်နာစလစ်တွေ ဈေးကွက်ထဲရောက်ရှိ လာတဲ့အတွက်လည်း စလစ်ဈေးကျဆင်းပါတယ်။ လက်ရှိမှာ အမည် ပေါက်စလစ်တစ်စောင်ရဲ့ ဈေးနှုန်းက ကျပ် ၉၅ သိန်း ဝန်းကျင်အထိကျဆင်းသွားပါတယ်။

 အောင်ထွန်းဦး(Kumudra)

No comments:

Post a Comment