Latest News
Thursday, April 13, 2017
ဝမ်းနည်းခြင်းကို ထိန်းချုပ်လို့ရတယ်
ဝမ်းနည်းခြင်းကို ထိန်းချုပ်လို့ရတယ်
ဝမ်းနည်းတယ်ဆိုတာ လူတိုင်းခံစားဖူးတဲ့ ခံစားချက်ပါတယ်။
ကျွန်မတို့ တွေ အများစုက ကိုယ်မျှော်လင့်သလိုမဖြစ်တဲ့အခါ၊ ကိုယ်ထင်မှတ်ထားတဲ့သူတွေက  ကိုယ့်အပေါ် မကောင်းတဲ့အခါ၊ ကိုယ့်ကိုယုံကြည်လိမ့်မယ်လို့ ထင်မှတ်ပေမဲ့ ယုံကြည်မှုနဲ့အလေးပေးမှုကို မရရှိတဲ့အခါ ၊  ကိုယ့်ရဲ့ စွမ်းဆောင်မှုနဲ့ ပေးဆပ်မှုကို အသိအမှတ်ပြုခြင်း မခံရတဲ့အခါ၊ ကိုယ့်ရဲ့အချစ်ကို အသိအမှတ်ပြုခြင်း မခံရတဲ့အခါမှာ ၀မ်းနည်းတတ်ကြပါတယ်။
အဲဒီလို အချိန်မှာ ၀မ်းနည်းတတ်တာလည်း လူတိုင်းပါပဲ။ ဒါကို ကိုယ်တစ်ယောက်တည်း ဒီလို ခံစားရတယ်၊ ကိုယ်ဟာ ကံဆိုးတဲ့သူလို့ ထင်မှတ်ပြီး စိတ်ဓါတ်ကျသွားတဲ့ အခြေအနေထိလည်း ဖြစ်တတ်ကြပါသေးတယ်။
တကယ်တော့ ၀မ်းနည်းခြင်းဆိုတာ ကုစားရခက်တဲ့ဝေဒနာလို့လည်း ပြောနိုင်သလို၊ အချိန်ကာလတစ်ခုထိလည်း ရင်ထဲစွဲသွားတဲ့ ဒဏ်ရာလို့လည်း ပြောနိုင်ပါတယ်။
ကျွန်မ ဘ၀မှာ ငယ်စဉ်ကတည်းက ဒီကနေ့ထိ မကြာခဏ ၀မ်းနည်းခဲ့ရဖူးတယ်။ ၀မ်းနည်းခြင်းခံစားချက်ရဲ့ စိတ်ဒဏ်ရာလည်း အပြည့်ပါပဲ။ အပြုံးမှာတောင်မှာ ၀မ်းနည်းချိန်မှာ ပြုံးတတ်တဲ့အပြုံး၊ ပျော်ရွှင်ချိန်မှာ ပြုံးတဲ့အပြုံးနဲ့ လောကဓံကို အံတုချိန်မှာ ပြုံးတဲ့အပြုံး၊ ပီတိပြုံး ဆိုပြီးတော့ အပြုံးအမျိုးမျိုးလည်း ပြုံး
ခဲ့ဖူးပါရဲ့။
တကယ်တော့ဝမ်းနည်းနေချိန်မှာ ၀မ်းနည်းစိတ်ကိုတော့ ဘယ်လိုမှ ကုစားလို့မရပါဘူး။ ဘယ်သူမှလည်း မရခဲ့ပါဘူး။ ဒါပေမဲ့ဝမ်းနည်းချိန် ကြာရှည် မနေအောင်၊ ၀မ်းနည်းစိတ်ကြောင့် ဘ၀ကို အရှုံးမပေးမိအောင်၊ ၀မ်းနည်းစိတ်ကြောင့် စိတ်ဓါတ်မကျအောင်တော့ ကို်ယ့်ကိုယ်ကို အားပေးလို့ရပါသေးတယ်။
ကျွန်မကတော့အရမ်းဝမ်းနည်းနေတဲ့အချိန်မှာ ကိုယ့်ရဲ့အားသာချက်တွေကို ပြန်စဉ်းစားပါတယ်။
ဆိုပါတော့ ကိုယ့်မိသားစုဝင်တွေရဲ့မေတ္တာတရားနဲ့ပတ်သက်ပြီး ကိုယ်ကခံစားဝမ်းနည်းရတယ်ဆိုရင် သူတို့ ကိုယ့်အပေါ် ကောင်းခဲ့ဖူးတာတွေကို ပြန်စဉ်းစားပါတယ်။
အလုပ်နဲ့ပတ်သက်ပြီး ၀မ်းနည်းရတယ်ဆိုရင် အလုပ်ထဲမှာ အောင်မြင်မှုရခဲ့တာ၊ အဲဒီအလုပ်ကြောင့်ကိုယ့်ရဲ့တန်ဖိုး မြှင့်တက်ခဲ့ရတာတွေကို ပြန်တွေးကြည့်ပါတယ်။
နောက် ကိုယ်ချစ်တဲ့သူ (ချစ်သူ(သို့မဟုတ်) ခင်ပွန်း)ရဲ့ ဆက်ဆံရေးကြောင့်ဝမ်းနည်းရတာ ဆိုရင် သူကိုယ့်အပေါ် ကောင်းခဲ့တာတွေ၊ သူ့ရဲ့အချစ်တွေနဲ့မေတ္တာတရားတွေကို ပြန်စဉ်းစားကြည့်ပါတယ်။
ပြောရရင်တော့သူတို့ရဲ့ ကောင်းကွက်တွေကို ပြန်စဉ်းစားပြီး အဲဒါတွေကိုပဲ ပြန်သတိရအောင် ပြန်တွေးမိအောင် လုပ်တာပါ၊ အဲဒီလို စဉ်းစားတဲ့အတွက် သူ
တို့ အပေါ်မှာ ဒေါသ ထွက်နေတယ်ဆိုရင်တောင်မှ ကျေသွားပါတယ်။
ခွင့်လွှတ်စရာရှိရင်လည်း ခွင့်လွှတ်လိုက်ပြီး ကိုယ့်စိတ်ထဲအေးချမ်းသွားတယ်။
ကျွန်မတို့ တွေက လူသားတွေဖြစ်နေတဲ့ အတွက် ဒေါသ၊ လောဘ၊ မောဟနဲ့တော့မကင်းနိုင်ဘူးပေါ့လေ၊ ဒါတွေရှိနေလို့လည်း မခံချင်စိတ်နဲ့ ကြိုးစားကြ၊ အပင်ပန်းခံကြ၊ ရုန်းကန်ကြတာပါ၊ တစ်ဖက်ကလည်း ဒါတွေကြောင့် လည်း ပင်ပန်းဆင်းရဲကြ၊ ပူလောင်ကြတာပါ။
ဒါတွေအားလုံး ကင်းအောင် နေလို့မရပေမဲ့ လျော့ပါးအောင်၊ အေးချမ်းအောင်တော့ နေလို့ရပါတယ်။
ဝမ်းနည်းစိတ်ဆိုတာလည်း အဲဒီလိုပါပဲ၊ ကိုယ့်ရဲ့အားနည်းချက် တစ်ခုခုကြောင့်ဝမ်းနည်းတယ်ဆိုတာ သဘာဝကျပေမဲ့  ကိုယ့်မှာ အားနည်းချက်အပြင် အားသာချက်ကိုပါ တွေးလိုက်မိရင် ၀မ်းနည်းစိတ် မဖြစ်တော့ပါဘူး။
ဒါကြောင့်စိတ်အေးချမ်းအောင် နေဖို့ ဆိုတာ ကိုယ့်ကိုယ်ကို စိတ်အေးချမ်းအောင် နေတတ်ဖို့က ပိုပြီး အဓိက ကျပါတယ်။  သူများကို ကိုယ့်ကို  စိတ်ချမ်းသာအောင် လာလုပ်ပေးလို့မရဘူး၊ ကိုယ်စိတ်ချမ်းသာအောင် ကိုယ့်ကိုယ်ကိုပဲ လုပ်လို့ရတယ်။
ဒီလိုပါပဲ ၀မ်းနည်းနေချိန်မှာ သက်သာသွားအောင်လည်း ကိုယ့်ကိုယ်ကိုပဲ လုပ်လို့ရပါတယ်။ ၀မ်းနည်းလာပြီဆိုရင် အာရုံပြောင်းလိုက်ပါ၊၀မ်းနည်းစိတ် ၀င်လာတာကို သိရှိလာရင် အဲဒါကို အမြန်ဆုံး ကုစားဖို့ကြိုးစားပါလို့တိုက်တွန်းပါတယ်ရှင်။
စာဖတ်တာ။ သီချင်းနားထောင်တာ၊ ဘုရားရှစ်ခိုးတာ။ မေတ္တာပို့တာ။ တရားထိုင်တာ ဒါတွေက ကျွန်မတို့ရဲ့စိတ်ကို တည်ငြိမ်စေပြီး ခံစားချက်တွေကနေ လွတ်ကင်းသွားစေပါတယ်။
အဲဒီလို ၀မ်းနည်းလာတိုင်း ဆောင်ရွက်တဲ့အခါ စိတ်ဟာ အလေ့အကျင့်ရလာပါတယ်။အဲဒီကနေ ၀မ်းနည်းစိတ်ဟာ ကျွန်မဆီမှာ ကြည်ရှည်မနေနိုင်အောင်ဖြစ်လာခဲ့ပါတယ်။
ဟိုတုန်းက ကျွန်မဆိုရင်
နောက်တော့ဒီနေ့တော့ နှစ်ကြိမ်လောက်ပဲ ၀မ်းနည်းရတယ်၊ ဒီနေ့တော့ တစ်ကြိမ်လောက်ပဲ ဆိုပြီးတော့ ၀မ်းနည်းစိတ်ပျောက်အောင် အလေ့အကျင့်ပြုရင်းနဲ့ ကျင့်သားရလာပါတယ်။
အဲဒီလိုနဲ့တဖြည်းဖြည်းနဲ့ဝမ်းနည်းစိတ်ကို ထိမ်းချုပ်နို်င်တဲ့ အလေ့အကျင့်ရလာခဲ့တယ်။
အဲဒီနည်းလမ်းလေးကို  မျှဝေလိုက်ပါတယ်ရှင်။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်နော်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment