သစ်ရွက်လေးကြွေတာ လေရဲ့ခေါ်ဆောင်မှုကြောင့်လား
သစ်ပင်ကနေခွင့်မပေးလို့လား
ဆောင်းရာသီတစ်ခုမှာ သစ်ရွက်က သစ်ပင်ကို ညင်ညင်သာသာငုံ့နမ်းပြီး တိုးညင်းတဲ့အသံနဲ့ပြောတယ်။
“သစ်ပင်… ငါ သွားတော့မယ်”
.
“သွားတော့မယ် ဟုတ်လား... နွေးထွေးတဲ့နွေဦးရာသီကို ငါတို့တူတူဖြတ်သန်းလာခဲ့ကြတယ်။ ပူပြင်းတဲ့နွေရာသီ၊ ရိုမန်တစ်ဆန်တဲ့ဆောင်းဦးကာလကိုတောင် ငါတို့မခွဲမခွာ အတူတူဖြတ်ကျော်လာခဲ့ပြီပဲ။ ဘာဖြစ်လို့ အခုချိန်ကျမှ ငါ့ကို နင်ခွဲသွားရက်တာလဲ သစ်ရွက်၊ ငါ ဘာများအမှားလုပ်ခဲ့မိလို့လဲဟင်”
.
သစ်ပင်က တုန်လှုပ်ချောက်ချားစွာဆိုတယ်။
.
“အဲတာတွေကို ငါသိပါတယ်.. ဒါပေမယ့် ငါ သွားကိုသွားရမယ်။ ဒီဆောင်းကုန်ရင် ငါ့ကို နင်သတိရတတ်ပါ့မလား” သစ်ရွက်က နာကျင်စွာပြောတယ်။
.
သစ်ပင်ရဲ့နှလုံးသား တဆစ်ဆစ်နာကျင်နေခဲ့တယ်။ သန်မာပြီးဖြောင့်တန်းတဲ့ သူ့အကိုင်းအခက်တွေကို သူကြိုးစားပြီး ကွေ့ညွှတ်လိုက်တယ်။ ငှက်ကလေးတွေ လန့်ဖျပ်ပြီး ထပျံကြတယ်။ အကိုင်းအခက်အတိုအစတွေ မြေပြင်ပေါ် ကျိုးကျကုန်တယ်။ သစ်ရွက်ကို သူသတိရတတ်ကြောင်း ခေါင်းညိတ်ပြလိုက်တာပါ။ သစ်ပင်ရဲ့ခိုင်မာတဲ့ သစ္စာတရားက သေးငယ်ကြုံလှီတဲ့သစ်ရွက်ကို ပျော်ရွှင်မှု၊ သတ္တိတွေပေးနေခဲ့တယ်။
.
သစ်ရွက်က သစ်ပင်ကို နောက်ဆုံးအကြိမ်အဖြစ် နင့်နင့်နဲနဲတစ်ချက်ကြည့်လိုက်ပြီး သူ့ညှာတံကို အားနဲ့ သူကိုက်ဖြတ်လိုက်တယ်။ နွေးထွေးကြင်နာမှုတွေပေးတဲ့ ဒီနေရာကို သူထာဝရခွဲခွာလိုက်တယ်။ တစ်နှစ်ပတ်လုံး ယုယမှု၊ ဂရုစိုက်မှုတွေပေးခဲ့တဲ့ ဒီရင်ခွင်ကို သူနှုတ်ဆက်စွန့်ခွာလိုက်ပါတယ်….
.
ညှာတံကိုကိုက်ဖြတ်တဲ့ လှုပ်ရှားမှုလေးတစ်ခုဆိုပေမယ့် သစ်ရွက်မှာ အားအင်တွေကုန်ခမ်းသွားရတယ်။ နူးနုယ်ပျော့ညံ့တဲ့ခန္ဓာကိုယ်တစ်ခုနဲ့ မြေပြင်ပေါ် အကူအညီမဲ့စွာ သူလွင့်စင်ကြွေကျလာခဲ့တယ်။ သစ်ပင်ရဲ့ “နင့်ကို ငါအရမ်းချစ်တယ်”ဆိုတဲ့ စကားကိုတောင် သူနားမထောင်ခဲ့လိုက်ရဘူး။
.
သစ်ပင့်နှလုံးသား ကျိုးကြေသွားခဲ့ရပြီ။ နေခဲ့ဖို့သစ်ရွက်ကို သူမတားလိုက်နိုင်ခဲ့ဘူး။ သစ်ရွက်လေး လွင့်စင်ကြွေကျသွားတာကိုပဲ သူမမှိတ်မသုန်ကြည့်နေခဲ့ရတယ်။ “သစ်ပင်ရေ… ငါ့ကို မမေ့နဲ့နော်…. ” သစ်ရွက်ရဲ့အသံက အဝေးကနေ လွှင့်လာသလိုပါပဲ…
တကယ့်နာကျင်ခြင်းဆိုတာ ငိုပေမယ့် မျက်ရည်တောင်မကျတဲ့အဖြစ်ပါလားဆိုတာကို သစ်ပင် သဘောပေါက်လိုက်တယ်။
.
လေပြည်တစ်စင်းက သစ်ပင်အနားဖြတ်ပျံတော့ သစ်ပင်ရဲ့နာကျင်ကြွေကွဲမှုကို မကြည့်ရက်ဖြစ်ခဲ့တယ်။ လေပြည်ဟာ သူ့ခန္ဓာကိုယ်နဲ့ သစ်ရွက်ကို တဖြည်းဖြည်းမြှောက်ချီပြီး သစ်ပင်အနားရောက်အောင် ပို့ပေးဖို့ ကြိုးစားတယ်။
သစ်ရွက် ခေါင်းခါပါတယ်…
.
“ဆောင်းရာသီမှာ သစ်ပင်က ကျွတ်ဆတ်ပါတယ်။ တကယ်လို့ ငါသာမခွဲခွာရင် ငါ့ကိုဂရုစိုက်စောင့်ရှောက်ဖို့ဆိုပြီး သစ်ပင်က သူ့ကိုယ်သူဂရုမစိုက်ဘဲနေလိမ့်မယ်။ ဒီဆောင်းကို သူလုံလုံခြုံခြုံ မဖြတ်သန်းနိုင်ဘဲဖြစ်လိမ့်မယ်။ သူ့နှလုံးသားထဲမှာ ငါရှိနေရင် လုံလောက်ပါပြီ….”
.
လေပြည်တစ်ချက် သိမ့်သိမ့်တုန်သွားတယ်။
လတ်ဆတ်မှုမရှိတော့တဲ့ ရော်ရွက်ဝါလေးက သူ့မျက်စိထဲမှာ တစ်မျိုးလှနေပါတယ်။ လေရဲ့အကူအညီကို ငြင်းဆန်လိုက်တဲ့ သစ်ရွက်က လေထဲမှာ နှစ်ပတ်လောက်ကျွမ်းပြန်ပြီး မြေပြင်ပေါ်ဝပ်ဆင်းသွားခဲ့တယ်။ နာကျင်ကြေကွဲတဲ့ ကောက်ကြောင်းတစ်ခုသာ လေထဲထင်ဟပ်သွားခဲ့တယ်။
.
မသွားပါနဲ့လို့ သစ်ပင်ရဲ့ခယမှုအောက်မှာ သစ်ရွက်လေးကြွေကျခဲ့တယ်။ သစ်ပင်ကိုချစ်တဲ့အချစ်နဲ့ သစ်ပင်ကို သစ်ရွက်လေးခွဲခွာလာခဲ့တယ်။
.
လေပြည် မျက်ရည်ဝဲမိတယ်။ ထိရှနာကျင်တဲ့ခံစားမှုနဲ့ အရပ်လေးမျက်နှာကို သူတိုက်ခိုက်လိုက်မိတယ်။ ဒါကြောင့်ပဲ ထင်ပါရဲ့… ဆောင်းဦးရောက်တိုင်း အမျိုးအမည်မသိတဲ့ လွမ်းဆွတ်ကြေကွဲမှုအလွမ်းဓာတ်တစ်မျိုးကို လူတိုင်းခံစားကြရတယ်။
.
ဆောင်းတွင်းတစ်ခုလုံး သစ်ပင် အထီးကျန်ကျန်ဖြတ်သန်းခဲ့ရတယ်။ နဂိုရှိခဲ့တဲ့ ဖြတ်လတ်တက်ကြွမှုတွေ သူ့ဆီမှာ ပျောက်ဆုံးကုန်ခဲ့တယ်။ နာကျင်လွမ်းဆွတ်ခြင်းသာ သူ့ဆီကျန်ရစ်ခဲ့တယ်။
.
လူတစ်ယောက်ကို လွမ်းဆွတ်တာဟာ ဒီလိုပဲ နှလုံးသားကျိုးပဲ့ အော်ဟစ်ငိုကြွေးချင်ပေမယ့် အသံမထွက်လာနိုင်တဲ့ အဖြစ်မျိုးပါလား…
.
ဒီဆောင်းရဲ့ ပထမဆုံးနှင်းက တဖွဲဖွဲကျနေခဲ့တယ်။ လောကကြီးတစ်ခုလုံးကို ငွေမှုန်တွေနဲ့ ကျဲပက်လိုက်သလို မြင်မြင်သမျှအရာတွေ ဖြူဆွတ်နေခဲ့တယ်။
.
သစ်ပင်က နှင်းထုရဲ့ကြားထဲမှာ သူ့ကိုယ်သူဖွက်ထားလိုက်မိတယ်။
ဒီဆောင်းရဲ့ဆိုးဝါးတဲ့အေးစက်မှုတွေကို သစ်ပင်ကြံ့ကြံ့ခံနိုင်ခဲ့ပေမယ့် သစ်ရွက်ကိုလွမ်းဆွတ်တဲ့ဝေဒနာကိုတော့ သူမခံနိုင်ခဲ့ဘူး။ ဒီနှစ်ဆောင်းက နှစ်တစ်နှစ်တာကိုဖြတ်ကျော်နေသလိုပဲ ရှည်လျားလိုက်တာ….
----
နွေဦးရောက်လာခဲ့ပါပြီ… လေးပင်းတဲ့ခြေလှမ်းနဲ့ နွေဦးက ဒီတောအုပ်ကြီးတစ်ခုလုံးကို နွေးထွေးမှုပေးဖို့ ရောက်လာခဲ့ပါတယ်။
.
သစ်ပင်ကတော့ မျက်စိကိုမှိတ်ပြီး ငြိမ်ငြိမ်ဆိတ်ဆိတ်ရှိနေဆဲပါပဲ။ တကယ်လို့ မျက်စိတွေကို သူဖွင့်ကြည့်လိုက်ရင် သစ်ရွက်နဲ့အတူ ပျော်ရွှင်ကြည်နူးခဲ့တဲ့အရိပ်တွေကို သူမြင်ယောင်လာမိမယ်။ အခု သစ်ရွက်လေးမရှိတော့ မျက်စိတွေကို သူဖွင့်မနေတော့ပါဘူး။
.
အချိန်ကာလဘယ်လောက်ကြာသွားမှန်းမသိ… သစ်ပင်ရဲ့နံဘေးမှာ အမျိုးအမည်မသိတဲ့ လှပတဲ့ပန်းလေးတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ ပန်းကအရမ်းလှပြီး ဆွဲဆောင်မှုရှိတော့ ပန်းရဲ့ဘေးမှာ လိပ်ပြာတွေက အုပ်စုလိုက် နေ့တိုင်းအခစားဝင်နေတော့တယ်။ ဒါပေမယ့် ပန်းက အေးတိအေးစက်ပါပဲ.. စိတ်လှုပ်ရှား ရင်ခုန်တာမျိုးလည်း မရှိခဲ့ဘူး။
.
တစ်ခုရှိတာက သူဟာ သူ့နံဘေးကသစ်ပင်ကိုပဲ နှစ်လိုမှုတွေရှိနေခဲ့တယ်။ သစ်ပင်ဘေးမှာနေပြီး သူနေ့တိုင်း သီချင်းဆိုတယ်၊ စကားပြောတယ်၊ သစ်ပင်ရဲ့နှလုံးသားအထုံးကို ဖြည်ပေးဖို့ သူကြိုးစားခဲ့တယ်။ သူရဲ့သေးငယ်ကြုံလှီတဲ့ခန္ဓာကိုယ်နဲ့ နူးညံ့ကြင်နာမှုက သစ်ရွက်မှာရှိခဲ့တဲ့ပုံရိပ်တွေပါပဲ။
.
ပန်းရဲ့ထွက်ပေါ်လာမှုက သစ်ပင်ရဲ့ဝေဒနာတချို့တစ်ဝက်ကို သက်သာစေခဲ့တာ အမှန်ပါပဲ။ ပန်းနာမည်ကို သစ်ပင်မသိဘူး။ လှပတဲ့ပန်း … ပန်းကလေးလို့ပဲ သစ်ပင်ကခေါ်ခဲ့တယ်။
.
လတွေတဖြည်းဖြည်း ကျော်လွန်လာခဲ့တယ်။ သစ်ပင်မှာလည်း အပြုံးအရယ်တွေ နည်းနည်းရှိလာခဲ့တယ်။
.
တစ်နေ့မှာ လေပြည်က အနားကနေဖြတ်တိုက်တော့ ပန်းနဲ့ရင်းနှီးနေတဲ့ သစ်ပင်ကိုတွေ့လိုက်မိတယ်။
.
“အော်… စိတ်ခံစားမှုဆိုတာ ဒီလိုပဲလား… ဆောင်းတွင်းလေးတစ်ခု ဖြတ်ကျော်တာနဲ့ သစ်ပင်က သစ်ရွက်ကိုမေ့သွားခဲ့ပြီ” လို့ သက်ပြင်းချခေါင်းခါပါတယ်။
.
“ဟင့်အင်း.. ငါ မမေ့ဘူး။ ဘယ်သူကမှ ငါ့နှလုံးသားထဲရှိနေတဲ့ သစ်ရွက်ရဲ့နေရာကို အစားထိုးနိုင်မှာ မဟုတ်ဘူး”လို့ သစ်ပင်ကပြောတယ်။
.
သူတို့ပြောတဲ့စကားကို ပန်းကလေးကြားသွားခဲ့တယ်။ အရင်ကလို သူသီချင်းဆို ရယ်မောတာမျိုးမရှိခဲ့တော့ဘဲ တိတ်ဆိတ်သွားခဲ့ပါတယ်။ ဒါကို သစ်ပင်ကတွေ့တော့ အားနာမိတယ်။ သူ့ဘဝမှာ သစ်ရွက်သာမရှိခဲ့ရင် ပန်းကလေးကို သူချစ်မိကောင်း ချစ်မိသွားနိုင်တယ်။ ဒါပေမယ့် အခုတော့ သစ်ရွက်က သူ့တစ်သက်သာအချစ်ပါ.. ဘယ်သူမှ အစားထိုးဝင်ရောက်မလာနိုင်ခဲ့တော့ပါဘူး။
.
ရက်အနည်းငယ်ကြာတော့ ပန်းကလေးက စကားစပြောတယ်။
.
“သစ်ပင်… သစ်ရွက်က ငါ့ထက်ချောလားဟင်”
.
“ဟင့်အင်း… သူ နင့်လောက်မချောဘူး”
.
“ဒါဆို သူက ငါလို ရနံ့သင်းထုံလား”
.
“ဟင့်အင်း… နင်ရဲ့ရနံ့နဲ့ လှပမှုက သစ်ရွက်မှာမရှိပါဘူး”
.
“ဒါဆို နင်ကဘာလို့ သူ့ကိုမမေ့နိုင်ဘဲဖြစ်နေရတာလဲ.. ငါ့ကို မချစ်နိုင်ဖြစ်ရတာလဲ”
.
“ပန်းကလေး… သူဟာ ရင့်ရော်ခြောက်သွေ့နေပါစေ၊ ကြွေလွင့်ပျောက်ပျက်သွားပါစေ.. သူဟာ ငါ့ရဲ့ထာဝရသစ်ရွက်ပါ။ ဘယ်သူမှ အစားထိုးလို့မရသလို ငါလည်းတစ်သက်မမေ့ဘူး”
သစ်ပင်က ခါးသီးတဲ့အပြုံးတစ်ချက်နဲ့ ပြန်ဖြေတယ်။
မျက်ရည်တစ်စက်က ပန်းပွင့်ရဲ့မျက်နှာပေါ်ကနေ ကြွေကျသွားခဲ့တယ်။
.
“သစ်ပင်… ငါအရမ်းပျော်မိတယ်။ နင်ဟာ တကယ်ပဲ ငါ့ကိုမေ့မသွားဘူးနော်”
.
သစ်ပင်ဆတ်ခနဲတုန်လှုပ် အံ့သြသွားမိတယ်။ ပန်းကလေးရဲ့ပုံစံကို သူသေချာ မကြည့်ခဲ့မိဖူးဘူး။ အခုမှ သူ့မျက်စိရှေ့က ပန်းကလေးကို သူသေသေချာချာကြည့်လိုက်မိတယ်။
.
ပန်းကလေး မျက်ရည်ကျနေတဲ့အသွင်က ဟိုးနဂိုသစ်ရွက်နဲ့ တစ်ပုံစံတည်းပဲ။
အံ့သြကြည်နူးစွာနဲ့ ပန်းကလေးကို သူပွေ့ဖက်လိုက်ပြီး “သစ်ရွက်လေး.. ငါ့ဆီ နင်ပြန်လာခဲ့ပြီပေါ့နော်”လို့ အူလှိုက်သဲလှိုက် အော်လိုက်မိတယ်။
.
အဲဒီနှစ်က ဆောင်းဦးလေပြည်တသွင်သွင်တိုက်တော့ လူအများက တအံ့တသြဆိုကြတယ်…
.
“ဒီနှစ်ဆောင်း သိပ်မအေးဘူးနော်” တဲ့….
-----
သစ်ရွက်လေးကြွေတာ
လေရဲ့ဖြားယောင်းမှုကြောင့်မဟုတ်သလို
သစ်ပင်က နေခွင့်မပေးလို့လည်း မဟုတ်ပါဘူး....
တစ်ယောက်ကိုတစ်ယောက်ချစ်လွန်းလို့ သူတို့ အနစ်နာခံကြတာပါ...။
Nine Nine SaNay @နိုင်းနိုင်းစနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment