Latest News
Sunday, April 9, 2017
င၀န်မြစ်ထဲ အသက်ပေးခဲ့ ကြတဲ့  ၀ိညာဉ်တွေအသွားဖြောင့်အောင် ........
ဒေါ်  ---------မိသားစု လာပါ ခဏ ကြည့်ပါ   မ-----------မိသားစုရှိပါသလားခင်ဗျာ ဆိုရင် …….
ရင်ခွဲရုံ ရဲ့ အပြင်ဘက်မှာ ထိုင်လျှက်ရှိနေသူရယ် မတ်တပ်ရပ်လျှက် ငိုနေကြသူရယ် ကြားက
လူတစ်ချို့ တိုးဝှေ့ ထွက်လာခဲ့ ပါတယ်။
ဧပြီနွေရဲ့  အပူချိန်ကြောင့် ချွေးနဲ့ အတူ မျက်ရည်တွေက ကျန်ရစ်သူမိသားစုတိုင်း ရဲ့ ပါးပြင်မှာတစ်လိမ့်လိမ့် ကျနေပါတယ်။
ဧပြီလ (၇)ရက်နေ့ ညနေ ခုနစ်နာရီခန့် မှ ကျောက်တင် သင်္ဘောနဲ့  စက်လှေ နစ်မြှုပ်မှုကြောင့် သေဆုံး
ခဲ့ သူ(၂၁)ဦးရဲ့ ကျန်ရစ်သူမိသားစုရဲ့  မြင်ကွင်းတွေဖြစ်ပါတယ်.။
ခေတ္တခဏ တွေ့ ခွင့်ရပြီးလို့ သိပ်မကြာခင်မှာပဲ မီးသဂြိုလ်စက်ရှိရာသို့  နာရေးကူညီမှုယာဉ်တန်းတွေ တန်းစီထွက်သွားပါတောာ့တယ်။
သရောင်းချောင်းမှာရှိတဲ့  မီးသဂြိုလ်စက်ရှိရာသို့ အရောက်မှာတော့ ဘုန်းကြီးငါးပါးကကြိုတင် စောင့်နှင့်နေပါတယ်။
ရောက်ရောက်ချင်းအလောင်းတွေတန်းစီချတာနဲ့  သေဆုံးသူများရဲ့ ကျန်ရစ်သူမိသားစုတွေ အလောင်းရှိရာသို့   ပြေးလာကြည့်ရှုကြပြီး ငိုသံတွေ က ပိုမိုကျယ်လောင်လာစေပါတယ်။
သေဆုံးသူရဲ့  မိသားစုဝင်တစ်ချို့ဆို ဖုန်းတွေနဲ့  သေဆုံးသွားသူတို့ရဲ့မျက်နှာတွေကို ကြည်လင်ပြတ်သား
မှုရှိအောင် အထူးဂရုစိုက်ပြီး ဂရုတစိုက်ကိုရိုက်ယူနေကြတာကိုတွေ့ ရပါတယ်.။
"မျက်နှာလေးကို ထင်းနေအောင်ရိုက်နော်.... ကြည်အောင် ရိုက်... အိမ်ကျ ရင် ပြန်ကြည့် ဖို့  ဒါပဲရှိတော့တာ...."ဆိုတဲ့  အသံတွေလည်း တရားနာဖို့ ပြင်ဆင်နေတဲ့ ကြားက ထွက်လာပါတယ်။
မိသားစုတွေ ဖုန်းတွေ နဲ့ မှတ်တမ်းယူနေတဲ့အချိန်မှာ ရောက်ရှိနေတဲ့ ဂျာနယ်လစ်တွေတစ်ဖျတ်ဖျတ်နဲ့ 
မှတ်တမ်း ဓါတ်ပုံတွေ ယူနေကြပြန်ပါတယ်။
ဂျာနယ်လစ်တစ်ယောက်ကတော့ သူမိတ်ဆွေအနားသွားပြီး  "ကျနော်ကတော့ ဗျာ သေဆုံးသူ မျက်နှာကို လုံးဝမပါအောင်ဂရုစိုက်တယ်။ လက်ကလေးတွေ ခြေလေးတွေတောင် ပါအောင်မရိုက်ဘူး" လို့ ပြောပါ
တယ်။
သို့ သော်လည်း မိသားစုဝင်မဟုတ်တဲ့ တစ်ချို့  FACEBOOK User တွေဟာ သေသူမျက်နှာတွေကိုအတင်းအကြပ်ရိုက်ယူနေတာကြောင့်  မိသားစုဝင်မဟုတ်သူတွေ နောက်ဆုတ်ပေးပါလို့ ရဲတပ်ဖွဲ့ ဝင်တွေကိုယ်တိုင်တားဆီးယူရပါတယ်။
ဘုန်းကြီးက အဆင့်သင့်ဖြစ်လို့ " သေခြင်းတရားဟာ....."လို့ ဆိုတော့ တရားနာပရိတ်သတ်ထဲက
မိသားစုဝင်တွေ ပါးပေါ်ကကျလာတဲ့  မျက်ရည်တွေကို လက်တစ်ဖက်က သုတ်နေကြပြန်ပါတယ်။
တရားနာပြီးလို့  မီးသဂြိုလ်စက်ထဲ သွင်းတဲ့ အချိန်မှာတော့ ကျန်ရစ်သူမိသားစုတွေထဲက မူးလဲသူတွေလည်းရှိခဲ့ ပါတယ်။တရားနာနေတဲ့ နေရာကြားမှာပဲ ငြိမ်သက်စွာထိုင်နေကြတဲ့  သူတွေလည်းရှိပါတယ်။
အလောင်းတစ်လောင်းချင်းမီးရှို့ပြီးတာနဲ့  သံဘော်ဒီအလောင်းထည့် တဲ့ ကိုယ်ထည်တွေကို ဆေးကြော
ကြတော့ ဂျိမ်းကနဲ့  ဟုန်းကနဲ့ ဆိုတဲ့ အသံတွေကလည်း သင်္ချိုင်းတစ်ခုလုံးကို လွှမ်းခြုံထားပါတယ်။
မူလအစမှာ စကားချီထားသလို သေဆုံးသူများအားလုံးငိုနေကြတယ်ဆိုရာမှာကျန်ရစ်သူမိသားစုဝင်ထဲက
မိခင်တစ်ယောက်ရဲ့  သားကတော့ လုံးဝမငိုပဲရယ်နေပါတယ်.။
"ကျနော် မငိုပါဘူး... ဘာလို့ ငိုရမှာလဲ.... စောစောကတော့ ကျနော့် အမေ ပြန်များရှင်လာဦးမလားဆိုပြီး
လက်ကလေးတွေကိုင်ပြီး နှိုးကြည့်သေးတယ်... ဒါပေမဲ့  အသက်မရှိတော့ ဘူး... တကယ်ဗျ..." လို့ ပြောပါတယ်။
ကြေကွဲဖွယ်၊၀မ်းနည်းဖွယ် အနိဌာရုံမြင်ကွင်းတွေ ပျောက်ဆုံးခဲ့ တဲ့ အချိန် ကတော့ သေဆုံးသူတွေ
သဂြိုလ်ပြီးတဲ့  အချိန်မှာပဲ ညအမှောင်နဲ့ အတူ ပျောက်ကွယ်သွားခဲ့ ပါပြီ …
ဒီလို ကြေကွဲဆိုနင့်ဖွယ်ရာတွေ နောက်နောင်မဖြစ်အောင် အားလုံးကအဖြေရှာပြီး အတူတကွ မကြိုးပမ်းကြရင်တော့ အဲ့ ဒီနေ့  ကပုံရိပ်တွေ မိသားစုဝင်တွေ နဲ့ အတူ သူတို့ ဝိညာဉ် တွေက သတိပေးနေဦးမှာပါ။
မျိုးမင်းပိုင်
No comments:
Post a Comment