Latest News

Wednesday, April 5, 2017

စံနှုန်းတွေထဲက ဖောက်ထွက်သူ အမျိုးသမီး တက္ကစီ ဆရာမလေး

စံနှုန်းတွေထဲက ဖောက်ထွက်သူ အမျိုးသမီး တက္ကစီ ဆရာမလေး

■ လူမှုပုံစံသတ်မှတ်ချက်တွေထဲက ဖောက်ထွက် အောင်မြင်လာသော အမျိုးသမီးငယ်လေး

အမျိုးသမီးလို့ ဆိုလိုက်တာနဲ့ အားနွဲ့သူ၊ ယောကျာ်းတွေ လုပ်တဲ့ အလုပ်တွေနဲ့ ဘယ်လိုမှ မအပ်စပ် နိုင်သူတွေရယ် လို့ လူမှုဝန်းကျင်က ပုံစံတကျ သတ်မှတ် ထားတတ်ကြ ပါတယ်။ ဒီလိုသတ်မှတ် ယူဆထားခြင်းဟာ လူ့စွမ်းအား အရင်း အမြစ်တွေထဲက တခုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ စွမ်းအားကို ဆုံးရှုံးစေတဲ့ အကြောင်းတွေထဲက တခုပဲဖြစ် ပါတယ်။ ဒီလိုအမျိုးသမီးတွေကို အားနွဲ့ သူတွေရယ်လို့ ထင်မြင်ယူဆချက်တွေဟာ လက်တွေ့မှာ အမှန်တကယ် မှားယွင်းနေတယ်ဆိုတာကို သက်သေပြနေသူ တယောက်ရှိပါတယ်။ သူကတော့ အငှားယာဉ်မောင်းသူ အမျိုးသမီးငယ်လေး မမိုးမိုးလွင်ပဲဖြစ်ပါ တယ်။

မမိုးမိုးလွင်ဟာ လူနေထူထပ်လွန်းလှတဲ့ ရန်ကုန်မြို့ကြီးကို မော်လမြိုင်ဆိုတဲ့ နယ်မြို့လေးကနေ ၂၀ဝ၄ ခုနှစ်က ရွှေ့ပြောင်းနေထိုင်ခဲ့ သူတယောက်ပါ။ သူဟာ ရန်ကုန်မြို့ကြီးကို စရောက်တဲ့အချိန်မှာတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိသေးဘဲ ဖြစ်နေခဲ့ပါတယ်။ နယ်ကနေ ရန်ကုန်ကိုလာကြတဲ့ အခြားသူတွေ လိုပဲ သူဟာလည်း ရန်ကုန်မြို့မှာရှိတဲ့ သင်တန်းတွေကိုသာ တခုပြီးတခု တက်ရင်း တဖက်မှာလည်း အလုပ် တခုခုရနိုင်ဖို့ ရှာဖွေနေခဲ့ပါတယ်။ အဲ့ဒီထဲ မှာမှ သူဟာ သူများနဲ့မတူ ထူးခြားစွာပဲ တက်ခဲ့တဲ့သင်တန်း တခုကတော့ ကားမောင်းသင်တန်းပဲ ဖြစ်ပါတယ်။ သူဟာ ကားမောင်းသင်တန်းကို တက်ပြီးတဲ့နောက်မှာတော့ ကုမ္ပဏီတခုမှာ ယဉ်မောင်းသူ တယောက် အဖြစ်ဝင်ရောက် လုပ်ကိုင်ရာကနေ အဆင့်ဆင့်ကြိုးစားမှုကြောင့် Marketing Manager အဆင့်အထိ အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင်သူဟာ နိုင်ငံခြား သားတွေအတွက် ခရီးသွားကုမ္ပဏီတွေရဲ့ ကားတွေကိုပါ မောင်းနှင်တဲ့ အလုပ်ကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ အားလပ်ချိန်ဆိုတာ မရှိသလောက် နည်းပါးလှတဲ့ အလုပ်တွေကို ညည်းငွေ့လာတဲ့ မမိုးမိုးလွင်ဟာ ၂၀၁၂ ခုနှစ် ရောက်တဲ့အခါမှာတော့ အငှားယာဉ်မောင်း တယောက်အဖြစ် လုပ်ကိုင်ဖို့ကို ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။

အငှားယာဉ်မောင်းသမားအနေနဲ့ လုပ်ကိုင်ဖို့ မမိုးမိုးလွင် ဆုံးဖြတ်ချက် ချလိုက် တဲ့အချိန်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကြာ ကာလကဖြစ်တာကြောင့် အငှားယာဉ်လော ကမှာ အမျိုးသမီးယာဉ်မောင်းဆိုတာ မရှိသေးတဲ့ကာလလို့ပြောရမှာပါ။ ဒီလိုကာလမှာ ဒီလိုဆုံးဖြတ်ချက်ချ လိုက်တာဟာ သူ့အတွက်တော့ စွန့်စားမှု တခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့လက်ထဲမှာ ကိုယ်ပိုင်အငှား ယာဉ်ရယ်လို့ မရှိခဲ့သေးပါဘူး။ ဒါကြောင့် သူမဟာ သူငယ်ချင်းဖြစ်သူရဲ့ အငှားယာဉ်ကို ငှားရမ်းပြီး မောင်းနှင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ငယ်ရွယ်နုနယ်တဲ့ သူမအဖို့ ယောကျာ်းတွေကြီးစိုးရာ အငှားယာဉ် မောင်းနယ် ပယ်မှာ အခြေချလုပ်ကိုင်ဖို့ဆိုတာဟာ စိန်ခေါ်မှုတွေ အပြည့်နဲ့ပါ။ ပထမဆုံး စိန်ခေါ်မှုကတော့ လူမှုဝန်းကျင်ပါပဲ။ အမျိုးသမီးယာဉ်မောင်းတယောက် မောင်းနှင်တဲ့ အငှားကားကို စီးကြတဲ့အငှားယာဉ်စီးသူတွေမှာ ပုံစံပေါင်းစုံ စရိုက်ပေါင်းစုံတွေ ရှိနေကြပါတယ်။ အထူးသဖြင့် မိန်းကလေးဖြစ်နေတဲ့ အတွက် အထင်အမြင်သေးမှုတွေပဲ ဖြစ်ပါတယ်။

သူမောင်းတဲ့ကားကိုတားပြီး မစီးတာဟာ များသောအားဖြင့် ယောက်ျား လေးတွေဖြစ်ကြောင်း၊ သူတို့က သူ့ကို ပြန်ကြောက်နေကြတဲ့ ပုံစံမျိုးတွေပြကြကြောင်း မမိုးမိုးလွင်က သူ့ရဲ့အငှားယာဉ်မောင်း သမားဘဝအစက တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

တချို့အမျိုးသားတွေဆိုရင် ကားကိုတားပြီး မစီးတဲ့အပြင် ခါးခါးသီးသီး မောင်းထုတ်တာကိုပင် သူဟာခံခဲ့ ရပါသေးတယ်။ "ဒီအလုပ် လုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အများကြီး စတေးပြီးလုပ်ရတာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ဒါပေမဲ့ ခွေးမောင်းနွားမောင်းသလို မောင်းထုတ်ခံရတော့ စိတ်ထဲ မကောင်းဖြစ်မိတယ်" လို့ မမိုးမိုးလွင်က ဆိုပါတယ်။

ဒါပေမဲ့ မမိုးမိုးလွင်ဟာ စိတ်ဓာတ်မကျခဲ့သလို သူ့ကိုယ်သူ ယုံကြည်မှုရှိရှိနဲ့ သူမောင်းတဲ့အငှားယာဉ်ကို မစီးရဲကြတဲ့ ခရီးသည်တွေကို သူ့ကို စိတ်ချယုံကြည်စွာနဲ့ စီးချင်လာအောင် စိတ်ရှည်လက်ရှည် ပြောပြခဲ့ပါသတဲ့။

မမိုးမိုးလွင်ဟာ သူ့ရဲ့အငှားယာဉ် မောင်းသမားဘဝမှာ ခရီးသည်တွေရဲ့ စိုးရိမ်စိတ်နဲ့ မယုံကြည်မှုတွေကို ခံစားခဲ့ရရုံသာမကပါဘူး၊ ဘဝတူ အငှား ယာဉ်မောင်း အမျိုးသားတချို့ရဲ့ အထင်မြင်သေးမှု၊ သွေးတိုးစမ်း နှိမ့်ချလို မှုတွေကိုလည်း ကြုံခဲ့ရပါတယ်။ တက္ကစီကိုမောင်းလာတာ မိန်းကလေးမှန်း သိလို့ ဘဝတူ အမျိုးသား အငှားယာဉ်မောင်းသူတွေက ဆရာလုပ်ကာ ကြော ကြောမောမောနဲ့ ဆက်ဆံချင်သူတွေရှိသလို၊ မိန်းကလေးက မိန်းကလေးလို မနေသူ၊ အနေအထိုင် မတတ်သူလို့ထင်မြင်ကာ နှိမ့်ချတဲ့ အကြည့်နဲ့ကြည့်တဲ့ သူတွေနဲ့လည်း သူဟာကြုံတွေ့ခဲ့ရ ပါတယ်။ ကားမောင်းနေစဉ်မှာတောင် မိန်းကလေးဖြစ်နေတဲ့အတွက် အနိုင်ကျင့်ချင်လိုသူတွေ၊ ဆဲဆိုရန်စချင်သူတွေ ကို ကိုယ်မောင်းနေတဲ့ လမ်းကြောင်းကို မှန်မှန်ကန်ကန် မောင်းပြပြီး တည်ငြိမ်စွာနဲ့ တုံ့ပြန်မှုတွေကိုသာ သူဟာ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသား အငှားယာဉ်မောင်းတွေကိုတောင် အငှားယာဉ်စီးသူတွေလို ဟန်ဆောင်ပြီး ငွေလုယူ၊ လူသတ် စတာတွေ လုပ်တာကို ခံနေရချိန်မှာ မိန်းကလေးအငှားယာဉ်မောင်း တယောက်ဖြစ်တဲ့ မမိုးမိုးလွင်အတွက်တော့ ဘယ်လို ခရီးသည်မျိုးကို ကားပေါ်တင်မယ်ဆိုတာကို စက္ကန့်ပိုင်းအတွင်း မှန်ကန်စွာ ဆုံးဖြတ်ချက် ချနိုင်ဖို့ဆိုတာဟာလည်း သူမလုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် သူမကြုံနေရတဲ့ စိန်ခေါ်မှုတွေထဲက တခုဖြစ်ပါတယ်။

"ညီမကားထဲမှာ ဘာမှမဆောင်ထားဘူး။ ကိုယ့်ကို ရန်ပြုလာမယ့်သူတွေကို တုံ့ပြန်ဖို့ ညီမမှာ ဘာမှမရှိဘူး။ တခုပဲ၊ ညီမကားကို ငှားစီးတဲ့လူတွေကို စေတနာထားပြီး မောင်းပို့ပေးမယ်" လို့ သူ့အတွက် လုပ်ငန်းခွင်က ပေးတဲ့စိန်ခေါ်မှု အပေါ်ထားတဲ့ သူ့ သဘောထားကို ပြောပြပါတယ်။

အမျိုးသမီးအငှားယာဉ်မောင်း တယောက်ဖြစ်တဲ့ သူ့အတွက် ဒီလိုစိန်ခေါ် မှုတွေလည်း ရှိသလို၊ သာမန်အမျိုးသမီးတွေ မလုပ်နိုင်တဲ့အလုပ်ကို လုပ်ကိုင်နေတဲ့သူ တယောက်အဖြစ် လေးစားအားကျတဲ့ သူတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။ သူဟာ ဘဝမှာအငှား ယာဉ်မောင်းသမားအဖြစ် ဖြတ်သန်းရမယ်လို့ တွေးထားတာမျိုး မရှိခဲ့ပေမယ့်လည်း သူရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ ချထားခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူဟာ သူငယ်ချင်းဖြစ်သူရဲ့ အငှားကားကို မောင်းနေရတဲ့သူ တယောက်အဖြစ်ကနေ ကိုယ်ပိုင်အငှားကားတစီးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချကာ ကြိုးစားခဲ့ပါတယ်။ ကိုယ်ပိုင် အငှားယာဉ်တစီးကို ပိုင်ဆိုင်နိုင်ဖို့အတွက် နေ့စဉ်ကားမောင်းလို့ရတဲ့ ဝင်ငွေထဲက ဖြည်းဖြည်း ချင်းဖဲ့ပြီး စုတာဟာလည်း သူ့ရဲ့အသက်မွေး ဝမ်းကျောင်းမှုအပေါ်ထားတဲ့ ယုံကြည်ချက် ပြင်းပြမှုတွေကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

အမျိုးသား အငှားယာဉ်မောင်းတွေအတွက်တောင် နေပူမရှောင်၊ မိုးရွာမရှောင် ကားမောင်းရတဲ့အလုပ်ဟာ စားဝတ်နေရေးအတွက် လောက်ငတယ်ဆိုရုံသာ ရှိတယ်လို့ ညည်းတွားနေကြတဲ့ အချိန်မှာ မမိုးမိုးလွင်ကတော့ သူနေ့စဉ် ကားမောင်းလို့ရတဲ့ ဝင်ငွေထဲကနေ စားဝတ်နေရေးအတွက် သာမက၊ ကိုယ်ပိုင်အငှားကားတစီး ပိုင်ဆိုင်နိုင်ရေးအတွက် လိုအပ်တဲ့ပိုက်ဆံရအောင် ကြိုးစားရှားဖွေ ရတာဟာလည်း လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

"အငှားယာဉ်မောင်း တော်တော်များများက အဆင်မပြေဘူး ညည်းကြတယ်။ တကယ်တော့ သူတို့ကိုသွားကြည့်၊ သူတို့အချိန်ဖြုန်းတာ တော်တော်များတယ်။ ညီမကတော့ စဉ်းစားတယ်၊ ငါမောင်းရင် ဒီလောက် Target ရမှပြန်မယ်၊ ရအောင်ငါ မောင်းမယ်ဆိုပြီး မောင်းတယ်။ အဲဒီလိုမောင်းတော့ တနေ့ကို လေးသောင်းဆိုလည်း ရတယ်။ ငါးသောင်း၊ ခြောက်သောင်းဆိုလည်း ရတယ်။ ညီမ အချိန်မဖြုန်းဘဲ တကယ်မောင်းတယ်" လို့ သူရဲ့ ရည်မှန်းချက်အတွက် သူကြိုးစား လုပ်ဆောင်ခဲ့ပုံကို ပြောပြပါတယ်။

သူများကားကို ငှားမောင်းရတဲ့အတွက် အခြားအမျိုးသမီးတွေလို လှလှပပလေးနဲ့ နေချင်တဲ့ သူ့ရဲ့ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးခဲ့ရုံ သာမက ကားငှားခအဖြစ် ပိုင်ရှင်ကို နေ့စဉ်ပေးနိုင်ဖို့နဲ့ ကားပြင်ဆင်စရိတ် တွေဟာလည်း သူမရဲ့အိပ်မက်ဖြစ်တဲ့ ကိုယ်ပိုင်အငှားယာဉ်တစီး ဝယ်နိုင်ရေးဆိုတာကို အကောင်အထည် ဖော်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေပါပဲ။

"ညီမကအရင်က Gas ကားမောင်းတယ်။ တလကို ၅ သိန်း၊ တရက်ကို ၁၇,ဝ၀ဝ ပေးရတယ်။ ဒီတော့ ညီမ စုဖို့ အတွက်ရယ်၊ Owner ကြေးရယ် အတွက် ၁၇,ဝ၀ဝ အပေါင်း ၁၀,ဝ၀ဝ ရှာရတယ်။ သုံးစွဲတာက အဲဒီထဲက ပိုတာကိုပဲ ညီမသုံးတယ်" လို့ သူ့ရဲ့ အိပ်မက်တခုကို အကောင်အထည် ဖော်နိုင်ဖို့အတွက် သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ပကတိရိုးသားတဲ့ အင်အားတွေနဲ့ ပြောပြပါတယ်။

ဒီလိုရိုးရိုးသားသားနဲ့ ကြိုးစားရှာဖွေနေတဲ့ မမိုးမိုးလွင်အတွက် စိတ်ဓာတ် ကျရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါကတော့ ခရီးသည် အရနည်းတဲ့ ရက်တွေပါပဲ။ ဒါပေမဲ့လည်း သူဟာဇွဲမလျှော့ဘဲ သူရည်မှန်းထားတဲ့အရာကို ရဖို့ကြိုးစားခဲ့ပါတယ်။

၃ နှစ်တာကာလကြာအောင် နေ့စဉ်ရက်ဆက် စုဆောင်းခဲ့ပြီးတဲ့အချိန်မှာတော့ မမိုးမိုးလွင်ဟာ သူရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ သူမက်ခဲ့တဲ့ အိပ်မက်ဖြစ်တဲ့ ကိုယ်ပိုင် အငှားယာဉ်တစီးကို ပိုင်ဆိုင်နိုင်ခဲ့ပါတော့တယ်။

အခုအချိန်မှာတော့ တက္ကစီ မောင်းတယ်ဆိုတာ ယောက်ျားတွေသာ လုပ်နိုင်တာပါဆိုတဲ့ လူမှုပုံစံ သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး၊ သူများကားကို အငှားမောင်းရတဲ့သူ ဘဝကနေ ကိုယ်ပိုင်ယာဉ်ကို မောင်းနိုင်တဲ့ အငှားကားမောင်းသူ တယောက်ဖြစ်အောင် လက်တွေ့ကြိုးစား လုပ်ဆောင်ခဲ့တဲ့ မမိုးမိုးလွင်ရဲ့ ပြောတဲ့စကားကတော့ "မကြောက်ပါနဲ့။ အားမငယ်ပါနဲ့။ လုပ်ရင်ဖြစ်တယ်" ဆိုတာပါပဲ။

(Education Digest အပတ်စဉ်ထုတ် ဂျာနယ်မှာ မူလ ဖော်ပြခဲ့ပါသည်။)
ခင်စန္ဒာမြင့်
The Ladies News

No comments:

Post a Comment