Latest News

Friday, April 7, 2017

တောင်တရုတ်ပင်လယ်ထဲရှိ ကျွန်းအချို့ကို သိမ်းယူထားရန် ဖိလစ်ပိုင် စစ်တပ်များကို သမ္မတ ဒူတာတေးစေလွှတ်

တောင်တရုတ်ပင်လယ်ထဲရှိ ကျွန်းအချို့ကို သိမ်းယူထားရန် ဖိလစ်ပိုင် စစ်တပ်များကို သမ္မတ ဒူတာတေးစေလွှတ်

ဖိလစ်ပိုင်ကမ်းလွန် တောင်တရုတ်ပင်လယ် အတွင်းရှိ လူမနေသော ကျွန်းများကို သိမ်းယူထားရန် စစ်တပ်ကို ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက အမိန့်ပေးလိုက်ကြောင်း သိရသည်။

“ဖိလစ်ပိုင်ရဲ့ ပိုင်နက်နယ်မြေ ဖြစ်ပေမယ့် အခြေစိုက် ထိန်းချုပ်ထားမှု မရှိတဲ့ နယ်မြေတွေကို ကျုပ်တို့ရဲ့ ပိုင်နက်ဆိုတာ ထင်ထင်ရှားရှား ပြသဖို့ လိုတယ်”ဟု ဒူတာတေးက သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းသည် ပါလာဝမ်ရှိ စစ်စခန်း တစ်ခုသို့ သွားရောက် လည်ပတ်စဉ် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဒူတာတေးက ဖိလစ်ပိုင် ပိုင်နက်အတွင်းရှိ လူမနေသော ကျွန်းများတွင် စစ်တပ်များ ဖြန့်ကျက်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ လုပ်ရပ်က တရုတ်အစိုးရကို အမျက်ထွက်စေမည့် အခြေအနေလည်း ရှိနေသည်။ တရုတ်သည် တောင်တရုတ်ပင်လယ် ဧရိယာ တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်နက်အဖြစ် ထိန်းချုပ်ရန် ကြိုးစားလျက် ရှိသည်။

ဒူတာတေး လက်ထက်တွင် တရုတ်နှင့် ဆက်ဆံရေးကို မြှင့်တင်ခဲ့သော်လည်း ယခုခြေလှမ်းက တောင်တရုတ်ပင်လယ် ပြဿနာတွင် ဖိလစ်ပိုင်က တရုတ်ကို ကျိုးနွံ အလျှော့ပေးမည် မဟုတ်ဟု လက်တွေ့ ပြသလိုက်သည့် သတိပေးမှုဟု ယူဆရသည်။

တရုတ်သည် တောင်တရုတ်ပင်လယ် ရေပြင်အတွင်း၌ သန္တာကျောက်တန်းများ၊ သောင်ခုံများကို သိမ်းယူကာ ကျွန်းတုများ ဖြန့်ကျက် တည်ဆောက်လျက် ရှိသောကြောင့် ဒေသတွင်း နိုင်ငံများအတွက် စိုးရိမ်စရာ ဖြစ်နေသည်။ ထိုကျွန်းတုများပေါ်တွင် တရုတ်ရေတပ် အခြေစိုက်ထားသလို လေယာဉ်ပြေးလမ်းများပါ တည်ဆောက်ထားသည်။

ဖိလစ်ပိုင်တွင်မူ ကမ်းလွန်ရေပြင်ရှိ ကျွန်းများ၌ ဖြန့်ကျက်ထားသည့် စစ်အခြေစိုက်စခန်းငယ် ၉ ခုသာရှိပြီး ယင်းတို့အနက် တစ်ခုမှာ ဒုတိယကမ္ဘာစစ်သုံး သင်္ဘောဟောင်းကြီး တစ်သီးကို ရေထဲနှစ်မြှုပ်ကာ ခံတပ်အသွင် ဖန်တီးထားရခြင်း ဖြစ်သည်။

တောင်တရုတ်ပင်လယ်သည် မဟာဗျူဟာအရ အလွန်အရေးပါသော နေရာတွင် တည်ရှိသလို သဘာဝ သယံဇာတ အများအပြား ထွက်ရှိနိုင်မည့် အလားအလာကြောင့် ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့သည်လည်း ပိုင်နက် အငြင်းပွားမှုတွင် ပါဝင်လျက်ရှိသည်။

Ref: BBC

( 7Day News )

No comments:

Post a Comment