Latest News

Friday, April 7, 2017

ဓာတုတိုက်ခိုက်မှုဖြစ်သည့် ဆီးရီးယားကို ဗုံးကြဲတိုက်ခိုက်ရန် ထရမ့်အမိန့်ထုတ်

ဓာတုတိုက်ခိုက်မှုဖြစ်သည့် ဆီးရီးယားကို ဗုံးကြဲတိုက်ခိုက်ရန် ထရမ့်အမိန့်ထုတ်

ဆီးရီးယားသမ္မတ ဘာရှာအာဆတ်လက်ချက်ဖြစ်သည် စွပ်စွဲထားသော ဓာတုတိုက်ခိုက်မှုကို လက်တုံ့ပြန်ခြင်းအဖြစ် ဧပြီ ၆ ရက်က ဆီးရီးယား   လေတပ်အခြေစိုက် စခန်းတစ်ခုကို လေကြောင်းဒုံးကျည်တိုက်ခိုက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်လိုက်သည်။

ဆီးရီးယား ဓာတုတိုက်ခိုက်မှုကို စုံစမ်းရေး ကုသမဂ္ဂလုံခြုံရေးကောင်စီတွင် သဘောတူညီမှု မရလိုက်ပြီးနောက် ထရမ့်က ရုပ်သံမိန့်ခွန်းပြောရာ၌ ဆီးရီးယားကို အမေရိကန်က လေကြောင်းတိုက်ခိုက်ရန် အတည်ပြုလိုက်ပြီး ယင်းနိုင်ငံက သွေးထွက်သံယိုမှုများ ချုပ်ငြိမ်းရေး ပေါင်းစည်းညီညွတ်ကြရန် အားလုံးသောနိုင်ငံများကိုလည်း တိုက်တွန်းလိုက်သည်။

“ဧပြီ ၄ ရက်နေ့မှာ ဆီးရီးယားအာဏာရှင် အာဆတ်က အပြစ်မဲ့အရပ်သားတွေကို ဓာတုလက်နက်သုံးတိုက်ခိုက်ခဲ့တယ်။ လူမဆန် ရက်စက်တဲ့ ဒီတိုက်ခိုက်မှုမှာ ကလေးငယ်တွေပါ သေဆုံးရတယ်။”ဟု ထရမ့်က ဆိုသည်။

“ဒီညတော့ ကျွန်တော်အမိန့်ထုတ်တယ်။ ဓာတုတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ ဆီးရီးယားက လေတပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ အမိန့်ထုတ်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးအကျိုးစီးပွားအတွက်ဖြစ်တယ်။ ဓာတုလက်နက်တွေ မပြန့်ပွားရေးကို တားဆီးတာပဲဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ဆီးရီးယားနိုင်ငံက သူပုန်ထိန်းချုပ်ရာ နယ်မြေကို ဧပြီ ၄ ရက်နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားပြီး ဓာတုလက်နက်အသုံးပြုတိုက်ခိုက်ခြင်းအဖြစ် ယူဆထားခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဆီးရီးယားအစိုးရ၏ မဟာမိတ်ဖြစ်သော ရုရှက အစွန်းရောက်အုပ်စု၏ ကုန်လှောင်ရုံတစ်လုံးကို တိုက်ခိုက်ခြင်းသာဖြစ်ပြီး ယင်းမှ
ဓာတုအဆိပ်ဓာတ်ငွေ့များ ထွက်ပေါ်လာရခြင်းသာဖြစ်နိုင်သည်ဟု ကာကွယ်ပြောသည်။

ရုရှ၏ ယင်းသို့ပြောဆိုမှု ထွက်ပေါ်လာပြီးနောက်ပိုင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ်မူယာလမ်က သူပုန်ထိန်းချုပ်မြေ ခန်ရှိတ်ခမ်းမြို့ကို အစိုးရတပ်များက ဓာတုလက်နက်ကြဲချတိုက်ခိုက်ခြင်း
မပြုခဲ့ကြောင်း ဧပြီ ၆ ရက်တွင် ငြင်းဆန်လိုက်သည်။

အဆိုပါ တိုက်ခိုက်မှု၌ သေဆုံးသူဦးရေက ၈၆ ဦးအထိမြင့်တက်ခဲ့ပြီး ယင်းနှုန်းထားတွင် ကလေးငယ်သေဆုံးမှုက ၃၀ အထိ ရှိကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုကာ ဒဏ်ရာရသူနှင့် ပျောက်ဆုံးသူ ၁၆၀ ကျော်ထက်မနည်းရှိသည်ဟု ပြောသည်။
Mizzima

No comments:

Post a Comment