Latest News

Saturday, April 29, 2017

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ နှစ်သိန်းသုံးသောင်းကျော် ရှိနေဟု ကုလထုတ်ပြန်

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ နှစ်သိန်းသုံးသောင်းကျော် ရှိနေဟု ကုလထုတ်ပြန်


မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး လက်ရှိအချိန်ထိ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂၃၇,ဝ၀ဝ ရှိ နေပြီဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ် လေးခုတွင် ပြီးခဲ့သည့် ခြောက်လအတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်မှု အသစ်များ ထပ်မံ ဖြစ်ပွားခဲ့ပြီး လူသားချင်း  စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ အနေနှင့်လည်း အကူအညီများ ပေးပို့နိုင်ရန် သွားလာခွင့်နှင့်စပ်လျဉ်း၍ တင်းကြပ်သော ကန့်သတ်မှုများဖြင့် ကြုံတွေ့နေရကြောင်း UNOCHA ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရမှုနှင့် နောက်ဆက်တွဲ လုံခြုံရေး ဆောင်ရွက်မှုများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၇၄၀ဝ၀ ခန့်ရှိနေကြောင်း အစီရင်ခံစာအရ သိရသည်။

အလားတူပင် အရှိန်မြင့်လာသည့် ပဋိပက္ခများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပိုမိုလိုအပ်နေပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကရင်ပြည်နယ်တွင် ထောင်နှင့်ချီသော လူများ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 လက်ရှိ မြန်မာနိုင်ငံတွင် ကာလကြာရှည် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂၁၇၀ဝ၀ ခန့်ရှိနေပြီး ၎င်းတို့သည် ဒုက္ခသည်စခန်း ၂၁၅ ခုတွင် နေထိုင်လျှက်ရှိကြောင်း UNOCHA ထံမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၂၁ မြို့နယ်တွင် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် လူသားချင်း စာနာ ထောက်ထားခြင်း အကူအညီများ ပေးအပ်ရေးအတွက် သွားလာရန် ကန့်သတ်ချက်များ ရှိနေပြီး ယင်းနေရာများတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဦးရေ ၄၆၀ဝ၀ ကျော်ရှိနေဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ မြို့နယ်များသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်ဖြစ်ပြီး ကချင်နှင့် ရှမ်းမြောက်တွင် နေရပ်စွန့်ခွာသူ လေးသောင်း ရှိနေပြီး ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူ ၆ ထောင်ခန့် ရှိကြောင်း UNOCHA ၏ အစီရင်ခံစာအရ သိရသည်။


The Voice

No comments:

Post a Comment