Latest News

Saturday, April 29, 2017

Water Taxi လက်မှတ်တစ်စောင် ကျပ် ၅၀ဝ အောက်သာ ရှိမည်ဟုဆို

Water Taxi လက်မှတ်တစ်စောင် ကျပ် ၅၀ဝ အောက်သာ ရှိမည်ဟုဆို

ရန်ကုန်မြို့တော်အတွင်း ပြေးဆွဲမည့် Water Taxi (အမြန်ရေကြောင်း တက္ကစီ) လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀ဝ အောက်သာ ကောက်ခံမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက်ထံမှ သိရသည်။

“သေချာတာကတော့ ၅၀ဝ ထက် မကျော်ဘူး။ အဲဒါကိုတော့ လုံးဝ အာမခံတယ်။ အဲဒီအောက်မှာပဲ ရှိမယ်။ ခရီး အကွာအဝေးအလိုက် သက်သာတဲ့နှုန်း သတ်မှတ်ပေးဖို့တော့ ရှိတယ်။ ၅၀ဝ ဆိုတာကတော့ နောက်ဆုံး အခြေအနေပေါ့”ဟု တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက် စီမံကိန်းမန်နေဂျာ ဦးထွန်းနိုင်လင်းက ပြောကြားသည်။

ရေကြောင်းတက္ကစီ လက်မှတ်ခ ဈေးနှုန်းများကို ခရီးစဉ် အပိုင်းအလိုက် သတ်မှတ်မည်ဖြစ်ရာ လတ်တလော လျာထားချက်အရ ခရီးစဉ် အစအဆုံးအတွက် လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀ဝ ထက် မပိုသောနှုန်း သတ်မှတ်ရန် ပြင်ဆင်နေကြောင်း ၎င်းက ရှင်းပြသည်။

ပထမအဆင့် အနေနှင့် လှိုင်မြစ်အတွင်း စတင် ပြေးဆွဲမည်ဖြစ်ပြီး နောက်ပိုင်းတွင် ငမိုးရိပ်ချောင်း စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်ရက်တာ ပြေးဆွဲမည့် ယာဉ်အစီးရေနှင့်ဆတူ အရန်ရေယာဉ်များ ထားရှိမည်ဖြစ်ကြောင်းလည်း တင့်တင့်မြန်မာကုမ္ပဏီလီမိတက်ထံမှ ထပ်မံ သိရသည်။

“ဆယ်စီးဆွဲမယ်ဆိုရင် သေချာတယ် ဆယ်စီးထက် မနည်းတဲ့ယာဉ်ကို အရန်ထားမယ်။ တချို့နေရာမှာ ခရီးသည် ပုံ လာနိုင်တာတွေရှိမယ်။ အဲဒီနေရာကို အရန်ယာဉ်တွေနဲ့ ပြေးဆွဲပေးမှာပါ”ဟု ဦးထွန်းနိုင်လင်းက ထပ်လောင်း ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ရေယာဉ်ဆိုက်ကပ်မည့် ဆိပ်ခံများကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ယင်းသို့စစ်ဆေးပြီးမှသာ Water Taxi ပြေးဆွဲမည့်ရက် သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

“ရက်က အရမ်း ကပ်နေပြီဆိုတာ သိပါတယ်။ ဒါပေမဲ့ စပြေးရမဲ့ရက်ကို ဝန်ကြီးချုပ်က သတ်မှတ်ပေးမှာပါ။ သူကိုယ်တိုင် ညွန်ကြားချက် ပေးမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဖြစ်အောင် လိုက်လုပ်မှာပါ”ဟု ဦးထွန်းနိုင်လင်းက ဆက်လက် ပြောဆိုသည်။

လက်ရှိ အခြေအနေအရ ပြည်ပ နိုင်ငံများကဲ့သို့ မိုးပျံရထား မရှိခြင်းကြောင့် ပြည်သူများအနေနှင့် ဘတ်စ်ကားကိုသာ အားပြုရဦးမည်ဖြစ်ကြောင်း၊ ယင်း ကြောင့် YBS ဝန်ဆောင်မှု မြှင့်တင်မည်ဖြစ်ကြောင်း ဧပြီလ ၂၇ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် လျှပ်စစ်၊ စက်မှု၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

Water taxi ပြေးဆွဲမည့်သင်္ဘောများကို ဩစတေးလျ၊ ဂျော်ဒန်၊ ထိုင်းနိုင်ငံတို့မှ ဝယ်ယူထားခြင်းဖြစ်ပြီး ပထမအဆင့် (Face-1) အဖြစ် သင်္ဘော ၂၅ စင်းမှ ၃၅ စင်အကြား ဝယ်ယူထားကြောင်း တင့်တင့် မြန်မာကုမ္ပဏီလီမိတက်ထံမှ ထပ်မံသိရသည်။

ရေကြောင်းခရီးစဉ် ပြေးဆွဲမည့် လမ်းကြောင်း အနေဖြင့် ရန်ကုန်မြစ်နှင့် လှိုင်မြစ်ကြောင်းရှိ လှိုင်သာယာမှ ပန်းဆိုးတန်းအထိ ဆိပ်ကမ်း ခုနစ်ခု၊ ငမိုးရိပ်ချောင်း တစ်လျှောက်ရှိ ဒဂုံမြို့သစ် မြောက်ပိုင်းမှ ညောင်တန်းအထိ ဆိပ်ကမ်း ၁၁ ခု လျာထားပြီး ခရီးသည် ၅၀ မှ ၁၀ဝ ကြား တင်ဆောင်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ ထပ်မံသိရသည်။

ရေကြောင်းတက္ကစီ ပြေးဆွဲခြင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က လုပ်ငန်းတင်ဒါ ခေါ်ယူခဲ့ရာ လျှောက်ထားသည့်ကုမ္ပဏီ ၄၀ ကျော်အနက် ပြည်တွင်းကုမ္ပဏီနှစ်ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် တင့်တင့်မြန်မာကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့သည်။

The Voice

No comments:

Post a Comment