Latest News

Tuesday, April 4, 2017

တရားသူကြီးများလာဘ်စားပါက ထိရောက်သည့် ပြစ်ဒဏ်ပေးရန်တိုက်တွန်း

တရားသူကြီးများလာဘ်စားပါက ထိရောက်သည့် ပြစ်ဒဏ်ပေးရန်တိုက်တွန်း

တရားသူကြီးတွေ လာဘ်စားရင် ရာထူးကဖယ်ရှားတာသာ အမြင့်ဆုံး လုပ်ဆောင်နိုင် တာကြောင့် ထိရောက်တဲ့ အပြစ်ဒဏ်ပေးနိုင်ဖို့အတွက် တရားရုံးမှာ တရားစွဲဆိုကြဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၄ ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ အန်အယ်လ်ဒီပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့  ၁ နှစ်တာသက်တမ်းအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးရဲ့ ပြုပြင်ပြောင်းလဲတိုးတက်မှု အခြေအနေတင်ပြတဲ့ သတင်းစာရှင်းလင်းပွဲတခု ကျင်းပခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောပါတယ်။

“တရားရုံးကို တကယ်တိုင်ကြားတဲ့ကိစ္စတွေဆိုရင် အရင်ဆုံး စုံစမ်းစစ်ဆေးမှု လုပ်ပါတယ်။ သေချာတာကတော့ လာဘ်ပေးလာဘ်ယူ တိုင်ကြားမှုရှိခဲ့ရင် သိတာပဲဖြစ်စေ၊ သတင်းကျော်စောတာပဲ ဖြစ်စေ တင်ပြတဲ့အချက်တွေမှာ တချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ပါတယ်။ ပေါ်ပေါက်ရင် ပေါ်ပေါက်တဲ့အတိုင်းပေါ့နော်။ အရေးယူဆောင်ရွက်သလို လာဘ်ပေးလာဘ်ယူ ကော်မရှင်ဘက်က နေ တင်ပြလာတဲ့ သူတို့စုံစမ်းစစ်ဆေးချက်အရ ကျမတို့ကို လွှဲပြောင်းပေးတာဖြစ်ဖြစ်၊ ဒီဘက်ကနေ  ပြီးတော့ မေးမြန်းတာပဲဖြစ်ဖြစ် အားလုံးပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ဆိုတော့ ရှိနေတုန်းပဲရှင့်”

လာဘ်ပေးလာဘ်ယူတဲ့ တရားသူကြီးတွေနဲ့ တရားရေးဝန်ထမ်းတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးအနေနဲ့ ရာထူးက ဖယ်ရှားတာသာ အမြင့်ဆုံးပြုလုပ်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အချက်အလက် ခိုင်ခိုင်မာမာ တင်ပြပြီး တရားရုံးမှာ တရားစွဲဆိုကြဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က “ဒီထက်ပိုပြီးတော့ အပြစ်ဒဏ်တွေ ချမှတ်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်က တရားရုံးမှာ တရားစွဲဆိုပါ။ အချက်လက် ခိုင်ခိုင်မာမာရှိဖို့တော့ လိုတာပေါ့။ ကျနော်တို့ အခုလက်ရှိ ဝန်ထမ်းဥပဒေ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအရတော့ ကျနော်တို့က ရာထူးကနေ ဖယ်ရှားဖို့ပဲ တတ်နိုင်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ တရားရေးမဏ္ဍိုင်အပေါ် တိုင်ကြားတဲ့ တိုင်ကြားစာရဲ့ ထက်ဝက်ကျော်ဟာ မိမိအမှု ရှုံးနိမ့်မှုပေါ် ကျေနပ်မှုရှိတဲ့အတွက် ထပ်မံတရားရင်ဆိုင်တဲ့ တရားရုံးမှာ မိမိဘက်က လိုက်ပြီး အမှုအပေါ် အသားပေးဖို့အတွက် တင်ပြတိုင်ကြားတာဖြစ်တယ်လို့ ဆိုပါတယ်။

တရားရေးဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တိုင်ကြားမှုဟာ ၂ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့သိရပါတယ်။

တရားရေးဝန်ထမ်းတွေ အဂတိလိုက်စားမှု လျှော့ချနိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ တရားသူကြီးတွေ လေးစားလိုက်နာရမယ့် စည်းမျည်း၊ စည်းကမ်း၊ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းဖို့လိုလည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ထောက်ပြပြောပါတယ်။

“တရားသူကြီးတွေ လိုက်နာရမယ့် စည်းကမ်းဥပဒေတွေ ရေးဆွဲနေတာက အခု တတိယမူကြမ်းအထိ ရောက်နေပါပြီ။ ဘယ်အချိန်မှာ ပြီးမယ်၊ ဘယ်အချိန်မှာ အတည်ပြု ပြဋ္ဌာန်းမယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး”လို့ ဒေါ်တင်နွယ်စိုးက ပြောပါတယ်။

အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာတော့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးတို့ထက် တရားရေးမဏ္ဍိုင်ဟာ ပြုပြင်ပြောင်းလဲမှု အားအနည်းဆုံး မဏ္ဍိုင်တခုဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာတော့ တိမ်းစောင်းနေတဲ့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို တိုက်တွန်းကြောင်း အဆိုကို အတည်ပြုခဲ့ပါတယ်။

သတင်း - အောင်ဆန်းဦး

DVB

No comments:

Post a Comment