Latest News

Sunday, April 2, 2017

ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းခုနစ်ထောင်ကျော် ပျောက်ဆုံးခဲ့ကြောင်း မကွေးဝန်ကြီးချုပ်ပြော

ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းခုနစ်ထောင်ကျော် ပျောက်ဆုံးခဲ့ကြောင်း မကွေးဝန်ကြီးချုပ်ပြော

ယခင်အစိုးရလက်ထက်မှာ  ရေနံသယ်ယူခွင့်မှ ရရှိတဲ့ရန်ပုံငွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မသိကြောင်း ဖြေကြားထားတယ်။

ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းမှ ရရှိတဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေ ပျောက်ဆုံးမှုဟာ ကျပ်သန်းနှစ်ထောင်ကျော် မကဘဲ သန်းခုနစ်ထောင်ကျော်ဖြစ်တယ်လို့ သိရပါတယ်။

ယခင် အစိုးရလက်ထက် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုနှင့်ပတ်သက်လို့ မကွေးတိုင်း အထူးစုံစမ်းရေးဦးစီးဌာနက ပြည်ထောင်စု အစိုးရသို့ ၂၀၁၇ ဇန်နဝါရီအတွင်းတင်ပြခဲ့ပြီး  ရန်ပုံငွေဟာ ကျပ် ၂ ဒသမ ၈ ဘီလီယံမကဘဲ ကျပ် ၇ ဒသမ ၄ ဘီလီယံဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုကပြောကြားကြောင်း  7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

လက်ရှိအချိန် စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ ‘‘ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဒါကို စစ်ဆေးနေတယ်။ ၂ ဒသမ ၈ ဘီလီယံ မဟုတ်ဘူး။ ၇ ဒသမ ၄,၅၉၆ ဘီလီယံပါ (ကျပ် ၇,၄၅၉ သန်း)’’ လို့ ဒေါက်တာအောင်မိုးညိုက မတ်လ ၃၁ ရက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးရှိ ရေနံ လက်ယက်တွင်းတွေမှ ရေနံတွေကို စစ်ကိုင်းတိုင်းရှိ ရေနံချက်စက်ရုံတွေဆီသို့ ပေးပို့ရာမှာ သယ်ယူခွင့်ရန်ပုံငွေ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

ယခင်အစိုးရလက်ထက်မှာ  ရေနံသယ်ယူခွင့်မှ ရရှိတဲ့ရန်ပုံငွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မသိကြောင်း ဖြေကြားထားပေမယ့် လက်ရှိအစိုးရ လက်ထက်မှာ တစ်လလျှင် ပျမ်းမျှ ကျပ်သန်း ၁၀၀ ခန့် ရေနံသယ်ယူပို့ ဆောင်ရေးမှ ရန်ပုံငွေရရှိတယ်လို့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ဖွံ့ဖြိုးရေးရန်ပုံငွေပျောက်ဆုံးမှုကို တိုင်းဒေသကြီးအဆင့်အနေနဲ့ စစ်ဆေးဖို့ မလုံလောက်ဘဲ ပြည်ထောင်စုအစိုးရအဆင့်သို့ စစ်ဆေးဖို့ တင်ပြထားကြောင်း၊ စစ်ဆေးချက်များတွေနဲ့ပတ်သက်လို့ အကြောင်းပြန်မှုအချို့ရှိပေမယ့်  ထုတ်ပြန်ပြောကြားနိုင်တာ မရှိသေးကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်မောင်အေးက ပြောထားပါတယ်။

နိုင်ငံတော်သမ္မတရုံးဟာ ဖွံ့ဖြိုးရေးရန်ပုံငွေ ပျောက်ဆုံးမှုနဲ့ပတ်သက်လို့ အကြောင်းရင်းကို ဥပဒေနဲ့ ညီ၊ မညီ စစ်ဆေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ညွှန်ကြားစာပေးပို့ခဲ့ပါတယ်။
Source: 7Day Daily:Duwun

No comments:

Post a Comment