Latest News

Monday, April 3, 2017

ဂျူးနှင့် ခရစ်ယာန်များကို စိတ်ထိခိုက်အောင် ပြောဆိုသည့် ဗလီဆရာကို စင်ကာပူ ဒဏ်ငွေရိုက်


ဧပြီ ၃၊ ၂၀၁၇
M-Media

ဒဏ်ရိုက်ခံခဲ့ရသည့် အီမာမ် နာလာလ် မိုဟာမက် အဘ်ဒူလ် ဂျမီးလ် အဘ်ဒူလ် မာလစ်

– သောကြာနေ့ ၀တ်ပြုဆုတောင်းမှုတွင် ခရစ်ယာန်နှင့် ဂျူများကို ထိခိုက်နစ်နာစေသည့် စကားများ ထည့်သွင်းပြောကြားခဲ့သော အိန္ဒိယမွတ်စလင် ရှေ့ဆောင် အီမာမ်တစ်ဦးကို စင်ကာပူအစိုးရက စင်ကာပူဒေါ်လာ ၄ ထောင် ဒဏ်ငွေရိုက်ခဲ့ပြီး၊ အဆိုပါ အီမာမ်က ခရစ်ယာန်နှင့် ဂျူး ဘာသာရေးခေါင်းဆောင်များကို သွားရောက် တောင်းပန်ခဲ့သည်။

အီမာမ် နာလာလ် မိုဟာမက် အဘ်ဒူလ် ဂျမီးလ် အဘ်ဒူလ် မာလစ်ဆိုသူဖြစ်ပြီး ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလများက သောကြာနေ့ ၀တ်ပြုဆုတောင်းမှုတွင် “ဂျူးများနှင့် ခရစ်ယာန်များလက်မှ မိမိတို့ကို ကူညီတော်မူပါ ဘုရားသခင်” ဟု အဓိပ္ပါယ်ရသည့် အာရဘီဆုတောင်းစာကို ထည့်သွင်း ရွတ်ဖတ်ခဲ့ခြင်းဖြစ်သည်။

ထိုဆုတောင်းစာမှာ ကုရ်အာန်ကျမ်းတွင် လုံးဝ ပါရှိခြင်းမရှိဘဲ ၎င်း၏ဇာတိ အိန္ဒိယရှိ ရွာမှ သင်ယူခဲ့သည့် အရပ်ဆုတောင်းစာဖြစ်သည်။

အဆိုပါ ၀တ်ပြုဆုတောင်းမှုတွင် ပါဝင်ခဲ့သည့် မွတ်စလင်တစ်ဦးက သာသာနာနှင့်ဆန့်ကျင်သော ထိုလုပ်ရပ်ကို ရှုတ်ချမှုနှင့်အတူ ဗီဒီယိုကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့ပြီးနောက် စင်ကာပူနိုင်ငံသားများအကြား ပြန့်နှံ့သွားပြီး အစိုးရက မတူညီသော လူ့အဖွဲ့အစည်းများအကြား အမုန်းပွားစေသည့် စွဲချက်ဖြင့် ထိုအီမာမ်ကိုတရားစွဲဆိုခဲ့သည်။


အီမာမ် နာလာလ်မှာ ယနေ့တွင် တရားရုံးသို့ အခြားသော ဘာသာရေးခေါင်းဆောင်များနှင့်အတူ လာရောက်ကာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄ ထောင်ကို ပေးဆောင်ခဲ့သည်။ ထို့ ပြင် ပြစ်ဒဏ်ကို လက်ခံပါကြောင်း၊ ထောင်ဒဏ်မချမှတ်သည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

မတူညီသော လူ့အဖွဲ့အစည်းများအကြား အမုန်းပွားစေသည့်စကား ပြောဆိုမှုအတွက် စင်ကာပူတွင် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်၊ ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ရန် သတ်မှတ်ထားသည်။

စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေငြာချက်တွင် နာလာလ်မှာ ဒဏ်ငွေပေးဆောင်ခဲ့ပြီး၊ ၎င်းကို အိန္ဒိယသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း မည်သည့်ဘာသာတရား၏ မည်သည့်ဘာသာရေးခေါင်းဆောင်မဆို ထိုကဲ့သို့ ပြောကြားမှုမျိုး ပြုလုပ်ပါက ထိုလုပ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဂျူးဘုန်းကြီးကို တောင်းပန်စာ သွားရောက်ပေးအပ်စဉ်

အီမာမ် နာလာလ်မှာ သောကြာနေ့က ခရစ်ယာန်ဘာသာ၊ ဆစ်ခ်ဘာသာ၊ တာအိုဘာသာ၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့၏ ဘာသာရေးခါင်းဆောင်များ၊ စင်ကာပူ အိန္ဒိယမွတ်စလင်အသင်းမှ အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် တောင်းပန်ခဲ့ပြီး မိမိ၏ မှတ်ချက်တွက် စိတ်သက်မသာဖြစ်မှု၊ တင်းမာမှုနှင့် သောကရောက်မှုများ ဖြစ်ရသည့်အတွက် “အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း” ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ကလည်း အဆိုပါ အီမာမ်မှာ Maghain Aboth ဂျူးဘုရားကျောင်းသို့ သွာ်းရောက်ခဲ့ပြီး ဂျူးဘုန်းတော်ကြီး မိုဒါချိုင် အက်ဘာဂျဲလ်နှင့်တွေ့ဆုံကာ ၎င်း၏မှတ်ချက်များအတွက် ခြွင်းချက်မရှိတောင်းပန်ကြောင်း ပြောကြားကာ တောင်းပန်စာကိုလည်း ပေးအပ်ခဲ့သည်။

ထို့ပြင် စင်ကာပူနိုင်ငံသားများအားလုံးကို တောင်းပန်ကြောင်း၊ မိမိ၏လုပ်ရပ်အတွက် မိမိသာလျှင် အပြည့်အ၀ တာဝန်ယူပါကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

Ref: CNA
http://www.m-mediagroup.com/news/66750

No comments:

Post a Comment