Latest News

Saturday, April 29, 2017

အရှေ့တောင်အာရှသည် ကြီးမားသော မူးယစ်ဆေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ဒူတာတေး ပြောကြား

အရှေ့တောင်အာရှသည် ကြီးမားသော မူးယစ်ဆေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ဒူတာတေး ပြောကြား

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ၎င်းတို့သည် ကြီးမားသော တရားမ၀င် မူးယစ်ဆေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ယင်းသည်လူ့အဖွဲ့အစည်းများကို ဖျက်ဆီးနိုင်ကြောင်း အရှေ့တောင်အာရှ ခေါင်းဆောင်များအား ဧပြီ ၂၉ ရက်တွင် သတိပေးခဲ့သည်။ ၎င်းကစုစည်းညီညွတ်သော တုံ့ပြန်မှုတစ်ရပ် ပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်။

လူ့အသက်ပေါင်း ထောင်ချီဆုံးရှုံးခဲ့ရသည့် မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွက် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုခံနေရသော ဒူတာတေးက အရှေ့တောင်အာရှကိစ္စများ၌ ပြည်ပမှလူများ ၀င်ရောက်မစွက်ဖက်သင့်ဟုလည်း အခိုင်အမာ ပြောကြားခဲ့သည်။

“တရားမ၀င် မူးယစ်ဆေးကုန်သွယ်မှုက ကြီးမားလွန်းပါတယ်။ ဒါပေမဲ့ မတွန်းလှန်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး” ဟု ဒူတာတေးက အာဆီယံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။ “နိုင်ငံရေးဆိုင်ရာ စိတ်ဆန္ဒနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ဒါကိုဖြိုခွင်းနိုင်ပါတယ်။ အဲဒါက ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေကို ဖျက်ဆီးမပစ်လိုက်မီမှာ အဲဒါကို ဖျက်ဆီးနိုင်ပါတယ်” ဟု ဒူတာတေးက ပြောကြားလျက် မူးယစ်ဆေးကင်းစင်သော အာဆီယံဖြစ်ရေးကို သတိပြုလျက် ဖြေရှင်းလုပ်ဆောင်ကြရန် အာဆီယံခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် အခြားလူ့အခွင့်အရေးအဖွဲ့များက လူသားဆန်မှုကို ချိုးဖောက်သော ရာဇ၀တ်မှုမြောက်သည်ဟု ကတိပေးထားသော မူးယစ်ဆေးစစ်ပွဲအပေါ် ဝေဖန်မှုများကို ဒူတာတေးက မရပ်မနား ဆန့်ကျင်ကာ ကြိမ်းမောင်း ပြောဆိုခဲ့သည်။

ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံကို မူးယစ်ဆေးနိုင်ငံ ဖြစ်လာနေခြင်းအား ရပ်တန့်ရန် သူ၏ကြိုးပမ်းမှု၌ မူးယစ်ဆေးစွဲသူ သန်းနှင့်ချီလျက်ကို သတ်ဖြတ်ရလျှင်လည်း ပျော်ရွှင်ကြောင်းနှင့် မူးယစ်ဆေးဝါးကို အမြစ်ဖြတ် သုတ်သင်ရာ လမ်းကြောင်း၌ လူ့အခွင့်အရေးက ရပ်တည်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သက်ဆိုင်ရာ အာဏာပိုင်များက ပစ်ခတ်ခဲ့ရခြင်းများသည် မိမိကိုယ်မိမိ ကာကွယ်ရန်သာဖြစ်ခဲ့သည်ဟု အခိုင်အမာ ပြောကြားခဲ့သော်လည်း ဒူတာတေး၏ မူးယစ်ဆေးတိုက်ဖျက်ရေး လှုပ်ရှားမှု တစ်စိတ်တစ်ဒေသ၌ လူပေါင်း ၂၇၂၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အစီရင်ခံခဲ့သည်။
အခြားထောင်ပေါင်းများစွာသည်လည်း စေတနာ့ဝန်ထမ်း လူသတ်သမားများကြောင့် သေဆုံးခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း၌ ဖိလစ်ပိုင်လူမျိုး ရှေ့နေတစ်ဦးက နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံးတွင် ဒူတာတေးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲကာ တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။ ၎င်းရှေ့နေက မူးယစ်ဆေးစစ်ပွဲအတွင်း လူပေါင်း ၈၀၀၀ ခန့်အထိ သေဆုံးခဲ့သည်ဟု စွပ်စွဲထားသည်။

အာဆီယံ ခေါင်းဆောင်များအား မိန့်ခွန်းပြောကြားရာတွင် ဒူတာတေးက အာဆီယံအဖွဲ့၏ မစွက်ဖက်ရေးမူဝါဒကို အထူးပြုပြောကြားခဲ့သည်။
ဒူတာတေးသည် သူ၏မူးယစ်ဆေးစစ်ပွဲတွင် ဥပဒေပြင်ပသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ဖော်ပြထားသည့် ဥရောပသမဂ္ဂ၊ အမေရိကန်တို့နှင့် ဆက်ဆံရေးများအကြောင်း ပြောကြားရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့များက အာဆီယံခေါင်းဆောင်များ အနေဖြင့် ဒူတာတေးအား ဝေဖန်ရန် မဖြစ်နိုင်အောင် ထိပ်သီးဆွေးနွေးပွဲကို လှည့်ဖြားနေကြောင်း ပြောကြားခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) ကအာဆီယံအဖွဲ့ကို ဇိမ်ကျသော အာဏာရှင်များ သို့မဟုတ် လူ့အခွင့်အရေး အလွဲသုံးစားလုပ်သူများ၏ ကလပ်ဟုခေါ်ဆိုခဲ့သည်။

Eleven Media Group

No comments:

Post a Comment