Latest News

Saturday, April 29, 2017

ပိတ်ဆို့မှုသစ်များ ချမှတ်ရန် အမေရိကန်၏ တွန်းအားပေးနေမှုကို အာခံသည့်အနေဖြင့် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်

ပိတ်ဆို့မှုသစ်များ ချမှတ်ရန် အမေရိကန်၏ တွန်းအားပေးနေမှုကို အာခံသည့်အနေဖြင့် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက် ရည်မှန်းချက်များကို ရပ်တန့်စေရန် နိုင်ငံတကာမှ ပိုမိုတင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများ ၀ိုင်းဝန်းချမှတ်ရေးအတွက် တွန်းအားပေးနေသည့် အမေရိကန်ကို အာခံသည့်အနေဖြင့် ဧပြီ ၂၉ ရက်က ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့သည်။ ထိုစမ်းသပ်မှုမှာ မအောင်မြင်ကြောင်း တောင်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းများကို ဖျက်သိမ်းရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း (အထူးသဖြင့် တရုတ်) ကဖိအားပေးရန် ပျက်ကွက်ပါက ဆိုးရွားသည့် နောက်ဆက်တွဲရလဒ်များ ဖြစ်ပေါ်လာလိမ့်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို သတိပေးခဲ့သည်။ ယင်းသို့သတိပေးပြီး နာရီအနည်းငယ်အကြာမှာပင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု ဖြစ်ပေါ်ခဲ့သည်။ မြောက်ကိုရီးယား ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းသည့်နည်းလမ်းသည် ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေသေးကြောင်းလည်း တေလာဆန်က ၎င်း၏ပထမဆုံး ကုလသမဂ္ဂမိန့်ခွန်းတွင် သတိပေးခဲ့သည်။

မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည် စမ်းသပ်မှုသည် ၎င်း၏အဓိကမဟာမိတ်နှင့် စီးပွားရေးအသက်သွေးကြောဖြစ်သည့် တရုတ်ကို ပမာမခန့်ပြုလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကဆိုသည်။ “မြောက်ကိုရီးယားရဲ ဒီနေ့ဒုံးကျည်စမ်းသပ်မှုဟာ မအောင်မြင်ပေမယ့် ဒီလုပ်ရပ်ဟာ တရုတ်ရဲ့မျှော်လင့်ချက်တွေနဲ့ သူတို့အရမ်းလေးစားရတဲ့ သမ္မတကို မထီလေးစားပြုလိုက်တာပါပဲ” ဟု ထရန့်က Twitter တွင်ရေးသားခဲ့သည်။

ဧပြီ ၂၈ ရက်က ဒုံးကျည်စမ်းသပ်မှုသည် ခေတ္တသာပျံသန်းခဲ့ပြီး အောင်မြင်ခဲ့ဖွယ်မရှိဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အမေရိကန်စစ်တပ်မှ ပစိဖိတ်ဌာနချုပ်၏ ထုတ်ပြန်ချက်ထဲတွင် ထိုဒုံးကျည်သည် မြောက်ကိုရီးယား နယ်နိမိတ်ထဲမှ ကျော်ထွက်လာခြင်းမရှိဟု ဖော်ပြခဲ့သည်။ ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းရေးမှူး ယိုရှီဟီဒါဆူဂါက လုံခြုံရေးကောင်စီ အစည်းအဝေးပြီးချိန်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်ခဲ့သည်။

မြောက်ကိုရီးယား ပြဿနာကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းပေးရန် မျှော်လင့်နေခြင်းသည် လက်တွေ့မကျဟု တရုတ်က ကုလသမဂ္ဂတွင် ပြောခဲ့သော တေလာဆန်၏ ပြောကြားချက်ကို ပြန်လည်တုံ့ပြန်ခဲ့သည်။ “အင်အားသုံးတာဟာ ဘယ်လိုသဘောထား ကွဲပြားမှုမျိုးမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ပိုမိုကြီးမားတဲ့ ဘေးဒုက္ခတွေဆီပဲ ဦးတည်စေမှာ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီကဆိုသည်။ ထို့ပြင် ကိုရီးယားကျွန်းဆွယ် ပြဿနာတွင် တရုတ်ကို ဗဟိုပြုနေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ကိုရီးယား နျူကလီးယားအရေးကို ဖြေရှင်းရမည့် အဓိကအချက်သည် တရုတ်၏လက်ထဲတွင် ရှိမနေကြောင်း အလေးပေးပြောခဲ့သည်။ ရုရှားကလည်း စစ်ရေးနည်းလမ်းကို သုံးခြင်းသည် ဆိုးရွားသောရလဒ်ကိုသာ ထွက်စေပြီး တင်းမာမှု လျော့ကျစေရန်နှင့် ဆွေးနွေးမှုများကို ပြန်လည်လုပ်ဆောင်ကြရန် တရုတ်နှင့်အတူ မေတ္တာရပ်ခံခဲ့သည်။ သို့သော် တေလာဆင်က သံတမန်ရေးနည်းလမ်း၏ နောက်တွင် ယုံကြည်စိတ်ချ ရလောက်သည့် စစ်အင်အားရှိနေရမည်ဟု ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

တရုတ်အစိုးရက မြောက်ကိုရီးယား၏ စစ်ရေးစီမံကိန်းများကို ရပ်ပေးလျှင် အပြန်အလှန်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နှစ်စဉ်ပြုလုပ်နေကြစစ်ရေး လေ့ကျင့်မှုကြီးကို ရပ်ပေးသင့်သည့် နည်းလမ်းကို လိုလားနေသည်။ သို့သော် တေလာဆန်က မြောက်ကိုရီးယားဘက်က ယုံကြည်စိတ်ချရလောက်သည့် ပထမခြေလှမ်းလှမ်းပေးရမည်ဟု ဆိုနေသည်။

Eleven Media Group

No comments:

Post a Comment