Latest News

Sunday, April 9, 2017

မကွေးတိုင်းဒေသကြီးအတွင်း ဆိုင်ကယ်မြို့ဝင်ကြေး ဘီးခွန်ကောက်ခံမှု သင်္ကြန်မတိုင်မီ ရပ်ဆိုင်းမည်


မကွေး ဧပြီ ၉

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်တွင် ဆိုင်ကယ်မြို့ဝင်ကြေး ဘီးခွန်ကောက်ခံနေမှုကို မြန်မာ့နှစ်သစ် ကူး အတာသင်္ကြန်မတိုင်မီ ရပ်ဆိုင်းပေးတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းထံမှ သိရသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မြို့ဝင် ကြေးကောက်ခံသည့်ဂိတ်များတွင် ဆိုင်ကယ်ဘီးခွန်ကောက်ခံ နေခြင်းကို ရပ်ဆိုင်းပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဖေဖော်ဝါရီ ၂ဝ ရက်က တင်ပြခဲ့ပြီးနောက်ပိုင်း အများပြည်သူ လိုလားနေသော ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
''ဧပြီ ၈ ရက်က မြို့ဝင်ကြေးဂိတ်တွေမှာ ဆိုင်ကယ်တစ်စီး ကို ငွေကျပ် ၁ဝဝ ကောက်ခံနေတာကို ရပ်ဆိုင်းဖို့ တိုင်း ဒေသကြီးစည်ပင်ကို ညွှန်ကြားချက်ထုတ်လိုက်ပါပြီ''ဟု တိုင်း ဒေသကြီး ဝန်ကြီး ဦးဇော်မင်းက အတည်ပြုပြောကြား သည်။

ဘီးခွန်ကောက်ခံနေမှု ရပ်ဆိုင်းလိုက်သော်လည်း တစ်နှစ် စာ ဆိုင်ကယ်ဘီးခွန်အဖြစ် $၂ဝဝဝ ကောက်ခံခြင်းကို ဆက်လက် ပေးဆောင်ကြရန်နှင့် ရရှိလာသည့်အခွန်ငွေများအား အလေ အလွင့်နည်းရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးလွှတ်တော် စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကျော်က ဆိုသည်။

''ကိုယ့်မြို့ထဲ ကိုယ်ပြန်ဝင်တာတောင် မြို့ဝင်ကြေး ပေးနေရတဲ့ မကျေနပ်ချက်တွေကတော့ ကြာပါပြီ။ ပြောလည်း မထူးပါဘူးဆိုပြီး နေလာခဲ့ ရတာ။ အခုလို ဆောင်ရွက်ချက်အပေါ်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေကိုရော၊ အစိုးရအဖွဲ့ကို ပါ ကျေးဇူးတင်ပါတယ်။ နေ့စဉ်နဲ့အမျှ အများပြည်သူ ဝင်ထွက်သွားလာနေတဲ့ ကားကြီးဝင်း အပေါက်ဝ တွေမှာ ဆိုင်ကယ်ဝင်ကြေး ကောက်တဲ့အပေါ်မှာ လည်း စဉ်းစားပေးစေချင်ပါတယ်''ဟု ဒေသခံ တစ်ဦးက ပြောသည်။

လတ်တလော ပြည်သူ့လူမှုဘဝများတွင် ဆိုင်ကယ်ကို အများပြည်သူများ အသုံးပြု၍ ဆိုင်ကယ်နှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာ ဖြေလျှော့ မှုများပြုလုပ်ခြင်းက အစိုးရ၏ ပြည်သူနှင့်အတူ ဆိုသည့်ပြယုဂ်ကို ပိုမိုထင်ရှားစေမည်ဟု ယုံကြည် ကြောင်း ဒေသခံများထံမှ သိရသည်။

ဇေယျတု(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment