Latest News

Thursday, April 20, 2017

ဝရမ်းပြေးဖမ်းဖို့ မြန်မာအစိုးရကို ဗြိတိန်စောင့်စား

ဝရမ်းပြေးဖမ်းဖို့ မြန်မာအစိုးရကို ဗြိတိန်စောင့်စား

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဗြိတိန်နိုင်ငံသားတဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အလိုရှိနေတဲ့ ဝရမ်းပြေး Harris Binotti ဟဲရစ် ဘီနော့တီကို စကော့တလန်ပြည်နယ်မှာ အခုတွေ့ရှိရပေမယ့် မြန်မာအစိုးရက တရားဝင်မေတ္တာရပ်ခံခြင်း မရှိသေးတဲ့အတွက် ဖမ်းဆီးခွင့်မရှိဘူးလို့ ဗြိတိန် အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူ ဂယ်ရီ ဖာဂူဆန်နဲ့ ဟဲရစ် ဘီနော့တီတို့  ၂ ဦးလုံးဟာ ရန်ကုန်မြို့က နိုင်ငံတကာစာသင်ကျောင်း တခုမှာ အတူလုပ်ခဲ့တဲ့ ကျောင်းဆရာတွေဖြစ်ပါတယ်။  တညမှာ သူတို့၂ ဦး အရက်မူးစကားများကြပြီး နောက်နေ့မှာ ဖာဂူဆန်ကို သူ့အခန်းထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရပါတယ်။ ဟဲရစ် ကိုတော့ အစအန ရှာမရတော့ဘူးလို့ ဆိုပါတယ်။

ဒီအမှုအတွက် မြန်မာအစိုးရက အင်တာပိုလ် Interpol နိုင်ငံတကာရဲတပ်ဖွဲ့ကို အကူအညီတောင်းခဲ့ပြီးနောက် အင်တာပိုလ်က ဖာဂူဆန်ကို ဝရမ်းပြေးအဖြစ် Red Notice ခေါ် အနီရောင်သတိပေး စာရင်းမှာ  ထည့်သွင်းထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။

 မြန်မာပြည်က ထွက်ပြေးသွားတဲ့ ဘီနော့တီ ကို ပြီးခဲ့တဲ့ အပတ်အတွင်း စကော့တလန်နိုင်ငံ ဂလတ်စဂိုမြို့မှာ လွတ်လပ်စွာ သွားလာနေတာတွေ့ရတဲ့အတွက် ဖာဂူဆန်ရဲ့မိသားစုက စကော့တလန်ရဲတပ်ဖွဲ့ကို ဘာကြောင့်မဖမ်းသလဲလို့ မေးမြန်းရာမှာ သူ့ကို ဖမ်းဆီးပြီးပြန်ပို့ပေးဖို့ မြန်မာအစိုးရထံက သက်သေအထောက်အထားနဲ့ တောင်းခံချက်ကို စောင့်ဆိုင်းနေရကြောင်း၊ ဘီနော့တီကိုတော့ မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်း ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံရဲ့ ဥပဒေအရ အဲဒီလိုပြန်ပို့မယ့် တရားခံတဦးကို သက်ဆိုင်ရာနိုင်ငံက သေဒဏ်ပေးခြင်းပြုမှာ မဟုတ်ကြောင်း အာမခံချက်ပေးဖို့လိုတယ်လို့ သိရပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့အနေနဲ့ သေဒဏ်ပေးခံရမယ့် သူတဦးကို ကူညီဖမ်းဆီးလွှဲပြောင်းပေးခွင့် မရှိပါဘူး။

မြန်မာနဲ့ ဗြိတိန်နိုင်ငံတွေအကြား တရားခံအပြန်အလှန်လွှဲပြောင်းပေးရေး သဘောတူစာချုပ်မရှိပေမယ့် ပြဿနာတခုချင်းအလိုက် ညှိနှိုင်းဆောင်ရွက်နိုင်ပါတယ်။

အမှုဖြစ်ပွားခဲ့တဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းကအရာရှိ တိုးမျိုး ဆိုသူက ဒီလူသတ်မှုအတွက် သူတို့ရသမျှ အချက်အလက်တွေကို နေပြည်တော်ရဲတပ်ဖွဲ့ကို ပေးပို့ခဲ့ပြီးပြီလို့ AFP ကို ပြောပါတယ်။ ဒါပေမဲ့ နေပြည်တော် ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ရန်ကုန်ရဲတပ်ဖွဲ့ကိုပဲ ပြန်မေးပါလို့ ဖြေဆိုကြောင်း သိရပါတယ်။

ဒီကိစ္စအတွက် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အစိုးရပြောခွင့်ရှိသူတွေကို မေးမြန်းရာမှာလည်း တစ်စုံတရာ တုံ့ပြန်ဖြေဆိုခြင်း မရှိဘူးလို့ မနေ့ကရတဲ့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ ဒီအမှုအတွက် မြန်မာအစိုးရတာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း ပြောဆိုပါတယ်။ ဒီအတွင်း အသတ်ခံရတဲ့ ဖာဂူဆန်ရဲ့ မိသားစုတွေက မြန်မာအစိုးရကို ဒီကိစ္စအတွက် အင်တာပိုလ်ကို အကြောင်းကြားဖို့ သူတို့လပေါင်းများစွာ တိုက်တွန်းခဲ့ရကြောင်းနဲ့ ထူးခြားတိုးတက်မှု မရှိတဲ့အတွက် အထူးဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ RFA

No comments:

Post a Comment