Latest News

Sunday, April 23, 2017

ကန်ပညာရေးမှာ မြန်မာဘာသာပါဝင်ဖို့ ကြိုးပမ်းမှုနဲ့ အခက်အခဲ

ကန်ပညာရေးမှာ မြန်မာဘာသာပါဝင်ဖို့ ကြိုးပမ်းမှုနဲ့ အခက်အခဲ

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်က အလယ်တန်းနဲ့ အထက်တန်း ၊ ကျောင်းတွေမှာ မြန်မာစာကို ရွေးချယ်စရာ ဘာသာစကားတခုအနေနဲ့ သင်ကြား ခွင့် ရလာပြီဆိုပေမဲ့ သင်ကြားပေးမယ့်ဆရာ အလုံအလောက်ရနိုင်ရေး အပါအဝင်၊ အခြားအခက်အခဲတွေ ရှိနေသေးတယ်လို့ အဲဒီဒေသမှာ မြန်မာစာ သင်ကြားခွင့်ရရေး ဦးဆောင်လှုပ်ရှားသူတဦးက ပြောပါတယ်။ ဒါပေမယ့် မြန်မာစာကို သင်ကြားခွင့်ရလာတာကြောင့် အမေရိကန်ရောက် မြန်မာ ကလေးငယ်တွေအတွက် ကြီးမားတဲ့ အကျိုးရလဒ်တွေ ရှိလာလိမ့်မယ်လို့ သူကဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

၂၀၁၀ ခုနှစ် သန်းကောင်စာရင်းကောက်ခံမှုအရ အမေရိကန်တနိုင်ငံလုံးမှာ အခြေချနေထိုင်တဲ့ မြန်မာနိုင်ငံသား ၁ သိန်းကျော်ရှိတယ်လို့ဆိုပေမယ့် လက်တွေ့မှာ ဒီထက်မက များနိုင်တယ်လို့ တချို့ပညာရှင်တွေက သုံးသပ်ကြပါတယ်။ အဲဒီမြန်မာနိုင်ငံသား တွေထဲကမှ နိုင်ငံရေး/ ဘာသာရေး စတဲ့ နောက်ခံအကြောင်း အမျိုးမျိုးနဲ့ အင်ဒီယားနားပြည်နယ်မှာ အခြေချနေထိုင်ခွင့်ရတဲ့ မြန်မာနိုင်ငံသား သောင်း ဂဏန်းနဲ့ ရှိနေပါတယ်။ အင်ဒီးယားနား ပြည်နယ်အစိုးရက ၂၀၁၅ မှာထုတ်ပြန်တဲ့ စာရင်းအရ အင်ဒီယားနားပိုးလိဇ်မြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား အများဆုံးဖြစ်ပြီး၊ ဒုတိယအများဆုံးက ဖို့တ်ဝိန်းမြို့ဖြစ်ပါတယ်။

အင်ဒီးယားနားပြည်နယ်မှာ မြန်မာဘာသာစကားကို နိုင်ငံခြားသား ဘာသာစကား တခုအဖြစ် သင်ကြားခွင့်ကို ပြည်နယ်အစိုးရက ဧပြီလ ၁၉ ရက်စပြီး ခွင့်ပြုလိုက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာပြီးနောက်ပိုင်း NLD ပါတီခေါင်းဆောင်တဦးအနေနဲ့ အမေရိကန်ပြည် ထောင်စုကို လာရောက်လည်ပတ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး အင်ဒီးယားနားပြည်နယ်မှာ မြန်မာဘာသာစကား သင်ကြားခွင့်ရ လာအောင် ကြိုးပမ်းခဲ့ရတာ ဖြစ်တယ်လို့ ဖို့တ်ဝိန်းမြို့က ကျောင်းဆရာတဦးဖြစ်တဲ့ ဦးကျော်သိန်းစိုးက ပြောပါတယ်။

အမေရိကန်မှာနွေရာသီကျောင်းပိတ်ရက်အပြီး လာမယ့်စာသင်နှစ် အတွက်ကျောင်းတွေ ပြန်ဖွင့်ချိန် သြဂုတ်လထဲမှာ မြန်မာကျောင်းသား ထောင်ဂဏန်းချီ ရှိတဲ့ East Allen မြို့က အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာ မြန်မာဘာသာစကားကို စတင် ပို့ချသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောအခြေအနေအရ မြန်မာစာသင်ကြားပေး မယ့်ဆရာ အလုံအလောက်ရှိမလာမှာကိုစိုးရိမ်မိတယ်လို့ ကျောင်းဆရာ ဦးကျော်သိန်းစိုး က ပြောပါတယ်။

“ဆရာတွေ မလောက်ဘူး… အများကြီးရှာရလိမ့်မယ်။ ကျနော်ကတော့ သင်နိုင်တယ် တခြားလူတွေကတော့ သင်ဖို့ဆိုရင် Master ဘွဲ့ ပြီးအောင်လုပ် ရမယ်။ Education နဲ့ရအောင် လုပ်ရမယ်။ မရလို့ရှိရင် .. နောက်ဆုံး မလောက်လို့ရှိရင်တော့ ကျောင်းအုပ်ကြီးကို မေတ္တာရပ်ခံလို့ရှိရင် အဲဒီကျောင်းအုပ် ကြီးတွေကတော့ တနိုင်ငံလုံးမှာ အလုပ်ကြော်ငြာပြီး ရှာရလိမ့်မယ်။ မြန်မာစာဆရာ လိုတယ်ဆိုလို့ရှိရင် သူတို့ကျောင်းရဲ့ website ကနေပြီးတော့ သူတို့ အလုပ်လက်ခံလိမ့်မယ်။ မြန်မာနိုင်ငံကလဲပဲ အနည်းဆုံး မြန်မာစာနဲ့ မဟာဘွဲ့ပြီးထားတဲ့ ဆရာတွေပေါ့လေ..၊ အဲဒီဆရာတွေနဲ့ပဲ မြန်မာက ပညာရေးဝန်ကြီးနဲ့ စာချွန်လွှာ လက်မှတ်ထိုးပြီးတော့ တနှစ်စာ စာချုပ်ချုပ်ပြီးတော့ လာလို့ရအောင်တော့ တနည်းမဟုတ်တနည်း အဖြေရှာပြီးတော့ လိုတဲ့ ဆရာတွေကို ဖြည့်ရမှာပဲဗျ”

အင်ဒီယားနား ဆေးတက္ကသိုလ်
ဒီလိုအခက်အခဲတွေရှိပေမယ့်လည်း ရေရှည်မှာတော့ အမေရိကန်ရောက် မြန်မာ ကလေးတွေအတွက်ရော မြန်မာပြည်အတွက်ပါ အကျိုးရှိလာနိုင်တယ်လို့ ဦးကျော်သိန်းစိုးက ပြောပါတယ်။

“ နံပါတ် ၁ က မိဘတွေနဲ့ ဆက်သွယ်ရတဲ့ အခါမှာ အဆင်ပြေမယ်။ သင်ရိုးထဲမှာ ကျနော်တို့က မြန်မာဘာသာစကားရော ယဉ်ကျေးမှုရော အနုပညာ တွေကိုပါ တွဲသင်တဲ့ခါကျတော့ သူတို့(ကလေးတွေ) ယဉ်ကျေးမှုကို ခြုံငုံပြီး နားလည်လာနိုင်မှာပေါ့။ တတိယအချက်ကတော့ သူတို့ High School တွေမှာ Credit ရမယ်။ ပိုက်ဆံမကုန်ပဲနဲ့ အခမဲ့ သင်လို့ရမယ်။ High School ပြီးလို့ အလုပ်လျှောက်တဲ့ခါ သူတို့က မြန်မာဘာသာ စကား ဂဃနဏ ပြောတတ်တဲ့ဟာက အဖိုးမဖြတ်နိုင်တဲ့အချက်ပေါ့လေ။ အခုက မြန်မာနိုင်ငံမှာ တိုင်းပြည်ပြန်လည် တည်ဆောက်နေတဲ့ အခါကျတော့ သူတို့လည်း အုတ်တချပ်သဲတပွင့် အနေနဲ့တော့ ပါဝင်ဖို့အခွင့်အရေး ပိုကောင်း တာပေါ့ဗျာ။ မြန်မာနိုင်ငံအတွက်လည်း ရေရှည်မှာအကျိုးရှိမယ်။ သို့သော် သူတို့စမယ့် သင်ရိုးညွှန်းတမ်းက မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်းနဲ့ မတူဘူး.. လုံးဝမတူဘူး၊ သူတို့ကိုသင်မယ့် သင်ရိုးညွှန်းတမ်းက နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာ သင်တဲ့ သင်ရိုးညွှန်းတမ်းနဲ့ သွားဆင်လိမ့်မယ် ”

အမေရိကန်ပြည်ထောင်စုက အထက်တန်ကျောင်းတွေမှာ နိုင်ငံခြား ဘာသာစကားတခုကို မယူမနေရ ပြဌာန်းထားပြီး စပိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ကိုရီးယား၊ ဂျပန် စသဖြင့် အတန်းပညာအတွက် လိုအပ်တဲ့အမှတ်(Credit)ရတဲ့ ဘာသာရပ် တစ်ခုအနေနဲ့ သင်ကြားရတာဖြစ်ပါတယ်။ အဲဒီဘာသာစကား သင်ကြားမှုနဲ့ပတ်သက်လို့ မူရင်း ဘာသာစကားပြော သက်ဆိုင်ရာ နိုင်ငံတွေကလည်း အကူအညီနဲ့ ပံ့ပိုးမှုတွေပေး ကြတာပါ။

အင်ဒီးယားနားပြည်နယ်အပြင် မြန်မာအများစုနေထိုင်ကြတဲ့ ကယ်လီဖိုးနီးယား၊ နယူးယောက်၊ တက္ကဆက်ပြည်နယ်နဲ့ မေရီလန်း စတဲ့ပြည်နယ်တွေက ကျောင်းတွေ မှာလည်း မြန်မာစာသင်ကြားခွင့်ရလာအောင် အဲဒီပြည်နယ်မှာရှိတဲ့ မြန်မာလူမျိုးတွေ အနေနဲ့ ကြိုးပမ်းအားထုတ်သင့်တယ်လို့ ဦးကျော် သိန်းစိုးက တိုက်တွန်းပါတယ်။ အမေရိကန်ပြည်ထောင်စုက ကျောင်းတွေမှာ အခုလို မြန်မာစာကို သင်ယူလာကြ တာကြောင့် မြန်မာပြည်က မြန်မာစာ ကျွမ်းကျင်တဲ့ ဆရာတွေအတွက်လည်း အမေရိကန်ပြည်ထောင်စုမှာ မြန်မာစာသင်ကြားပေးတဲ့ ဆရာအနေနဲ့ အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတွေ နောင်မှာ ပေါ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ကိုဉာဏ်ဝင်းအောင်(ဗွီအိုအေ)

No comments:

Post a Comment