ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် YBS ယာဉ်လိုင်းများနှင့် ပတ်သက်၍ ဆွေးနွေးမည်
ရန်ကုန် ဧပြီ ၂၃
တိုင်းဒေသကြီး လွှတ်တော်အမတ် ၂၆ ဦးက ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းများ ပြေးဆွဲနေမှုနှင့် ပတ်သက်၍ ဧပြီ ၂၄ ရက်တွင် ပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ရန်ကုန်မြို့တွင် ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို မထသ စီမံဆောင်ရွက်မှုစနစ်မှ YBS ယာဉ်လိုင်းများအဖြစ် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ယခု သုံးလတာ ကာလ ကျော်လွန်လာချိန်တွင် ဘတ်စ်ကားစီးခရီးသည်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် တိုင်းဒေသကြီးအစိုးရ၏ YBS နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေသည့်အနေအထားများ အပေါ် အများပြည်သူ ပွင့်လင်းမြင်သာစွာ သိရှိစေရန်အတွက် လွှတ်တော်အမတ် ၂၆ ဦးအထိ ယင်းအဆိုအပေါ် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။
'' YBS က တကယ်တော့ မထသကို ဆေးသုတ်ထားသလိုပါပဲ။ စစချင်းကတော့ စည်းကမ်းလိုက်နာပြီး ခရီးသည်တွေကို မှတ်တိုင်မှာ ရပ်၊ တင်၊ ချပဲ လုပ်တယ်။ နောက်ပိုင်းတော့ ရပ်ချင်သလိုရပ်၊ တင်ချင်သလိုတင်၊ အရင်လို စည်းကမ်းမဲ့လာတယ်။ ကောင်းတဲ့လိုင်းတွေလည်း ကောင်း လာပါတယ်။ ဒါပေမဲ့ အခုထိတော့ ခရီးသည်တွေ မျှော်မှန်းထား သလို ဖြစ်မလာသေးဘူး။ ထိထိရောက်ရောက်လေး ကိုင်တွယ်စေချင်ပါတယ်''ဟု လိုင်းကားစီး ခရီးသည်တစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က တရုတ်နိုင်ငံ YUTONG ကုမ္ပဏီမှ ခရီးသည်တင် ဘတ်စ်ကားသစ် အစီး ၁ဝဝဝ ကို စာချုပ်ချုပ်ဆို ဝယ်ယူထားပြီး လာမည့် မေလကုန်တွင် အဆိုပါယာဉ် များ ရောက်ရှိလာမည်ဖြစ်ကာ YBS ယာဉ်လိုင်းများတွင် လိုအပ်ချက်ရှိနေ သည့်အပေါ် ဖြည့်ဆည်းပြေးဆွဲသွားမည်ဟု သိရသည်။ သို့ရာ၌ သုံးလကျော်ကာလတွင် ခရီးသည်များ သွားလာမှု အဆင်ပြေအသား ကျမှုများနှင့် မကြုံတွေ့ရသေးသည့်အပြင် ဘတ်စ်ကားဝယ်ယူခြင်း များအပါအဝင် အဆင့်မြှင့်တင်ဆောင်ရွက်မှုများအပေါ် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် ပွင့်လင်း မြင်သာမှုရှိစွာ မသိရသောကြောင့် ယခုကဲ့သို့ လွှတ်တော်တွင်ဆွေးနွေးရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အမတ်များက ဝိုင်းဝန်းဆွေးနွေးခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
YBS ယာဉ်လိုင်းများ အဆင့်မြှင့်တင်မှုနှင့် ပတ်သက်၍ သုံးလတစ်ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS တစ်လပြည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ယာဉ်လိုင်းများတွင် ဂျီပီအက်စ် တပ်ဆင်ခြင်းများ၊ ကားသစ်များဝယ်ယူဖြည့်တင်းခြင်းများနှင့် ကတ်စနစ်သုံး ယာဉ်စီးခပေးချေစနစ်တို့အပါအဝင် အဆင့်မြှင့်တင် ဆောင်ရွက်မှုများကို သုံးလတစ်ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပြီး လာမည့် ၂ဝ၁၈ ခုနှစ် YBS စနစ် ပြုပြင်ပြောင်းလဲမှု တစ်နှစ်ပြည့်ချိန် တွင် ကောင်းမွန်သော သယ်ယူ ပို့ဆောင်ရေးစနစ်သို့ ရောက်ရှိ လာရေး မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။ပြန်/ဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment