Latest News

Monday, April 3, 2017

အ၀တ်ဗလာဖြင့် သွားလာနေမှုများ၏ နောက်ကွယ်

အ၀တ်ဗလာဖြင့် သွားလာနေမှုများ၏ နောက်ကွယ်

အခုရက်ပိုင်းမှာ လူပြောများနေတာက လူမြင်ကွင်းမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ အ၀တ်ဗလာနဲ့ သွားလာနေမှုဖြစ်စဉ်တွေနဲ့ မြင်ကွင်းတွေပါ။

ဒီလိုဖြစ်စဉ်တွေ ဖြစ်ပွားရာမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ ဖြစ်စဉ်တစ်ခုမှာ အလုပ်မရတဲ့ ဖိအားကြောင့် ဇနီးမောင်နှံ စကားများရာက ဖြစ်တာလို့ ပထမဦးဆုံး အ၀တ်ဗလာဖြစ်စဉ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယဖြစ်စဉ်ဖြစ်တဲ့ အ၀တ်ဗလာ ဖြစ်စဉ်မှာတော့ အများပြည်သူသွားလာတဲ့ နေရာမှာ ညစ်ညမ်းအောင်ပြုလုပ်မှု ဥပဒေပုဒ်မ ၄၁ (၁၅) နဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ဆိုရင်လည်း စိတ်ကျန်းမာရေး ချို့ယွင်းနေသူဖြစ်ပြီး အိမ်ထောင်ရေး၊ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ကြိမ်စလုံးမှာ အ၀တ်ဗလာဖြစ်ခဲ့သူတွေက တစ်ဦးက ၂၆ နှစ်နဲ့ တစ်ဦးက အသက် ၃၀ ဖြစ်ပါတယ်။

တတိယအကြိမ် လူမြင်ကွင်းမှာ အ၀တ်ဗလာ ဖြစ်စဉ်အဖြစ် ထွက်ပေါ်ခဲ့တာက ဧပြီ ၂ ရက်မှာပါ။ အမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့ လှော်ကားကွန်ပျုတာတက္ကသိုလ်အနီးမှာ ဖြစ်ခဲ့တာပါ။ အဲဒီလို အမျိုးသမီးတွေ ဆက်တိုက် အ၀တ်ဗလာဖြစ်စဉ်တွေနောက်မှာ လူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာ အ၀တ်ဗလာ လမ်းလျှောက်တာကို ဖက်ရှင်တစ်ခုသဖွယ် ရယ်ပွဲဖွဲ့ခဲ့သလို အ၀တ်ဗလာနဲ့ သွားလာနေတဲ့ အမျိုးသားတချို့ရဲ့ ဓာတ်ပုံတွေကလည်း လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ ဒီလို အ၀တ်ဗလာဖြစ်စဉ်တွေမှာ ရဲတပ်ဖွဲ့က သာမန်သာ သတင်းထုတ်ပြန်ခဲ့ပေမယ့် ပြည်သူလူထုအကြားမှာတော့ ဘာ့ကြောင့် ဖြစ်တာလဲဆိုတဲ့ စိတ်ဝင်စားမှု ရေချိန်ကတော့ မြင့်တက်နေတာ တွေ့ရပါတယ်။

ဆင်းရဲနွမ်းပါးမှုမြင့်မားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူအများစုက စားဝတ်နေရေးဂယက်ကို ရင်ဆိုင်နေရပြီး ကျပ် ၁၀၀ ဖိုး ချဉ်ရေဟင်းနဲ့ ငါးပိရည်နဲ့ အဆင်မပြေဖြစ်နေတာကြောင့် ဘက်စုံထိုးနှက်တဲ့ အဆင်မပြေမှုတွေက များလှပါတယ်။

ဒီလို ဘက်စုံအဆင်မပြေမှုတွေကြားမှာ မွန်းကျပ်လာရင်း ဒီလိုအ၀တ်ဗလာကိုယ်လုံး တီးတွေဖြစ်လာတာကို စိတ်ပညာရှင်တချို့က အစုလိုက်အရူးထခြင်း (Mass Hysteria) ဖြစ်စဉ်လို့ သုံးသပ်ပါတယ်။

စားဝတ်နေရေး အဆင်မပြေမှုကြောင့် မွန်းကျပ်ပေါက်ကွဲနေတဲ့ အချိန်မှာ ရှေ့ကလူ တစ်ယောက်က အ၀တ်ဗလာ ချွတ်ပြသွားလို့ နောက်လူက ကြံမိကြံရာ ထပ်ပြီးလုပ်တဲ့ ဖြစ်စဉ်ပါ။ စိတ်ပညာအရဆိုရင် နတ်ဝင်သည်လို ဖြစ်ရပ်မျိုးကိုလည်း Mass Hysteria ဖြစ်စဉ်လို့ သုံးသပ်ပါတယ်။

လူမှုရေးသိပ္ပံနဲ့ စိတ်ပညာမှာ Mass Hysteria အစုလိုက် အရူးထခြင်း ဆိုတာရှိပါတယ်။ ဆေးပညာအရ Collective Hysteria စုပေါင်းဖြစ်ခြင်း၊ Group Hysteria အုပ်စုလိုက် ဖြစ်ခြင်းနဲ့ Collective Obsessional Behavior လို့ခေါ်တယ်လို့ ဒေါက်တာတင့်ဆွေက သူ့ရဲ့လူမှုကွန်ရက်မှာ Mass Hysteria ရောဂါနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။ ဒီလိုဖြစ်တဲ့သူတွေအားလုံးက တစ်ပြိုင်နက်တည်းမှာ အန္တရာယ် ကျရောက်တော့မယ်လို့ ထင်မြင်ကြတယ်။ တကယ့်အန္တရာယ်လည်း ဖြစ်နိုင်တယ်။ မရှိတာကို ကြံဆတဲ့အန္တရာယ်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်တဲ့ အနီးအနားနဲ့ ကြားရသူတွေမှာ ကောလာဟလနဲ့ ထိတ်လန့်မှုတွေ ဆက်ဖြစ်စေတယ်။ Hysteria ဆိုတာ စိတ်ဝေဒနာတစ်ခုဖြစ်ပြီး ပြင်းပြတဲ့ စိုးရိမ်သောကကနေ ဆက်ဖြစ်ပါတယ်။ လူနာဟာ သူ့ကိုယ်သူ မထိန်းနိုင်တော့တာဖြစ်ပြီး အမူအရာနဲ့ စိတ်လှုပ်ရှားမှုနှစ်မျိုးကို မထိန်းနိုင်တာပါ။ ရုတ်တရက် တက်သလိုပါတွဲဖြစ်ပြီး သတိလစ်တာ စိတ်ခံစားမှုအရ ငိုတာရယ်တာတွေပါ တွဲနေတတ်ပါတယ်။ တစ်ခါတလေမှာ ဖိနှိပ်ထားတဲ့လိုအင်နဲ့ ၀ိရောဓိဖြစ်ရာကနေ ပေါက်ထွက်လာပါတယ်။ Hysateria ကိုယ်အမူအယာဆိုတာ ဆွဲဆောင်မှုအမူအရာ (မာယာ) လို့လည်းပြောနိုင်ပြီး စိတ်လှုပ်ရှားမှုအပေါ် မှီတည်မယ်။ ၀ိညာဉ်လိုရင်းနှီးမှုရှိမယ်။ သည်းခံနိုင်စွမ်းကင်းမယ်။ အလိုမကျမှုရှိမယ်။ လက်တွေ့မကျတာနဲ့ ဒေါသ၊ စိတ်တိုတာပါမယ်။ လူနာဟာ စိတ်လှုပ်ရှားမှု လွန်ကဲရာကနေ တက်သလိုဖြစ်လာမယ်။ အကြောင်းမဲ့အော်မယ်။ ငိုယိုမယ်။ ရယ်မယ်။ ဗိုက်ကြောတွေ တင်းနေမယ်။ ရင်ခုန်နေမယ်။ ခေါင်းကိုက်ပြီးဆို့ နေသလိုခံစားရမယ်။ သွားကြိတ်ထားမယ်။ လည်ပင်းကြောတွေထောင်နေမယ်။ ဆိုးတဲ့ အခြေအနေမှာ သတိလစ်သလောက်ဖြစ်မယ်။ လှုပ်ရှားမှုတွေပြင်းထန်မယ်။ ကြမ်းတမ်းမယ်။ တကယ်တက်သွားမယ်။ ဒီလိုဘာလို့ ဖြစ်သလဲဆိုရင် တစ်ကိုယ်တည်းဆန်မှု၊ လိင်ပိုင်းဖိနှိပ်ထားမှု၊ တွေးတောတာထူးခြားမှု၊ မျိုးဗီဇတွေကနေဖြစ်စေနိုင်ပြီး ငယ်စဉ်က ထိတ်လန့်မှု၊ စိတ်ဓာတ်ကျမှု၊ စိတ်ဖိအားများမှု၊ နာတာရှည်ရောဂါသည် ဖြစ်မှုတွေကနေလည်း ဖြစ်နိုင်ပါတယ်။ ချစ်ခင်သူ သေဆုံးတာနဲ့ ကွဲကွာလမ်းခွဲရတာကနေလည်း ဖြစ်တတ်ပါတယ်။ ဆေးပညာအရ လူတစ်ယောက်ထက်မကမှာ ရုတ်တရက် အတူတူ ဒါမှမဟုတ် ဆင်ဆင်တူတဲ့ Hysateria ပုံစံနဲ့ ရုပ်ပိုင်းလက္ခဏာတွေ ပြုမူကြတာကိုခေါ်ပြီး  ဖြစ်လေ့ရှိတဲ့ လက္ခဏာတစ်ခုကတော့ သူတို့မှာ ရောဂါတစ်ခုကို အတူခံစားနေကြရပါတယ်။ Mass Psychogenicillness အစုလိုက် စိတ်ဝေဒနာ (သို့) Epidemic Hysteria (Hysateria) ကပ်ရောဂါလို့လည်း သတ်မှတ်ပါသေးတယ်လို့ ဒေါက်တာတင့်ဆွေက Mass Hysteria ရောဂါနဲ့ ပတ်သက်ပြီး ရေးသားထားမှုအရ သိရပါတယ်။

ဒီလို အ၀တ်ဗလာနဲ့ တွေ့နေရတာတွေကို စနစ်တကျ လေ့လာသင့်ပြီး သုံးလေးယောက်လောက်တွေ့ရုံနဲ့ ဘာ့ကြောင့်ဆိုတာ မပြောပြနိုင်လို့ တစ်ဦးချင်း အ၀တ်ဗလာဖြစ်မှုတွေကို စနစ်တကျ ထုတ်ပြန်ပေးသင့်တယ်ဆိုတာနဲ့ လက်ရှိအ၀တ်ဗလာ ဖြစ်စဉ်တွေကို တစ်ပတ်လောက်စောင့်ကြည့်ပြီးမှ မှတ်ချက် ပြုချင်တယ်လို့ စိတ်ပညာပါမောက္ခ ဒေါက်တာနီလာကြူက မှတ်ချက်ပြုပါတယ်။

ဒီလို အစုလိုက်အရူးထခြင်း (Mass Hysteria) ဖြစ်စဉ်ဟာ လူတစ်ဦးကနေ တစ်ဦးကို အလားတူကူးစက်စေတဲ့ ဖြစ်စဉ်ဖြစ်လို့ နောက်ဆက်တွဲတွေ ရှိလာနိုင်လားဆိုတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

အမျိုးသမီးတွေ အ၀တ်ဗလာ ဖြစ်လာရခြင်းဟာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် စိတ်ခံစားမှုလွန်ကဲပြီး အစုလိုက်အရူးထခြင်း (Mass Hysateria)  ဖြစ်စဉ် မဟုတ်ခဲ့ဘူးဆိုရင် ဒုတိယသုံးသပ်မှုက လိင်စိတ်ကြွဆေးတွေ၊ မူးယစ်ဆေးတွေ အလွန်အကျွံသုံးမိတာနဲ့ လက်ရှိမှာ ခေတ်စားလာတဲ့ ဖုတ်ကောင်လိုဖြစ်စေတဲ့ မူးယစ်ဆေး Flakka ကို သုံးစွဲနေသလားဆိုတဲ့ မေးခွန်းပါ။

၂၀၁၅ ခုနှစ် ဇွန်လထဲမှာ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဘရိုဝဒ်ကောင်တီမှာလည်း ကိုယ်လုံးတီး လမ်းသလားနေတဲ့ ယောက်ျားတစ်ယောက်ကို ဖမ်းမိတဲ့ အမှုအခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ Flakka လို့ခေါ်တဲ့ မူးယစ်ဆေးကြောင့်ဖြစ်ပြီး Zombie Drug လို့လည်းခေါ်တယ်လို့ ဒေါက်တာတင့်ဆွေက ဘာကြောင့် အ၀တ်ဗလာဖြစ်လာတာလဲ မသိရသေးတဲ့ မြန်မာနိုင်ငံက လမ်းပေါ်အ၀တ်အစား မကပ်ဘဲ လမ်းလျှောက်နေတဲ့ အမျိုးသမီးပုံနဲ့ သတင်းတွေတင်နေ Share နေကြတဲ့အပေါ်မှာ Flakka လို့ခေါ်တဲ့ မူးယစ်ဆေးအကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ ဆေးသုံးသူတွေဟာ အသက်မသေသေးဘဲ ဖုတ်ကောင်လို ဖြစ်လာတယ်။ အဲဒီဆေးက ဘယ်ကနေ လာသလဲဆိုရင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဘက် တရုတ်နိုင်ငံကနေ လာတာဖြစ်ပြီး အမေရိကနဲ့ သြစတေးလျမှာ သုံးစွဲနေကြပါတယ်။

Flakka ကို စိတ်ကိုပြောင်းလဲစေတဲ့  Psychoactive substances (NPS) အမျိုးအစားလို့ သတ်မှတ်ထားပါတယ်။ ဆေးဝါးဗေဒအရ  a- Pyrrolidinopentiophenone လို့ခေါ်ပြီး အနံ့က ချဉ်စူးစူးနေတယ်။ ပန်းရောင်နဲ့ အဖြူရောင်အမှုန့် ဖြစ်တယ်။ ရှူလို့လည်းရတယ်။ ဆေးလိပ်ထဲထည့် သောက်လို့ရတယ်။ ဆေးထိုးလို့လည်းရတယ်။ ကိုကင်းထက်ဈေးချိုပြီး သက်ရောက်မှုက တာရှည်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆေးခြောက်နဲ့ဆင်တူပြီး လက်ငင်းသက်ရောက်မှုတွေနဲ့ ရေရှည်သက်ရောက်မှုတွေက ဆိုးရွားပါတယ်။ Magic mushrooms ခေါ် မှိုအဆန်းစားမိသလို သူများမမြင် မကြားတာတွေကို မြင်ကြားနေပြီး စိတ်ကြွဆေးလိုလည်း သတ္တိရှိတယ်လို့ ဆေးရဲ့ဆိုးကျိုးတွေက ဆိုပါတယ်။

“ဖြစ်နေတာတွေ ကြည့်ရင်တော့ Mass Hysteria ဆန်ဆန်ပါပဲ။ စိတ်ဖိစီးမှု အရမ်းများတဲ့အခါမှာ စိတ်ပုံမမှန်တာမျိုး မဟုတ်ဘဲ လုပ်မိလုပ်ရာ လုပ်တာပေါ့။ အဖြစ်များတာ မဟုတ်ဘဲ Facebook မှာ ဒီလိုအ၀တ်ဗလာ ဖြစ်လာတယ်ဆိုမှ ဆက်ပြီးတွေ့နေရတာဆိုတော့ ဖြစ်စဉ်တစ်ခုချင်းစီကို လေ့လာပြီးမှ ပြောတာတော့ အကောင်းဆုံးပဲ” လို့ စိတ်ရော ဂါကုဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။

Eleven Media Group

No comments:

Post a Comment