Latest News

Monday, April 3, 2017

ကိုဆွေဝင်းအား စွဲဆိုထားသည့် အမှု ရဲစစ်ချက်မပြည့်စုံသဖြင့် ထပ်မံရုံးချိန်း

ကိုဆွေဝင်းအား စွဲဆိုထားသည့် အမှု ရဲစစ်ချက်မပြည့်စုံသဖြင့် ထပ်မံရုံးချိန်း

မြန်မာနောင်းသတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအား ကြည်မြင့်တိုင်မှ ကိုသက်မျိုးဦးက ဘာသာ၊ သာသနာညှိုးနွမ်းစေမှုဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုထားမှုအား ကျောက်တံတားရဲစခန်းမှ ရဲစစ်ချက်ပြည့်စုံစွာတင်ပြနိုင်ခြင်း မရှိသေးသည့်အတွက် လာမည့် ဧပြီလ ၁၁ ရက်နေ့ ကို ထပ်မံရုံးချိန်းလိုက်ကြောင်း ရန်ကုန်မြို့၊   ကျောက်တံတားမြို့နယ်တရားရုံးမှ သိရသည်။

“တရားရုံးကို ကျောက်တံတားရဲစခန်းက ရဲစစ်ချက်ပြည့်စုံအောင် မတင်ပြနိုင်သေးတဲ့အတွက် ဧပြီလ ၁၁ ရက် နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဘာမှ စောဒကတက်စရာ မရှိဘူး ”ဟု ကိုဆွေဝင်းကို တရားလိုပြုလုပ်တိုင်ကြားထားသည့် ကိုသက်မျိုးဦးကပြော သည်။ ယနေ့ ( ဧပြီလ ၃ ရက်) နေ့တွင် ချိန်းဆိုထားသည့် အဆိုပါရုံးချိန်းကို မြန်မာနောင်းသတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းက လာရောက်ခြင်းမရှိပေ။

ကိုဆွေဝင်းက ယနေ့ချိန်းဆိုသည့် ရုံးချိန်းကို လာရောက်မည်မဟုတ်ကြောင်းကိုလည်း ဧပြီလ ၁ ရက်နေ့၊ ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကိုဆွေဝင်း၏ ဥပဒေအကြံ ပေးဖြစ်သူ ဦးခင်မောင်မြင့်က ပြောခဲ့သည်။

အဆိုပါ ကိုသက်မျိုးဦး စွဲဆိုထားသောအမှုသည့် ရဲအရေးပိုင်အမှု မဟုတ်သည့်အတွက် ကျောက်တံတားမြို့  နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အမှုကို လက်ခံထားခြင်းမဟုတ်ဘဲ ဦးတိုက်လျှောက်လွှာကို လက်ခံထားသည့် အဆင့်သာရှိသေးကြောင်းသည်။ ကျောက်တံတားရဲစခန်းမှ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၀၂ အရ ခိုင်လုံမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် ကိုဆွေဝင်းထံသို့ အကြောင်းကြားစာပေးပို့ခဲ့ပြီး ဧပြီ လ ၃ ရက်နေ့ တွင် စုံစမ်းစစ်ဆေးမှုအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် တင်ပြလိုသည့် အထောက်အထားများ တင်ပြရန် ပြောခဲ့သည်။

ကိုဆွေဝင်းအနေဖြင့် အမှုနှင့်သက်ဆိုင်သည့် အချက်အလက်များ ပြည့်စုံစွာစုစည်းနိုင်ရန်အတွက် အချိန် ညှိနှိုင်းတောင်းခံခဲ့ပြီး ဧပြီလ ၃ ရက်နေ့ရုံးချိန်းကို လာရောက်မည်မဟုတ်ကြောင်း  သိရသည်။

ကြည့်မြင်တိုင်မြို့နယ်နေ ကိုသက်မျိုးဦးက ကိုဆွေဝင်းကို ဘာသာ၊ သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုပေးရန် မတ်လ ၂ဝ ရက်နေ့တွင် ကျောက်တံတားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထား ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဦးတိုက်လျှောက်ထားရာတွင် မတ်လ ၈ ရက်နေ့ မြန်မာနောင်းသတင်းဌာနရုံးခန်းတွင် ကိုဆွေဝင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ဗီဒီယိုဖိုင် ၊ RFA နိုင်ငံခြား သတင်းဌာနနှင့် ကိုဆွေဝင်းတို့ ပြုလုပ်ခဲ့သည့် အင်တာဗျူး ဗီဒီယိုဖိုင်၊ 7 days သတင်းဌာနနှင့် ကိုဆွေဝင်းတို့ ပြုလုပ်ခဲ့သည့် အင်တာဗျူး ဗီဒီယိုဖိုင် စသည့်တို့ကို သက်သေအဖြစ်တင်ပြလျှောက်ထားခဲ့သဖြင့် ရာကြီး အမှုအမှတ် ၆၈/၂၀၁၇ ဖြင့် မြို့နယ်တရားသူကြီး ဦးသန်းနိုင်ထွေးက အမှုဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

Mizzima

No comments:

Post a Comment