Latest News

Monday, April 10, 2017

၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းအထိ တိုးမြှင့်တင်ပို့သွားမည်

၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းအထိ တိုးမြှင့်တင်ပို့သွားမည်

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းအထိ တိုးမြှင့် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်က ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၆ သန်းခန့် တင်ပို့နိုင်ခဲ့သည့်အတွက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ပြည်ပဆန် တင်ပို့မှုထက် တန်ချိန်နှစ်သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်း ရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

''အခုဘဏ္ဍာနှစ်မှာတော့ တန်ချိန် နှစ်သန်းလောက် တင်ပို့နိုင်ဖို့ မှန်းထား တယ်။ တရုတ်ဘက်ရော၊ ဥရောပ ဈေးကွက်တွေကိုပါ တင်ပို့မှာပါ။

ယခုနှစ်မှာ ရှမ်းပြည်နယ်မြောက် ပိုင်းက တိုက်ပွဲတွေကြောင့် မူဆယ် နယ်စပ်လမ်းကြောင်းကတစ်ဆင့် တရုတ် နိုင်ငံသို့ ဆန်တင်ပို့မှုလျော့ကျနေသော် လည်း ပင်လယ်ရေလမ်းကြောင်းက အာဖရိကနိုင်ငံ ဈေးကွက်တွေကို ဆန် တင်ပို့မှုတိုးမြှင့်နိုင်ခဲ့ပါတယ်'' ဟု ¤င်းက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်က ဥရောပ နှင့် အီးယူနိုင်ငံများသို့ ပင်လယ်ရေ ကြောင်းမှ တင်ပို့နေသည့် ဆန်ဈေး ကွက်တွင် ၂၅မှတ်တန်ဆန်ကြမ်း တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၃၁၅ ဒေါ်လာ ဈေးနှုန်းရရှိခဲ့ပြီး ယခုနှစ်တွင် ၂၅ မှတ် တန်ဆန်ကြမ်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၈ဝ မှ ဒေါ်လာ ၃ဝဝ သာ ရရှိ ကာ အခြားဆန်ချော တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ ဒေါ်လာခန့် ရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီး များအသင်းအတွင်းရေးမှူး ဦးအောင်မြင့် က '' မနှစ်ကလောက် ဈေးမရပေမယ့် ဒီနှစ် ပြည်တွင်းမှာ ဒေါ်လာဈေး တက်နေတော့ ကုန်သည်တွေလည်း တွက်ခြေကိုက်ကြပါတယ်''ဟု ပြော သည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ၂ဝ၁၂ - ၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဆန် တန်ချိန် ၁ ဒသမ ၄ သန်း၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၂ သန်းနှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဖြိုးလွင်အောင်(AMIA)၊ ဓာတ်ပုံ-ကေဇူး(AMIA)MOI

No comments:

Post a Comment