နှစ်သစ်ကူး ထူးမြတ်သည့် တန်ခူးလ
ယနေ့နှောင်းတန်ခူးလပြည့်နေ့သည် မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်အတွက် နောက်ဆုံး လပြည့်နေ့ဖြစ်သည်။ တန်ခူးလပြည့်နေ့ကို လွန်မြောက်ပြီးနောက်နှောင်း တန်ခူး လပြည့်ကျော် ၃ ရက် (ခရစ်နှစ် ၂၀၁၇ ခုနှစ် ဧပြီလ ၁၄ရက်-သောကြာနေ့) မြန်မာ စံတော်ချိန် နံနက်စက် ၄ နာရီ၊ ၅၆ မိနစ်၊၂၉ စက္ကန့်ရောက်သည်နှင့် မဟာသင်္ကြန် ကျပေပြီ။ ထိုမှနောက် သုံးရက်မြောက်နေ့တွင် နှစ်သစ်ကူးပြောင်း ရောက်ရှိပြီးနောက် ၁၃၇၉ ခုနှစ်မြန်မာနှစ်သစ်တစ်နှစ်သို့ ရောက်ရှိပြီဖြစ်သည်။
မြန်မာတို့အနေဖြင့် နှစ်သစ်ကူးပြောင်းခြင်းမှာ ထိုနေ့ထိုရက်ပင်ဖြစ် သည်။ ထိုကဲ့သို့သော ရက်ကောင်းရက်မြတ်များတွင် ရှေးရှေးသောအခါသမယ၌ ရေပက်ကစားခြင်း၊ ကုသိုလ် ကောင်းမှုပြုခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် နှစ်သစ်တွင် အဆိုးများပျောက်၍ အကောင်း များရောက်စေရန်ရည်သန်ပြီး မကောင်းမှုဟူသမျှကို ဆေးကြော သန့်စင်ခြင်းပင်ဖြစ်သည်။
နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်းသည် လူမျိုးတိုင်း လူမျိုးတိုင်း၏ မင်္ဂလာ ဓလေ့ထုံးတမ်းစဉ်လာပင်ဖြစ်သည်။
နှစ်သစ်ကူးပြောင်းချိန်တွင်မင်္ဂလာအမှုများကို ဆောင်ရွက်ရင်း မကောင်းမှုတို့ကို သင်္ကြန်ရေဖြင့်ဆေးကြောသန့်စင်ကာ နှစ်သစ်တွင် မင်္ဂလာ အပေါင်းနှင့်ပြည့် စုံစေရန်ဆောင်ရွက်ခဲ့ကြသည်။ ထိုအချိန်အခါသမယတွင် အလှူဒါနပွဲများ ဆင်နွှဲခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်းသီလဆောက်တည်ခြင်း၊ တရားနာကြားခြင်း၊ ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းခြင်း၊ ကျောင်း၊ ကန်၊ ဇရပ်၊ တန်ဆောင်းများအား သန့်ရှင်းရေးပြု လုပ်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာ ရည်များဖြင့် ရေချိုး သန့်စင်ပေးခြင်း၊ မိဘဆရာသမားများအား ပူဇော် ကန်တော့ခြင်း၊ အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တိရစ္ဆာန်များအားဘေးမဲ့လွှတ်ခြင်း စသည့် ကောင်းမှုကုသိုလ်များပြုကြသည်။
သို့သော် ရာသီစက်ဝန်းပြောင်းလဲခြင်းနှင့် ခေတ်ကာလရွေ့လျော လာသည့် အလျောက် မြန်မာတို့၏နှစ်သစ်ကူးပြောင်းခြင်းဓလေ့မှာ ထွေးရော ယှက်တင် လာသည်ကိုတွေ့ရသည်။ ရာသီကာလအားဖြင့် မြန်မာ-အင်္ဂလိပ်ဘာသာ လူမျိုးမခွဲခြားဘဲ နှစ်သစ်ကူးပြောင်းကြသည် ကို တွေ့ရသည်။
ပျော်ရွှင်စရာနှစ်သစ်ကို အချိန်ရာသီ၊ လူမျိုးမခွဲခြားဘဲ ဆင်နွှဲကြသည်မှာ ကောင်းမွန် ပါသည်။ သို့သော် မိမိတို့၏ နှစ်သစ်ကူးပြောင်းခြင်း ကာလ အစစ်အမှန်ကိုမူ ပိုမို အလေးထားသင့်သည်။
မြန်မာတို့၏ နှစ်သစ်ကူးသင်္ကြန်အခါကာလတွင် မြန်မာတို့၏ယဉ်ကျေးမှု ဓလေ့ စရိုက်ကောင်း များကို မမေ့မပျောက်စေဘဲ အစဉ်အလာ မပျောက်အောင် ထိန်းသိမ်း စောင့်ရှောက်ဆင်နွှဲသင့်သည်။ အရိုးကို အရွက်မဖုံးစေဘဲ မြန်မာ့ဓလေ့စရိုက်များ မပျောက်ပျက်အောင် ခေတ်ကာလနှင့်လျော် ညီစွာဆင်နွှဲသင့် သည်။ အပျော်လွန်၊ အကုသိုလ်ဒုစရိုက်မှုများမဖြစ်အောင် သတိပြုသင့်သည်။
ထိုသို့မဖြစ်အောင်လည်း ဝိုင်းဝန်းကူညီစောင်မသင့်သည်။ မိမိတို့အရပ်ဒေသ၊ မိမိတို့၏အဖွဲ့အစည်းများတွင် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်စေသော အတာသင်္ကြန်ပွဲ၊ နှစ်သစ်ကူး အစဉ်အလာပွဲများကိုပိုမိုစည်ကားစွာဖြင့် သိုက် သိုက်မြိုက်မြိုက် ကျင်းပနိုင်ရန် ကြီးသူ၊ ရွယ်သူတို့က ကမကထဦးဆောင်ဦးရွက်ပြုကာ မြန်မာ့ ယဉ်ကျေးမှု မပျောက်ပျက်အောင်၊ မြန်မာ့ယဉ်ကျေးမှုဖုံးလွှမ်းအောင် ကြိုးပမ်း အားထုတ်သင့်သည်။
နှစ်သစ်အချိန်အခါကာလတွင် တစ်ဦးနှင့်တစ်ဦး ကြည်နူးပျော်ရွှင်စွာဖြင့် ရေပက် ကစားကြခြင်း သည် အေးမြခြင်း၊ ကြည်လင်ခြင်း၊ အညစ်အကြေးကင်းစင်ခြင်း၊ ရေသည် အကြားမထင်ဆက်စပ်နေခြင်းဟူသည့်နိမိတ်ကောင်းများကို ဖော်ဆောင်ခြင်း ပင်ဖြစ် သည်။ အများပြည်သူတို့၏စိတ်ဓာတ်များ နှစ်သစ် တွင် ပက်ဖျန်းသည့်ရေစင်ကဲ့သို့ နှစ်သစ် တွင် စိတ်သစ်ကိုယ်သစ်ဖြင့် ကြည်လင်အေးမြစေ လိုသောသဘောဖြစ်သည်။ ရေကိုသား၍ အကြားမထင် သကဲ့သို့ ပြည်သူများအချင်းချင်း ချစ်ချစ်ခင်ခင်ဖြင့် စည်းလုံး ညီညွတ်မှု မပျက်အောင် ရွက်ဆောင်ခြင်းသဘောဖြစ်သည်။
ထို့ကြောင့် နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ များနှင့်အညီ မြန်မာတို့၏ ပျော်ရွှင်ဖွယ်ချမ်းမြေ့ဖွယ်ရာ ဂုဏ်ဒြပ်များကို ဝိုင်းဝန်းဖော်ဆောင်ကြဖို့ တိုက်တွန်းချင်ပါသည်။ ။
(ကြေးမူံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment