မဟာသင်္ကြန်စာ
သာသနာနှစ် ၂၅၆၀ ခုနှစ်
ခရစ်သက္ကရာဇ် ၂၀၁၇ ခုနှစ်
မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၃ ရက်နေ့တွင် မဟာသင်္ကြန်ကျသည်။
ယခုနှစ်တွင် သိကြားမင်းသည် ပြည်ပကားတစီးကို ဖင်ဖြတ်ပြီး ဖြတ်ညှပ်ကပ်ထားသော မြည်မာပြည်ဖြစ် စက်မှုဇုန်ထုတ်ကားကြီးစီးကာ လက်ယာဘက်တွင် ငါးလုံးပြူးသေနတ်( ကြည်လင်းကိုင်ဆောင်သောသေနတ်)နှင့် လက်ဝဲဘက်တွင် ၉၆၉ အလံကိုင်လျက်၊ ပါးစပ်တိပ်ကပ်ခါ ဆင်းလေသည်။
မျက်စိနှစ်လုံးကိုလည်း " သာသနာဖျက်ကိုမမြင်လို ”ဟူသော စာတမ်းပါ အဝတ်တစကို စည်းလျက် လူပြည်သို့ မမြင်စမ်းတမ်းနှင့် ဆင်းတော်မူသည်။
ပထမဦးစွာ မြို့မသင်္ကြန်တီးလုံးကြားရာအရပ်၌ မှန်းဆလျက် ဆင်းတော်မူရာ မျက်လုံး၌စည်းထားသော စာတမ်းကြောင့် မန်းလေးမှကိုယ်တော်နှင့်အဖွဲ့က "စောင်ကုလားဒီမှာမဆင်းနဲ့” ဟု ဆန္ဒပြကြသဖြင့် နေပြည်တော်သို့ သုတ်ခြေတင်ရရှာသည်။
နေပြည်တော်တွင်ကား ပရဆေးဥယျာဉ်အနီးတွင်ပျောက်သွားသည်ဆိုသော အောင်ဝင်းခိုင်တည်းခိုပုန်းအောင်ရာနေရာသို့ ဆင်းမိရာ " ကန့်သတ်နယ်မြေ၊ အခွင့်မရှိမဝင်ရ ”ဟူသော ဆိုင်းဘုတ်ကြောင့် ရန်ကုန်ရွှေမြို့တော်ဆီသို့ သုတ်ခြေတင်ရပြန်သည်။
ရန်ကုန်ရွှေမြို့တော်တွင်ကား အင်းယားကန်ဘောင်ပေါ်သို့ အောင်မြင်စွာ ဘေးမသီရန်မခ ဆင်းနိုင်ခဲ့လေသည်။ သို့သော် ရေကစားမည့် မဏ္ဍာပ်များ ယခင်ကဲ့သို့ စည်စည်ကားကားမရှိသဖြင့် စီးတော်ယာဉ် စက်မှုဇုန်ထုတ်ကားဖြင့် မဏ္ဍာပ်ရှိရာသို့ ပတ်ရပြန်သည်။
ထိုစဉ် ပြည်သူ့ရဲတပ်ဖွဲ့မှ လက်ယာဘက်တွင်ကိုင်ထားသော ငါးလုံးပြူးသေနတ်ကိုခြေရာခံမိပြီး လူမြင်ကွင်းတွင်မနေသင့်ဟုဆိုလျက် အတင်းအကျပ်ဖမ်းဆီးကာ လုံခြုံရေးစိတ်ချရသော နေပြည်တော်ပြန်ပို့မည်ဟု ပြောသဖြင့် သေနတ်ကိုထားခဲ့ကာ အတင်းထွက်ပြေးရပြန်သည်။
သိကြားမင်းလည်း ၉၆၉ အလံကို ကားထိပ်မှာတပ်လျက် မြို့အနှံ့လျှောက်ကြည့်ရာ ကားထိပ်မှအလံကိုမြင်သည်နှင့် မနှစ်မြို့သောအကြည့်ဖြင့် ကြည့်ခံရပြီး ဘယ်သူမှရေမပက်ပဲရှိလေရာ စိတ်ညစ်ညစ်ဖြင့် KTV သွားကဲလေတော့သည်။ သို့သော် KTV မီးလောင်သဖြင့် ထွက်ပြေးခဲ့ရပြန်သည်။
သို့နှင့် အပျော်အပါးအကုသိုလ်ဖြင့်အကျိုးမပေးသောကြောင့် ကုသိုလ်လေးတော့ ရအောင်ယူမည်ဟုကြံကာ နီးစပ်ရာတရားပွဲတခုသို့ဝင်၍ တရားနာရာ ကုလားနဲ့ခွေး ဘယ်သူက ပိုယုတ်မာလဲ၊ ကုလားယူကြမလား၊ ခွေးယူကြမလားဟု မေးလေရာ သိကြားမင်းလည်း မြတ်စွာဘုရားရှင်ကို သက်ရှိထင်ရှားတွေ့၍တရားနာဖူးသူဖြစ်သည့်အတွက် ယုတ်မာခြင်းဟူသည် လူ၊ခွေး၊ နွား၊ ဖွတ် စသည် အမျိုးအနွယ်နှင့်မဆိုင်ပဲ တဦးတယောက်ချင်းစီနှင့်သာဆိုင်ကြောင်း သတ္တဝါတခု၊ ကံတခု၊ စိတ်တခုစီရှိကြောင်း ပြန်ဖြေလိုက်သည်။
အဖြေဆုံးသည်နှင့် သင်္ဃန်းခြုံထားသော လူမိုက်တချို့နှင့် လူဝတ်ကြောင် လူမိုက်တချို့မှ သိကြားမင်းအား ဂုတ်မှဆွဲ၍ " စောင်ကုလား၊ မန်းလေးကနေ ဒီအထိလိုက်လာသေးတယ်၊ ညောင်းတော့ ” ဟုဆိုကာ တရားပွဲပြင်ပသို့ ဒရွတ်တိုက်ဆွဲခေါ်သွားလေသည်။
ထိုစဉ် တရားပလ္လင်ပေါ်မှ ပုဂ္ဂိုလ်သည် " မြတ်စွာဘုရားရှင်ဟောကြားတဲ့ ဗြဟ္မာစိုရ်တရားလေးပါးထဲက ဥပေက္ခာတရားအရ ဒီစောင်ကုလားကို ထောင်ထဲထည့်ရမယ်” ဟု ဟောပြောလေရော အောက်မှပရိတ်သတ်လည်း သာဓု သုံးကြိမ်ခေါ်သည်ကို ကြားလိုက်ရသော သိကြားမင်းမှာ " သြော်.. လူ့ပြည်မှာ တရားရတနာကွယ်တော့မည်ကိုး” ဟုညည်းတွားကာ စက်မှုဇုန်ထုတ်ကားကြီးစီးလျက် နတ်ပြည်သို့ပြန်တက်လေတော့သည်။
ယခုနှစ်တွင်
တနင်္ဂနွေသားသမီးများ၏ကံသည် ပုံမှန်အတိုင်းပင်ဖြစ်သည်။ ကံအကောင်းဆုံးဖြစ်စေရန် " တရားဖျက်သူ အလိုမရှိ၊ ခွေးတရားဟောသူ ဒို့ရန်သူ ” ဟူသော ဆိုင်းဘုတ်ကိုကိုင်ကာ မန်းလေး မစိုးရိမ်တိုက်သစ်ရှေ့တွင် တနာရီကြာရပ်၍ ယတြာချေလိုက်ပါ။
တနင်္လာသားသမီးများသည် ယခုနှစ်တွင် ဗုဒ္ဓဟူးနံဝင်ကိန်းရှိနေရာ အမျိုးသမီးများအနေဖြင့် အိမ်ထောင်ပြုသင့်သော နှစ်ဖြစ်လေသည်။ အမျိုးသားများလည်း မိမိတို့ရှိသမျှငွေဖြင့် ရွှေဝယ်ထားပါက သိသိသာသာ ရွှေများရလာမည်ဖြစ်သည်။
အင်္ဂါသားသမီ်းများသည် စက်ပစ္စည်း မုချဝင်မည်။ ယတြာအနေဖြင့် မြန်မာပြည်လုပ် အပ်တချောင်းဖြင့် စက်မှုဇုန်ထုတ်ကားတစီး၏ တာယာကို ဖောက်ပါလေ။
ဗုဒ္ဓဟူးသားသမီးများသည် သောကြာနံအကျိုးပေးသောနှစ်ဖြစ်သည်။ နေရင်းထိုင်ရင်းပင် သောကြာနံဝင်တတ်သည်။ ယတြာအနေဖြင့် အောက်ခံဘောင်းဘီမဝတ်ဆင်ပဲ သခွားသီးဈေးသို့ သွားပါလေ။
ကြာသပတေးသားသမီးများသည် လွန်စွာကံကောင်းကြသူများဖြစ်သည်။ ပို၍ကံကောင်းစေရန် YBS ကားကိုစီးလျက် ကားစပယ်ယာအား နရင်းသုံးချက်တီးကာ " အတူတူပဲ၊ အတူတူပဲ ” ဟု သုံးခါအော်လိုက်ပါ။
သောကြာသားသမီးများ ငွေအစုလိုက်အပုံလိုက် ဝင်ကိန်းရှိသည်။ အထူးယတြာအနေဖြင့် ပုဆိန်တလက်ဖြင့် နီးစပ်ရာ ဘဏ် ATM (ငွေထုတ်စက်) ကို ထုခွဲကာ ရသမျှ ယူပါလေ။
စနေသားသမီးများမှာ လွန်စွာကံနိမ့်လျက် ရှိရကား သတိထားရမည့် နှစ်တနှစ်ဖြစ်လေသည်။ ကံမြင့်စေရန် တနင်္ဂနွေနံအစ၊ ဗုဒ္ဓဟူးနံအလယ်၊ တနင်္လာနံအဆုံးရှိသော အမည်တခုကို ရဲစခန်းရှေ့တွင် သုံးခေါက်အော်လိုက်ပါ။ ဥပမာ - " အောင်ဝင်းခိုင် တဲ့ဟေ့ ”။
ဤတွင် မဟာသင်္ကြန်စာ ပြီး၏တည်း။ 😃😃
YaeTayZa@တောကဘကြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment