Latest News

Sunday, March 12, 2017

ကြောက်ပါပြီ V.I.P

ကြောက်ပါပြီ V.I.P

”V.I.P”….”V.I.P” နဲ့ ဟိုနေရာမှာလည်း V.I.P ဒီနေရာမှာလည်း V.I.P နဲ့၊ ဘယ်နေရာမှV.I.P မလွတ်ပါ လား၊ သြော် …V.I.P, V.I.P ဟု ဦးဝင်းမြင့်တစ်ယောက် ညည်းညူနေပါသည်။ ညည်းမည်ဆိုလျှင်လည်း ညည်း လောက်ပါသည်။ ဦးဝင်းမြင့်သည် ရုံးတစ်ရုံးတွင် ဌာနခွဲမှူး အဆင့်တာဝန်ကို ထမ်းဆောင်နေရသူဖြစ်သော် လည်း ရုံးတွင်းအစည်းအဝေးများ၊ အခြားရုံးကလာပြီး စည်းဝေးကြသည့်အခါများတွင် အခမ်းအနားပြင်ဆင် ပေးရခြင်း၊ ကျွေးမွေးဧည့်ခံရခြင်းနှင့် V.I.P (ခ) အရေးကြီးပုဂ္ဂိုလ်တို့အား တာဝန်ယူနေရသူဖြစ်ပါသည်။

ဦးဝင်းမြင့်သိထားသည့် V.I.P (ခ) Very Important Person (အရေးကြီးပုဂ္ဂိုလ်)ဆိုသည်မှာ ဒုတိယဝန်ကြီးနှင့် အထက်လူပုဂ္ဂိုလ်များကို အရေးကြီး ပုဂ္ဂိုလ် V.I.P ဟု နားလည်ထားပါသည်။ သို့သော် ဒုတိယဝန်ကြီး မဆိုထားဘိ၊ ”ဟိုမှာ ….V.I.P…လာနေတယ်၊ …ပေး ….ပေး (V.I.P)အတွက် ..ဒါက V.I.P ဝိုင်းအတွက်ဆိုပြီး သီးသန့်ပြင်ဆင်ပေး ရခြင်း၊ ဆရာ…V.I.P အိမ်အတွက် ပါဆယ်ထည့်ပေးရ မယ်။ ဆရာ V.I.P ကတော်က အရေးကြီးတယ်နော်” စသည်ဖြင့် V.I.P … V.I.P စကားများကို နေ့စဉ် ကြားနေရပါသည်။

တစ်နေ့တွင် ရုံးပိတ်ရက် ဇနီးသည်နှင့်အတူ ဈေးလိုက်သွားခဲ့ရာ ဈေးဝယ်၍ကောင်းတုန်းအချိန်တွင် ဈေးသည်များ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ရောင်းချနေသည့် ဈေးဗန်းများကို ကမန်းကတန်းသိမ်းပြီး အဝေးသို့ ရှောင်တိမ်းသွားနေသည်ကို တွေ့ရသဖြင့် ”ဘာဖြစ်တာ လဲဟ..” ဟု စပ်စုမေးလိုက်ရာ ဈေးသည်တစ်ဦးက ”ဦးရေ … V.I.P လာနေလို့ ..ရှောင်ပေးနေရတာ..”ဟု ပြောပြေး ပြေးသွားသဖြင့် ဦးဝင်းမြင့်က V.I.P ဆိုတာ ဘယ်သူလဲဟဟု ကြည့်နေစဉ် စည်ပင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဝန်ထမ်းနှစ်ဦးက ဘေးဘယ်၊ ညာ ခြံရံလျက် အလယ်ကလူနှင့်အတူ လမ်းလျှောက်လာနေ သဖြင့် စိတ်ထဲတွင် ”သြော် V.I.P ဆိုတာ ဒီပုဂ္ဂိုလ် ဖြစ်လိမ့်မယ်ဟု” တွေးမိပြီး ဈေးသည်တစ်ဦးအား ”အလယ်ကလူက ဘယ်သူလည်းဟင်” ဟု မေးကြည့်ရာ ထိုဈေးသည်က ”အဲဒါ ဈေးခေါင်းလေ၊ V.I.P ပေါ့တဲ့” ”ဘုရား…ဘုရား”။

တစ်ခါကလည်း ဌာနခွဲမှူးဦးဝင်းမြင့်သည် ရုံးက ထုတ်ပေးထားသည့် (B-600)မာဇဒါလေးဘီးကားလေး ဖြင့် ရွှေတိဂုံဘုရား မြောက်ဘက်မုခ်ကတက်ရန် ကား ပါကင်ထိုးနေစဉ် လုံခြုံရေးဝန်ထမ်းတစ်ဦး အပြေးရောက် လာပြီး ”ဒီမှာ …ဒီမှာ …တခြားကားတွေ ရပ်ခွင့်မရှိ ဘူး။ ဒီနေရာကV.I.P ရပ်တဲ့နေရာ။ ခင်ဗျားရပ်ချင်ရင် ဟိုဘက် ကားပါကင်မှာ သွားရပ်တဲ့” ဦးဝင်းမြင့်ကလည်း ရိုသေစွာဖြင့် ”ဟုတ်ကဲ့ပါခင်ဗျာ”ဟု ယဉ်ကျေးစွာပြောဆို ပြီး အများရပ်ထားသည့် ကားပါကင်တွင် သွားရပ်ရပါသည်။

ကားပါကင်၌ ကားရပ်ထားပြီး ဘုရားတက်ရန် လှေကားရှိရာလမ်းလျှောက်လာပြီး V.I.P ဟု သတ်မှတ် ထားသည့်နေရာကို လျှပ်တစ်ပြက် လှည့်ကြည့်လိုက်စဉ် ကားတစ်စီးထိုးဝင်လာသဖြင့် လုံခြုံရေးဝန်ထမ်းမှာ အပြေးအလွှားသွား၍ ပိတ်ထားသည့် သံပန်းကို ဖယ်ရှားကာ ကားပါကင်ထိုးရန် ယာဉ်ထိန်းရဲသဖွယ် လက်ပြပေးနေသည်ကိုတွေ့ရ၍ ဘယ်သူလည်းဟ၊ ဘယ်က V.I.P လည်းမသိဘူးဟု သိလိုသဖြင့် လုံခြုံရေး ဝန်ထမ်းအနီးသို့ ကပ်ပြီး ”ဆရာ အဲဒါ ဘယ်သူလည်းဟင်”ဟု မေးမြန်းလိုက်သည်ကို လုံခြုံရေးဝန်ထမ်းက ဟန်ပန်အမူအရာဖြင့် ခင်ဗျားကလည်း စပ်စုလိုက်တာ ”အဲဒါ ကျုပ်တို့ဘုရားက ဂေါပကလူကြီးဗျ” သိလားတဲ့။ ”သြော် ဘုရား ဘုရား” ဟု ထပ်တမိပါသည်။

တစ်ခါကလည်း မိတ်ဆွေတစ်ဦး၏သမီး မင်္ဂလာဆောင်သို့ ဇနီးဖြစ်သူနှင့်အတူ သွားရောက်ခဲ့ရာ ဦးဝင်းမြင့်တို့ ဇနီးမောင်နှံအား ရင်းနှီးလွန်းသောကြောင့် ထိပ်ဆုံးစားပွဲများတွင်V.I.P ဟုရေးထားသည့် ကတ်ပြားများထောင်ထားသည့် စားပွဲအနီးတွင် နေရာချပေးပါသည်။ ခေတ္တခဏတွင် သူငယ်ချင်းဇနီးမောင်နှံက V.I.P ဟု ယူဆရသည့် ဇနီးမောင်နှံနှစ်ဦးကို တလေးတစားခေါ်လာပြီး ထိပ်ဆုံး V.I.P စားပွဲတွင် နေရာချထားလိုက်သည်ကို တွေ့ရ၍ V.I.P ဆိုတာ ဘယ်သူလဲဟဟု သိချင်သဖြင့် ကြည့်လိုက်ရာ လွန်ခဲ့သော ဆယ်နှစ်ခန့်က ဦးဝင်းမြင့် ရုံးတွင် ရုံးအလုပ်လုပ်သွားသူဖြစ်ပြီး ယခုခေတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် ကြီးပွားနေသည့် V.I.P ကြီးဖြစ်နေ၍ မသိချင်ယောင်ဆောင်နေလိုက်ရပါသည်။ (ဘုရား.. ဘုရား V.I.P ဆိုပါလား။

READ  မပြောမဖြစ်လို့ ပြောဖြစ်နေရတဲ့ စကားတွေ အကြောက်အကန် မပြင်ချင်ရအောင် ၄၃၆ က ဘာကို ကာကွယ်ပေး ထားနေလဲ
အလားတူ ရန်ကုန်ဘူတာကြီးသို့ မန္တလေးက မိတ်ဆွေတစ်ဦးကို သွားကြိုခဲ့ရာတွင် ရထားဆိုက်ခါနီး ငါးမိနစ်အလိုတွင် ခရီးသည်ကြိုသည့် သံတံခါးကို ပိတ်ထားပြီး မည်သူ့ကိုမျှ ဝင်ခွင့်မပေးဘဲ ရှိနေစဉ် ရထားပေါ်က လူကြီးတစ်ဦးကို ယူနီဖောင်းဝတ်ဝန်ထမ်းများက ကြိုဆိုလာကြပြီးမှ ကျန်ခရီးသည်များကို ဝင်ခွင့်ပြုသဖြင့် ”ဘယ်သူလဲ”ဟု စပ်စုမေးကြည့်ရာ ”V.I.P ”တဲ့။ ”သြော် ..သြော်..သြော်”။

တစ်ခါကလည်း ရုံးပိတ်ရက်ဖြစ်သဖြင့် ဇနီးသည်အား ဗိုလ်ချုပ်ဈေးသို့ လိုက်ပို့ခဲ့ရာ ဗိုလ်ချုပ်ဈေး ဈေးရုံကြီး အလယ်လမ်းရှိ ဆိုင်ခန်းများကို ငေးကြည့်နေစဉ် စည်ပင်ဝန်ထမ်းများနှင့် စည်ပင်ရဲများရောက်လာကြပြီး ”ဘေးကို ကပ်ပေးပါ ဘေးကိုကပ်ပေးပါ” ဟု ပြောသံကြားရသဖြင့် ”ဘာလဲဟ”ဟု လှည့်ကြည့်လိုက်ရာ နိုင်ငံခြားသားအုပ်စု တစ်စုကို အနီးကပ်လုံခြုံရေးဝတ်ဆင်ထားသည့်သူများ ခြံရံလျက် ဈေးအတွင်း လမ်းလျှောက်လာကြသည်ကို တွေ့ရ၍”ဘာလဲဟ”ဟု စပ်စုမေးလိုက်ရာ ”V.I.P” တဲ့။ ”သြော် သြော် သြော်”။

တစ်ခါကလည်း မိတ်ဆွေတစ်ဦး၏ နာရေးကို လိုက်ပို့ခဲ့ရာတွင် နာရေးပြုလုပ်သည့် ခန်းမမှာ လူမသိ သူမသိ ခန်းမလေးထဲတွင် ရုပ်အလောင်းပြင်ဆင်ထားသည် ကို တွေ့ခဲ့ရပြီး အခြားခန်းမကြီးတစ်ခုတွင် ရုပ်အလောင်း ကို ပြင်ဆင်ထားသည်မှာ ခမ်းနားထည်ဝါနေပြီး အသုဘ လိုက်ပို့ကြသည့်သူများမှာလည်း ထိုင်စရာနေရာ မရှိသဖြင့် ခန်းမပြင်ပတွင် ရပ်နေကြရကြောင်း၊ လွမ်းသူ့ပန်းခွေကိုပို့ထားကြရာတွင်လည်း ခန်းမတစ်ခုလုံး ပြည့်နေပြီး ပန်းခြင်းတစ်ခု၏တန်ဖိုးမှာ သိန်းဂဏန်းထိပင် တန်ဖိုး ရှိလှပါသည်။ ဤမျှထိ အသုဘတစ်ခု ခမ်းနားလှသည်ကို တွေ့ရ၍ စပ်စုမေးမြန်းခဲ့ရာ ”V.I.P အသုဘတဲ့”။

ဌာနခွဲမှူးကြီး ဦးဝင်းမြင့်သည် ရုံးတွင် V.I.P လူကြီး များကို နေ့စဉ်တွေ့မြင်ရခြင်း၊ V.I.P လူကြီးများနှင့် ပတ်သက်သည့်ကိစ္စများကို ဆောင်ရွက်ပေးရခြင်း၊ ရုံး အခေါ်အဝေါ်အရ V.I.P ဟု ခေါ်နေကြ၍သာ V.I.P ဟု သတ်မှတ်နေရသည်။ ဦးဝင်းမြင့်သိထားသည့် V.I.P အစစ် အမှန်မှာ မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့များထဲမှ ဒုတိယ ဝန်ကြီးနှင့် အထက်အဆင့်ကိုသာ V.I.P ဟု သတ်မှတ်ထား ကြသော်လည်း ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများမှစ၍ မိမိထက်ရာထူးတစ်ဆင့်မြင့်သူ၊ လုပ်ပိုင်ခွင့် ရှိသူများကို V.I.P ဟု ခေါ်ဝေါ်နေကြလျက်ရှိနေပါသည်။

ပို၍ဆိုးနေသည်မှာ အစည်းအဝေးများတွင် ဌာနဆိုင်ရာ လူကြီးများနည်းတူ ပြင်ပလုပ်ငန်းရှင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ကိုလည်း V.I.P များနည်းတူ ဆက်ဆံနေရခြင်း၊ နေရာချ ထားပေးရခြင်း၊ ထိုသူများရှေ့တွင် မျက်နှာကိုဖြီးနေအောင် ပြုံးထားရခြင်း၊ ခေါင်းငုံ့သွားရခြင်းများကြောင့်V.I.P ဆို သည့်စကားသံကို မကြားချင်လောက်အောင် ခံစားနေရပါသည်။ မကြားချင်လို့မှ မရပါ။ ဝန်ထမ်းဆိုသည်မှာ ဝန်များကို ထမ်းနေရသူဖြစ်ပါသည်။

သို့သော် ဌာနခွဲမှူးကြီး ဦးဝင်းမြင့်သည် V.I.P ဆိုသည့် စကားသံကို မကြာမီရက်များအတွင်းတွင် ကြားချင်သည်ဆိုတာတောင် မကြားရတော့ပါ။ အဘယ် ကြောင့်ဆိုသော် ဦးဝင်းမြင့်သည် အသက် (၆ဝ) ပြည့်ရန် လေးလခွင့်ကြိုတင်ခံစားရတော့မည်ဖြစ်ပါ၍ မကြာမီ သူကျင်လည်ခဲ့ရသည့် V.I.P လုပ်ငန်းကြီးနှင့် အပြီးအပိုင် ခွဲခွာရပါတော့မည်။ နောက်ဆုံး ဦးဝင်းမြင့်သည် မကြာမီ ရက်များတွင် ကြိုတင်ခွင့် လေးလကို ခံစားရပြီး ဝန်ထမ်း များကလည်း နှုတ်ဆက်ပွဲများဖြင့်ဧည့်ခံလျက် အမှတ်တရ လက်ဆောင်ပေးခြင်းများ ပြုလုပ်ပေးမလားဟု တွေးထင်ထားသော်လည်း မည်သူမျှလုပ်ပေးမည့်သူ မရှိသောကြောင့် နှစ်ပေါင်း ၄ဝ လုံးလုံး သံယောဇဉ်တွယ်တာလာရသည့် မိခင်ဌာနကြီးကို လူမသိ သူမသိ ထွက်ခွာလာခဲ့ရပြီး (V.I.P)နှင့် သံယောဇဉ်ဖြတ် ခွဲခွာလိုက်ပါတော့သည်။

READ  ပန်းခြံတွင်း၌ လမ်းလျှောက်ခြင်း
ဌာနဆိုင်ရာတွင် နှစ်ပေါင်း ၄ဝ နီးပါးတွေ့ကြုံခဲ့ရ သည့် ”V.I.P” ပေါင်းများစွာတို့ကို ဖြတ်သန်းခဲ့ကာ ဌာနဆိုင်ရာ၌သာ ”V.I.P” ရှိသည်မဟုတ်ပါ။ ဈေးထဲတွင် လည်းကောင်း၊ ဘုရားတွင်လည်းကောင်း၊ မင်္ဂလာဆောင် အခမ်းအနားများတွင် လည်းကောင်း၊ ယာဉ်ရပ်နားရာတွင် လည်းကောင်း၊ အသုဘတွင်လည်းကောင်း (V.I.P) မျိုးစုံ ရှိနေကြရာ ဌာနခွဲမှူးကြီး ဦးဝင်မြင့်(ငြိမ်း)သည် ”V.I.P” ပေါင်းစုံကို မြင်တွေ့ကြုံတွေ့ခဲ့ရခြင်းကြောင့် ”V.I.P” ဆိုသည့်အသံကို မကြားချင်တော့သည်အထိ မုန်းတီးခဲ့ သူဖြစ်ပါသည်။

ဌာနခွဲမှူး ဦးဝင်းမြင့်(ငြိမ်း)သည် မိမိကိုယ်မိမိ ရာထူးတစ်ဆင့်တက်သွားခြင်းကို ခံရပါသည်။ ထိုရာထူးမှာ (ငြိမ်း)ဆိုသည့် အငြိမ်းစားရာထူးပင်ဖြစ်ပါသည်။ အငြိမ်းစားကြီး ဦးဝင်းမြင့်သည် ကြိုတင်ခွင့် လေးလ ခံစားနေရစဉ် နံနက်မိုးလင်းသည်နှင့် ရုံးသွားရန်ပြင်ဆင် နေသည်ကို ဇနီးသည်က တွေ့သွားပြီး ”အဖေကြီး ဘယ်လဲ၊ ကိုယ့်ကိုယ်ကိုယ် အငြိမ်းစားယူလိုက်ရတာ မသိဘူးလား” ဟု ဇနီးသည်ပြောမှ ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေစဉ် ”အေးဟ..ငါ..မနေ တတ်ဘူး..ဘာလုပ် ရမှန်းလည်းမသိဘူး..”ဟုပြောပြီး ပက်လက်ကုလားထိုင်တွင် ထိုင်ချလိုက်ပါသည်။ ထို့နောက် အငြိမ်းစား ဦးဝင်းမြင့်သည် နေအိမ်တွင် တစ်နေကုန် TV ကြည့်လိုက်၊ ညဘက် ဘုရားစာဖတ်လိုက်၊ တရားထိုင်လိုက်နှင့် တစ်နေ့တာအချိန်တွေကို ကုန်ဆုံးစေခဲ့ရပြီးဖြစ်သော် လည်း နားထဲတွင် ”V.I.P” ….”V.I.P”ဆိုသော စကားသံကိုသာ ကြားယောင်နေမိသောကြောင့် နားနှစ်ဖက်ကို ဇွတ်ပိတ်လိုက်ပါတော့သည်။

သို့ဖြစ်၍ အငြိမ်းစားကြီးဦးဝင်းမြင့်သည် ရက်ကြာပါများသော် ”V.I.P”ဆိုသည့်အသံကို မကြားရသဖြင့် ဝမ်းသာပီတိဖြစ်နေချိန်တွင် နယ်၌ တာဝန်ထမ်းဆောင်နေသည့် သားမိသားစုသည် နွေရာသီရုံးပိတ်ရက် အလည်လာရောက်မည်ဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားလာပါသည်။ အငြိမ်းစားကြီး ဦးဝင်းမြင့် ကလည်း တစ်ဦးတည်းသောသားနှင့် ခွဲခွာနေရသည်မှာ နှစ်အတော်ကြာနေပြီဖြစ်၍တစ်ကြောင်း၊ မြေးဦးလေး ကိုလည်း တွေ့လို၍တစ်ကြောင်းဖြင့် စောင့်မျှော်နေစဉ် နံနက်ခင်းတစ်ချိန်၌ ဇနီးဖြစ်သူ၏ ပြောသံကိုကြားလိုက်ရသဖြင့် ဦးဝင်းမြင့်၏နားထဲတွင် သံရည်ပူနှင့် လောင်းထည့်လိုက်သလို ခံစားလိုက်ရသည့်စကားသံမှာ ”ဖေကြီးရေ ညနေ သားတို့မိသားစု ရောက်လာလိမ့်မယ်၊ ”V.I.P” ပါလာမယ်တဲ့။ အမလေး ..”V.I.P”ဆိုပါလား၊ ကြောက်ပါပြီ V.I.P ရယ်။ ”အငြိမ်းစားကြီး ဦးဝင်းမြင့် အကြောက်ကြီးကြောက်သော V.I.P မှာ အဘိုး အဘွား တို့၏ အသည်းစွဲဖြစ်သော၊ အဘိုး အဘွားများကို အနိုင်ယူသော၊ လိုချင်တာမရလျှင် ရအောင်ဝယ်ပေးရသော၊ မိသားစုတစ်ခုလုံးက ကြောက်နေရသော မြေးဦး V.I.P လေးပင်ဖြစ်ပါသည်။

အငြိမ်းစားဝန်ထမ်းဟောင်းကြီး ဦးဝင်းမြင့်သည် နှစ်ပေါင်း ၄ဝ နီးပါးအထိ ”V.I.P”မျိုးစုံကို ကြုံတွေ့လာခဲ့ရပြီးနောက် အဆိုပါ ”V.I.P”များကို နည်းမျိုးစုံဖြင့် ရှောင်လွှဲရန် ကြိုးစား၍ရခဲ့ပြီး မည်သည့် ”V.I.P”ကိုမျှ မကြောက်ခဲ့ရသော်လည်း ယခုကြောက်ရမည့် ”V.I.P” တစ်ခုမှာ မကွယ်လွန်မီအထိ အမြဲတမ်းတွေ့ဆုံနေရမည့် မြေး ”V.I.P”ပင်ဖြစ်ပါတော့သည်။ သြော်..”V.I.P” ဆိုတာ.. သေသည့်တိုင်အောင်.. ”V.I.P” အတန်း အစားများ ရှိနေပါသေးလား။
Credit: ကြေးမုံသတင်းစာ (၂၈.၇.၂၀၁၆)

No comments:

Post a Comment